ဗိုလ်ချုပ်တွေကို ကမ္ဘာ့တရားရုံးတင်ဖို့၊ ၂၀၁၀အရ ပေါ်ပေါက်လာမဲ့ လွှတ်တော်နှင့် အစိုးရကို အသိအမှတ် မပြုဖို့၊ တစ်ဆက်တည်းမှာဘဲ ကြံ့ဖွတ်အစိုးရ ပြုတ်ကျပြီး လူထုအစိုးရ ပေါ်ထွန်းလာဖို့ ကျရာနေရာက ကြိုးပမ်း လုပ်ဆောင်နေကြတာကို အလေးပြုပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေခြင်းလည်း ဖြစ်ပါတယ်။
Friday, February 25, 2011
နိုင်ငံရေးအတွေးအခေါ်
ဗိုလ်ချုပ်တွေကို ကမ္ဘာ့တရားရုံးတင်ဖို့၊ ၂၀၁၀အရ ပေါ်ပေါက်လာမဲ့ လွှတ်တော်နှင့် အစိုးရကို အသိအမှတ် မပြုဖို့၊ တစ်ဆက်တည်းမှာဘဲ ကြံ့ဖွတ်အစိုးရ ပြုတ်ကျပြီး လူထုအစိုးရ ပေါ်ထွန်းလာဖို့ ကျရာနေရာက ကြိုးပမ်း လုပ်ဆောင်နေကြတာကို အလေးပြုပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေခြင်းလည်း ဖြစ်ပါတယ်။
ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ဇူလိုင်လထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ သံလွင်အိပ်မက်မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သံဃာ့အဖွဲ့အစည်း ကို အကောင်းဆုံး ခေါင်းဆောင်မှုပေးခဲ့ပုံတွေကို လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ ရိုးရိုးလေးရေးခဲ့တာပါ။ ဒီဆောင်းပါးလေးကို ရေးဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက ဒီလိုပါ …။ ကျွန်တော်စင်ကာပူမှာရှိနေတုန်း ကျွန်တော်၊ ဇင်ကိုလတ်၊ ကိုငယ်တို့နေကြတဲ့ အိမ်ကို သံလွင်အိပ်မက်အတွက်ဆိုပြီး စာအိတ်တစ်အိတ်ရောက်လာပါတယ်။ စာမူပို့တာပါ။ အဲဒီံစာအိတ်ထဲမှာက သံလွင်အိပ်မက်အနေနဲ့ ဗုဒ္ဓဘာသာတွေဖြစ်တာကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထည့်သင့်တဲ့အကြောင်း တွေကို နိဒါန်းပျိုးထားပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ စာမူနှစ်ပုဒ်ကိုပို့ထားပါတယ်။ အဆင်ပြေရင် သုံးမယ်လို့စဉ်းစားပေမယ့် ကျွန်တော်တို့တွေမကြိုက်တာကြောင့် ၊ နောက်ပြီး သံလွင်အိပ်မက်ရဲ့ လမ်းကြောင်းနဲ့ နဲနဲသွေဖယ်နေတာကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သံလွင်အိပ်မက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းကိုထည့်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဘာသာရေးဆိုင်ရာ စာမူတစ်ပုဒ် ထည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို ဖတ်နေတဲ့အချိန်နဲ့တိုက်ဆိုင် နေတာကြောင့် အားလုံးက `မင်းရေးလိုက်ကွာ´ ဆိုပြီး ၀ိုင်းပြောကြတာနဲ့ … ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် သံလွင်အိပ်မက်ဟာ လူငယ်တွေအတွက် အဓိက ရည်ရွယ်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုပဲ ဦးတည်ပြီးရေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီး ဒီဆောင်းပါးလေးကို အဲဒီလိုပုံစံလေးအတိုင်းရေးဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်က ရေးထားတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့စာ ဖြစ်တာကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းနဲ့ … ကျွန်တော်ရေးခဲ့တဲ့စကားလုံးတိုင်း အတွက် ကျွန်တော်လုံးဝ တာဝန်ယူ ပါကြောင်း ...။
ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)
ကျွန်တော် စာစဖတ်စအရွယ်မှာ အိမ်အနီးအနားပတ်ဝန်းကျင်ကစာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန့်တော့်အဖိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့စာပေဗိမာန်ကြီး တွေလိုဖြစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင်လေးတွေ ကတော့ ကာတွန်းတွေ၊ ပုံပြင်လေးတွေ နဲ့ စာတိုပေစလေးတွေကိုဖတ်ရပြီး၊ အဖိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို အဓိကဖတ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် မြင့်မားလှတဲ့ ဗုဒ္ဓဒဿနတွေကိုဖတ်ပြီး မဖြစ်စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေလုပ်မိလို့လည်း အဖိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဖိုးနဲ့ အဖိုးရဲ့စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို မိရိုးဖလာ ယုံကြည်ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက် ကျော်ပြီး နားလည်သဘောပေါက်ခွင့်ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြသွန်သင်မှုကို အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာ ဘက်ကိုဦးစားပေးတဲ့ ၀ိပဿနာလိုင်းကို သိပ်မလိုက်စား မိပေမယ့်၊ လောကီလူ့ဘ၀မှာ တရားတော်နဲ့အညီ ဘယ်လို ကျင့်ကြံပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတာတွေကို အဓိကလေ့လာဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့်သံဃာတော်ပေါင်း အထောင် အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ် ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့ စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာ အဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသာ ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့မယ်ဆိုရင် လောကလူ့အဖွဲ့အစည်းကြီး ကိုလည်း အောင်မြင်ပြည့်ဝတဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်မှာသေချာတယ်လို့လဲ တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားစဖြစ်တဲ့ အချိန်ကစပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန်အထိ ၀ါတော်၄၅၀ါပတ်လုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားစည်ပင်ရေးအတွက် သံဃာတော် အမြောက်အများပါဝင်တဲ့ သံဃာအဖွဲ့အစည်းကြီးကို ဘယ်ပုံဘယ်နည်းနဲ့ စီမံခန့်ခွဲတော်မူခဲ့တယ် ဆိုတာကို ကျွန်တော်တို့လေ့လာသုံးသပ်ရင်း လောကီ့လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးတွေကို ထုတ်ယူကြည့်ကြ ရအောင်ပါ။
ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက် မိဂဒါဝုန်တောကိုကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...
``ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။´´
လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...
``ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။´´ လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့ ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင် တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်ဖို့အတွက် တရားတော်တွေကို လက်ဆင့်ကမ်းဆောင်ယူ ဟောကြားပေးကြမယ့် သံဃာအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင် ပြောလို့ရပါတယ်။ လောကလူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်မယ့် နောက်လိုက်နောက်ပါ အားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုတစ်ခုရှိနေအောင် စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဟာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည် လိုက်ကြတာမျိုး မဟုတ်ဘဲ အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒါကြောင့်လဲ အရွယ်ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာတရားတော်ကို ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကိုနမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်တောင် သစ္စာလေးပါး တရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသား ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ မူကို ဘယ်လိုမှမကျင့်သုံး ထိုက်ဘူးဆိုတာ သတိပြုသင့်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ အရှင်မြတ်တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သောဌာနတွေဆီ ဒေသစာရီကြွချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေစေခဲ့ပါတယ်။ အဲဒီ ဒေသစာရီကြွချီရာ အရပ်တွေက ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင် လာကြရပါတယ်။ အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့ အဆင်မပြေမှုတွေရှိလာတာကြောင့် ဗုဒ္ဓဟာ ...
``ရဟန်းတို့ ... ယခုအခါမှစ၍ ထိုထိုသောအရပ်မျက်နှာ၊ ထိုထိုသောမြို့ရွာဇနပုဒ်တို့၌ သင်တို့ ဘာသာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရားခွင့်ပြုတော်မူ၏။ ´´
ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။
ဒါဟာလည်း ... အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ ရှိသမျှလုပ်ပိုင်ခွင့် အာဏာတွေအားလုံးကို ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင်ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စအရပ်ရပ်ဟာ လစ်ဟာမှုတွေမရှိပဲ အဆင်ပြေချောမွေ့နိုင်မှာပါ။ ဒါပေမယ့် တာဝန်တစ်ရပ် လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့ ထိုက်တန်တဲ့အရည်အချင်းတွေရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသောပုဂ္ဂိုလ်ရေး ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲတော်ရံ အဂ္ဂသာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာဖြစ်ပြီး၊ လက်ယာတော်ရံကတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ အခြားသောရာနဲ့ချီတဲ့ ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ၀င်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို နောက်မှရောက်လာပေမယ့် နောင်မှာ အဆိုပါအဂ္ဂသာဝကကြီး နှစ်ဦးဖြစ်လာမယ့် မင်းသားနှစ်ပါး အဝေးမှလာသည်ကို မြင်ကတည်းက ဗုဒ္ဓဟာ ...
``ရဟန်းတို့ ... ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံတည်း။ ´´
ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်းနှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံအဂ္ဂသာဝကနှစ်ပါးအဖြစ် ထားရှိခဲ့ပါတယ်။
အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကိုတွေ့ရပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှစ်လျှူရှုထားမယ်ဆိုရင် အဲဒီ့အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောင်းလာနိုင်စရာမရှိပါဘူး။ ကမ္ဘာနိုင်ငံ အရပ်ရပ်က အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့်မယ်ဆိုရင် အသီးသီးသော ကဏ္ဍတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အသင့်တော်ဆုံးသောသူတွေကို ရွေးချယ်ခန့်ထားနိုင်ကြတာ တွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့် အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေရာပေး နိုင်ခြင်းရှိ မရှိဆိုတဲ့အချက်ဟာ အဖွဲ့အစည်းတစ်ခု ရဲ့ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။
ဗုဒ္ဓဘုရားရှင်ဟာ သံဃာအဖွဲ့အစည်းကြီးအဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့ အတွက် ၀ိနည်းပညတ်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန်ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို ကာလဒေသအခြေအနေနှင့် လိုက်ပြီး လျော့လွန်းသည်များကို တင်းပေးပြီး၊ တင်းလွန်းနေသည်များကို လျော့ပေါ့ခွင့်ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း သံဃာအဖွဲ့အစည်း ကြီးရဲ့ ရေရှည်အကျိုးကို ချင့်ချိန်မျှော်တွေးပြီးလုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါတိုင်တိုင် မိမိရဲ့ဥပဇ္ဈယ်ဆရာများထံ နိဿယည်းယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန် ပညတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါသိက္ခာပုဒ်ကို ပျက်မှာစိုးတဲ့အတွက် ဘုရားရှင်ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ လိုက်ပါဖို့ကိုငြင်းဆန်ကြပါတယ်။ အဲဒီအခါမှာ ...ဗုဒ္ဓက ...
`` ရဟန်းတို့ တတ်သိနားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်။ ´´ ဟုမိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ပါတယ်။
ဒါဟာ လူအဖွဲ့အစည်းထဲက လူသားခေါင်းဆောင်တွေနေနဲ့ အင်မတန်ကို နမူနာယူစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့် မူဝါဒတွေရှိရမယ်ဆိုတာမှန်ပေမယ့် အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ အခါအားလျှော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေကိုတော့ ကာလဒေသနဲ့အညီ လိုအပ်ရင်လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့လိုပါတယ်။ ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက ကိုယ့်ကိုပြန်လည်ချုပ်နှောင် နေတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှုရှိ မရှိ ဆိုတဲ့အချက်က အဓိကကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် မိမိကိုယ်တိုင်ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ပဲ အမြဲမပျက်ပြင်ဆင်ဖြည့်စွက်နေတယ်ဆိုတဲ့ အချက်က ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ငါစွဲ၊ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့စိတ်ကို ဒီလူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရ ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊ သူကငါ့အပေါ်ကျေးဇူးရှိလို့၊ သူကငါနဲ့ရင်းနှီးလို့ စတဲ့ လူမှုရေးဆိုင်ရာခင်မင်မှုတွေအတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို လိုသလို အတင်းအလျှော့ လုပ်နေတာမျိုးဖြစ်မနေဖို့ပါ။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားဖြစ်ပြီး ၉၀ါမြောက်အချိန်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်က
`` ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။´´
ဟု နှစ်ကြိမ်တိုင်တိုင်ရေရွတ်တော်မူခဲ့ရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို ကုန်အောင်မသုံးမိပဲ ရေကျန်ထားခဲ့တာကို ၀ိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့် တယ်လို့အဆိုပြုရာကနေ စခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် သူမှားတယ်၊ ငါမှန်တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်းပရိသတ်အသီးသီး စုဆောင်းကြရာကနေ ၀စီကံမြောက်၊ ကာယကံမြောက် ခိုက်ရန်ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို ရောက်ခဲ့ကြပါတယ်။ နောက်ဆုံး ဒေါသမာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါးတည်း ထွက်ခွာတော်မူသွားခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို ထွက်ခွာသွားအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို တကာ၊ တကာမတွေက ခရီးဦးကြိုမှုမပြုတော့ခြင်း၊ ရိုသေလေးမြတ်မှုမပြုတော့ခြင်း၊ ဆွမ်းလောင်းလှူမှုမပြုတော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို ပြန်လည်ပင့်ဆောင် ပေးဖို့ အရှင်အာနန္ဒာ ကို လျှောက်ထားတောင်းပန်ကြရပါတော့တယ်။ အဲဒီမှာ အရှင်အာနန္ဒာလဲ ဘုရားရှင်ကိုပြန်လည် ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့ အတူ ပါလိလေယျက တောအုပ်ကို ထွက်ခွာလာခဲ့ပါတယ်။ ပါလိလေယျတောအုပ်မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
``ရဟန်းတို့ ... အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းသည်မြတ်၏။ လူမိုက်အပေါင်း ထောင်သောင်းမကရှိသော်လည်း ပေါင်းသင်း ထိုက်သူတစ်ယောက်မျှမရှိပေ။ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည် စိတ်လွတ်ကိုယ်လွတ်ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသော အားဖြင့် ရှောင်ကြဉ်ရာ၏။ ´´
လောကလူ့အဖွဲ့အစည်းမှာလည်း တခါတခါ အဲဒီလိုအဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်း အ၀န်းအ၀ိုင်းအတွင်းမှာ လူဆိုးလူမိုက်တွေ ထောင်သောင်းမကရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖြပေးလို့ မရနိုင်တော့တာသေချာရင် အဲဒီ့အရပ်ကနေ အနှေးနဲ့ အမြန်စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း မဖြစ်ရအောင် ဝေးဝေးကရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူ တွေကို ဘယ်လိုမှပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ တညီတညွတ်တည်း ခဏတာဖယ်ထုတ်ထား လိုက်ခြင်းဟာ သူတို့ကိုပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။
နောက်ပိုင်းမှာ အဆိုပါရဟန်းတွေက သူတို့ရဲ့အမှားကို ဆင်ခြင်သိမြင်ကြပြီး ၀န်ချတောင်းပန်တဲ့အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော်မူခဲ့ပါတယ်။ ဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါပဲ။ အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့မရနိုင်တဲ့ အပြစ်အနာအဆာမဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ ၄၅၀ါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပျိုးထောင်တော်မူနိုင်ခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊ သိက္ခာပုဒ်တွေ၊ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင် ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို တစ်လမ်းသွားစနစ်မဟုတ်ပဲ အကြီးနဲ့အငယ်၊ အထက်နဲ့အောက် အပြန်အလှန်ကူညီရိုင်းပင်း ကြတဲ့ မိသားစုစိတ်ဓာတ်အသွင်ဖြစ်နေအောင် သွန်သင်လမ်းပြ ဆုံးမတော်မူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ လောကီလူသားတွေအားလုံးလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စံပြခေါင်းဆောင်မှုစွမ်းရည်တွေကို စံနမူနာ ယူကြပြီး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။
စာကိုး။ ။ ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း ပထမတွဲ။
ကွန်ယက်ထူထောင်းကြမယ်ဆိုလို့... တွေးလိုက်မိတယ်ဗျာ...

ဘာလုပ်ဖို့ ဘယ်ကနေအကြောင်းဖန်လာမလဲ ဒါကတော့ ကိုယ့်လုပ်စရာရှိတာ စုစု စည်းစည်းလုပ်ရင်က သတိကြီးကြီးနဲ့ စောင့်ကြည်ထားပေါ့။ ခဏ လား တော်ကြာလား မသိဘူး တခုခုတော့ လူတွေအများက လုပ်ကြမယ်ဆိုပဲ။ ဒါက ကွန်ယက်အလုပ်တစ်ခုဆိုရင်တော့ ၀ိုင်းသာလုပ်ကြဟေ့။ ဦးဆောင်သူတွေက မှားနေလား ဘေးပြောတာမယုံနဲ့ သွေးပြောတာကို ယုံရမယ်မဟုတ်လားဗျ။ အဲလိုမဖြစ်ရင်ဟိုလိုလုပ်ကြတာပေါ့ ဗျာ။ ကိုယ်နဲ့ ချိပ်လို့ ရသူတဲ့ ဆွေးနွေးကြည်ပေါ့ အဖြကတွေးကြရုံမှမရတာလဲရှိတာပဲ။ ပညာတော့ တော်တော်ပါလာပြီနော် နောက်မှ ဟိုလိုဖြစ်ရမှာ ဒီလိုဖြစ်ရမှာ မပြောကြေး။ မကောင်းတတ်လို လိုက်လုပ်နေတာလား သနာစရာပဲ။ ကဲကဲ အိမ်မှာသာ ပြန်အိပ်နေချေ။ နိုင်ငံတော့က ထမင်းကြွေးဖိုရှိရဲ့ ဒီမိုကရေးစီရမှလေ အခြားတိုးတက်တဲ့ နိုင်ငံတွေမှာလိုပေါ့။
လုပ်စရာဆိုတာ ကိုယ်လာထိမှလုပ်တဲ့သူက အများသာဗျ။ အမှန်ကို မသိတာတွေရှိတယ်လေ ပညာရေးသည်ဝေးသည်မရှိ လိုမြန်မာအသံမှာ ပြောနေတာမကြာဘူးဖူးလား။ အသိတရား ရှိသူတွေပြောတာကို နာထောင်းတတ်ရင် သိလားတယ်ပြောတာပဲ။ များများသိဖို့လိုတာမှန်ပေမဲ့ ကိုယ်ဘာလုပ်ရမလဲသိဖို့နဲ့ လုပ်ဖြစ်ဖို့က အဓိကမဟုတ်လား။ သိရင်တော့ ကိုယ်လာထိတာ စောင့်မနေနဲ့ ကိုယ်ကသာ ပြေးထိလိုက်ကြပေါ့။ ဒါမှ မြန်မြန်မာမာ ဆိုတဲ့ ဗမာနိုင်ငံသားတွေ က အခြားသူတွေကို ကျေးဇူးပြုရာ ရောက်တော့မှာမဟုတ်လား။ အဖေက အားလုံးကို ကိုယ်စားပြုထားတာ ပင်လုံကို ရေဆွဲအပြီး လူနဲ့တူအောင်ထားခဲတာလေ။ ကိုယ့်လက်ထဲရောက်မှ ၀ိုင်းဆွဲလို့မပြဲစေနဲ့ ဒါကြောင့်လည် ကွန်ယက်လုပ်တာပဲ ပင်လုံစိတ်ဓါတ်ကူးဆက်ဖို့လိုတာကိုး။ အင်းပြောရရင်တော့ အရှည်ကြီးပဲ။ ကဲ့အိပ်လိုက်အုန်းမယ်။ လင်ကြက်တွန်ရင် ကွန်ယက်ဆက်ယက်ကြရအုန်းမယ်မဟုတ်လား။
Thursday, February 24, 2011
၂၅၊၀၂၊၂၀၁၁ ဖတ်ရန်သတင်းများ via Myanmar Journal
အကျဉ်းကျ သံဃာများ ဆွမ်းကွမ်း ခက်ခဲ(BBC)
ရောစ့်ဒန်ကလေကို ရုံးထုတ်
လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ် ပြစ်ဒဏ်ပေးခံရ
ဦးတေဇ ရန်ကုန်ပြန်ရောက်
လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားရေးရုံး တနှစ်တိုးဖွင့်မည်
စကားကျွံ၍ မြို့တော်ဝန် အခက်တွေ့
အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်
အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley
နိုင်ငံရေးသမားဆိုတာ မူဝါဒတခုကို ဆုပ်ကိုင်ထားဖို့ လိုတဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန် အခြေစိုက် အရည် အချင်း မြှင့်တင်ရေး သင်တန်းကျောင်း တခုဖြစ်တဲ့ Egress Myanmar က လူငယ်တွေကို ဒီကနေ့ သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။
ဟိုပါတီ မကောင်းလို့ ဒီပါတီပြောင်း၊ ဟိုဝါဒ မကောင်းလို့ ဒီဝါဒ ပြောင်းတယ်ဆိုတာ လွယ်လွယ် မလုပ်သင့်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ပါတီ သုံးလေးခု ပြောင်းပြီး အသက်ကြီးပေမယ့် အချိန်မစီးတဲ့သူတွေ ရှိနေတဲ့ အကြောင်း လူငယ်တွေကို ဒေါ်စုက ပြောခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ဒေါ်စုနဲ့အတူ ရှိနေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
တနာရီကျော်ကြာ လူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးမှုမှာ မျက်မှောက်ခေတ် နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုတွေ ဖြစ်တဲ့ လွှတ်တော်တွေ ပေါ်လာတာ၊ အတိုက်အခံတွေ အနေနဲ့ လွှတ်တော်ထဲမှာ ပြောဆိုခွင့်တွေ ရှိလာတာ၊ ရာထူးရာခံ ရလာတာတွေကို လူငယ်တွေက ပြောဆို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်တွင်းနိုင်ငံရေးရှိသလို လွှတ်တော်ပနိုင်ငံရေး လည်း ရှိတယ်ဆိုတဲ့ အကြောင်းနဲ့ သူနဲ့ NLD ပါတီဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို ဆောင်ရွက်နေတဲ့ အကြောင်း၊ လွှတ်တော်တွင်း ရောက်ရှိနေကြတဲ့ ရွေးကောက်ပွဲ မတိုင်ခင်က လူထုက ကတိစကား အမျိုးမျိုး ပေးထားကြတဲ့ လွှတ်တော်အမတ်တွေရဲ့ ပြောရေးဆိုခွင့် ဘယ်လောက် ရှိကြတယ်၊ သူတို့ ပေးထားတဲ့ ကတိအတိုင်း တကယ် လုပ်ဆောင်တယ်၊ မလုပ်ဆောင်ကြဘူး ဆိုတာကို စောင့်ကြည့်သင့်တဲ့ အကြောင်း လူငယ်တွေကို သတိပေး ပြောကြားခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
တခါ တပ်မတော်သား လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ပါတီဝင်လွှတ်တော်အမတ်ပဲဖြစ်ဖြစ် နိုင်ငံရေး လုပ်ကြပြီဆိုရင် ပြည်သူလူထုကို ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံဖို့ လိုတယ်၊ အဲဒီလို တကယ် ဆက်ဆံလား မဆက်ဆံဘူးလားဆိုတဲ့ ပေတံနဲ့ တိုင်းတာ သင့်တယ်လို့ ဒေါ်စုက Egress Myanmar က လူငယ်တွေကို ရင်းရင်းနှီးနှီး သင်ကြား ပို့ချခဲ့တယ်လို့ သိရပါတယ်။
ပါဝင်ဆွေးနွေးခဲ့တဲ့ ဦးဝင်းထိန်ကလည်း လွှတ်တော်တွေဟာ လက်ရှိ စစ်အစိုးရရဲ့ ဗိုလ်ချုပ်ဟောင်းတွေကသာ ဦးစီးချုပ်ကိုင်ထားတဲ့အကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် လွှတ်တော်မှာ အမတ်တွေကို ပြောကြားခဲ့တဲ့ စကားတတ်တိုင်း ဆွေးနွေးတာမျိုးဟာ အကျိုးမထူးဘဲ အချိန်ကုန်တယ်ဆိုတဲ့ အပြောမျိုးဟာ အမတ်တွေရဲ့ ပါးစပ်တွေ ပိတ်ထားဖို့ ပြောတဲ့ သဘောဆောင်ကြောင်း ပြောတဲ့အပေါ် လူငယ်တွေက သဘောကျပြီး လက်ခံခဲ့ကြတဲ့အကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာမှာ Egress Myanmar က ဆရာတွေ အပါအဝင် လူငယ် ၁၁ ဦး ပါဝင်ပြီး၊ တနာရီကျော်သာ အချိန်ရလို့ လူငယ်တွေက နောက်ထပ်လည်း တွေ့ဆုံခွင့် တောင်းထားတယ်လို့ သိရပါတယ်။
နိုင်ငံရေး ပြစ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ သံဃာတော်တွေ အနေနဲ့ ဆွမ်းကွမ်းကိစ္စအပြင် အခက်အခဲမျိုးစုံကို တခြား နိုင်ငံရေး အကျဉ်းသားတွေထက် ပိုပြီး ကြုံတွေ့ နေကြရတယ်လို့ ဆိုပါတယ်။
သံဃာတော်တွေရဲ့ မိသားစု အများဟာ ကျေးလက်တောရွာတွေက ဖြစ်ကြလို့ ထောင်ဝင်စာ မှန်မှန် မတွေ့နိုင်ကြတာ များတယ်လို့ ၁၆ နှစ်ကျော် ထောင်ကျခံခဲ့ရသူ ဆရာတော် ဦးစန္ဒောဘာသ ကမိန့်ကြားပါတယ်။
သံဃာတော်တွေရဲ့ မိသားစုတချို့ဟာ ရပ်ဝေးဒေသကို မသွားရောက်နိုင်ကြသလို တချို့ကလည်း အာဏာပိုင်တွေက ဒုက္ခပေးမှာကို ကြောက်ရွံ့ပြီး မလာရဲကြလို့ ထောင်ဝင်စာ တွေ့မယ့်သူမရှိဘဲ သံဃာတော်တွေဟာ ဆွမ်းကွမ်းကိစ္စ အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
သံဃာတော်တွေဟာ ဝိနည်းနဲ့ အညီ မွန်းလွဲညစာ မစားကြရတဲ့ အတွက် အရည်အသွေးညံ့ဖျင်းတဲ့ ထောင်ထမင်းဟင်းကို တစ်နပ်ထဲစားပြီး အဟာရပြည့်စုံဖို့ ခက်ခဲတယ်လို့လည်း ဆရာတော် ဦးစန္ဒောဘာသက မိန့်ပါတယ်။
အဟာရ အခက်အခဲရှိတဲ့ အပြင် ဘာသာရေးအရ ချိုးနှိမ်မှုကိုလည်း ခံစားကြရတယ်လို့ ဆိုပါတယ်။ သံဃာတော်တွေကို သံဃာတော် ဘွဲ့အမည် မခေါ်ဝေါ်ယုံသာ မက ထောင်အာဏာပိုင်တွေလာရင် ခေါင်းငုံ့ဒူးထောင်ပြီး ပုံစံထိုင်ထိုင်ရတာဟာ ဘာသာရေး အရ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအရ ချိုးနှိမ်ခံရတာလို့ သံဃာတော်တွေက ခံစားကြရ ကြောင်းလည်း မိန့်ဆိုပါတယ်။
ဆရာတော် ဦးစန္ဒောဘာသာ ထောင်အကျဉ်းကျစဉ်မှာ ထောင်မှူးရဲ့ အမိန့်အရ ထောင်အမှုထမ်း တပ်ကြပ်ကြီးတယောက်က ပုံစံထိုင်ခိုင်းပြီး နောက်ကျောကို စစ်ဖိနပ်နဲ့ ခြောက်ချက် ကန်ကျောက်တာကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အကျဉ်းကျသံဃာတော်တွေအတွက် ကူညီဆောင်ရွက်ပေးတဲ့ တဦးချင်းပုဂ္ဂိုလ်တွေရှိပေမယ့် အဖွဲ့အစည်းနဲ့ စောင့်ရှောက်ကာကွယ် ကူညီမှုမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့လည်း လိုတယ်လို့ ဆရာတော် ဦးစန္ဒောဘာသက ဆိုပါတယ်။
မြန်မာတိုင်းမ်စ် သတင်းစာ အယ်ဒီတာချုပ်ဟောင်း ရော့စ် ဒန်ကလေ ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ကြာသပတေးနေ့က ရုံးထုတ်ခဲ့ပါတယ်။
သူ့ကို လူဝင်မှု ကြီးကြပ်ရေး ပုဒ်မ တစ်ခု ရာဇဝတ်မှု လေးခုတို့နဲ့ စွဲချက်တင်ခဲ့ တာဖြစ်ပါတယ်။
အဲဒီ အမှုတွေ အတွက် တရားရုံးက အာမခံ ပယ်ချ လိုက်ပြီး မတ်လ ၃ ရက်နေ့မှာ နောက်ထပ် ရုံးချိန်းပေး လိုက်ပါတယ်။
မစ္စတာရော့စ်ဒန်ကလေ ကို အသက် ၂၆ နှစ် အရွယ်စန္ဒာဝင်း ဆိုတဲ့ အမျိုးသမီး တစ်ယောက် က မစ္စတာ ဒန်ကလေဟာ သူ့ကိုအန္တရာယ် ရှိစေတဲ့ ဆေးဝါးတွေ တိုက်တယ်၊ တရားမဝင် ပိတ်ဆို့တားဆီးတယ်၊ ထိခိုက် ဒဏ်ရာ ရအောင် ပြုမူတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တရား စွဲခဲ့ တာပါ။
တရားရုံးမှာ အဲဒီ မိန်းကလေးရဲ့ ထွက်ဆိုချက် တွေနဲ့ ပတ်သက်ပြီး တရားရုံးကို ရောက်ခဲ့သူ တစ်ယောက်က ပြန်ပြောပြချက်တွေ အရ သိရပါတယ်။ မစ္စတာ ဒန်ကလေလို့ သူရည်ညွှန်းပုံ ရတဲ့ မျက်နှာဖြူ တစ်ယောက်က သူ့ကို ကား နဲ့တင်ပြီး အိမ်ခေါ်သွားပြီး အဖြူရောင် အမှုန့် ခပ်ထားတဲ့ ရေကို သောက်ခိုင်း ပြီးတဲ့နောက် သူ အိပ်ပျော် သွားခဲ့တယ်၊ တခါ နောက် တစ်နေ့မှာ သူရှိနေတဲ့ သိမ်ကြီးဈေးကို အဲဒီ မျက်နှာဖြူက လာခေါ်ပြီး ဆေး ခပ်ထားတဲ့ ရေကို ထပ်တိုက်လို့ သူအိပ်ပျော် သွားပြီး နိုးလာတော့ ကုတင် ခြေရင်းမှာ အဖြူရောင် အမှုန့်တွေကို မီးမြှိုက် ရှူနေတဲ့ သူ့ကို ခေါ်လာသူကို တွေ့တယ်၊ အိမ်ပြန်မယ်လို့ ပြောတော့ တားဆီးပြီး ဆေးမှုန့် တွေကို အတင်း ရှူခိုင်းတဲ့ အပြင် ခေါင်းကိုလည်း အုတ်နံရံနဲ့ တိုက် တယ် လို့ စွပ်စွဲ ပြောဆိုခဲ့ တာတွေကို ကြားခဲ့ရတဲ့ အကြောင်း တရားရုံးကို ရောက်ခဲ့ သူက ပြန်ပြော ပါတယ်။
တရားရုံးမှာ အပြန်အလှန် စစ်မေးပြီးတဲ့ အခါမှာ အမျိုးသမီးက သူ့ဘက်က စွဲဆိုချက် တွေကို ရုပ်သိမ်းလို တယ်လို့ တရားရုံးမှာ တင်ပြခဲ့ ပေမဲ့ တရားရုံးက ချက်ချင်း အဆုံး အဖြတ် မပေး နိုင်ခဲ့ဘူးလို့ လည်း ဆိုပါတယ်။
2011-02-24
နိုင်ငံရေးလုပ်တဲ့အခါမှာ လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပမှာလည်း နိုင်ငံရေးရှိရမှာ ဖြစ်တဲ့အတွက် NLD အဖွဲ့ချုပ်ဟာ ဒီနေ့ကာလမှာ လွှတ်တော် ပြင်ပ နိုင်ငံရေး လုပ်ဆောင်နေတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ မနက်မှာ ရန်ကုန်မြို့အခြေစိုက် မြန်မာအီးဂရက်စ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာအီးဂရက်စ်အဖွဲ့ဝင်တွေက အခုချိန်မှာ လွှတ်တော်ပေါ်လာတဲ့အပြင် အစိုးရအဖွဲ့လည်း ပေါ်လာပြီ ဖြစ်ကြောင်း ပြောဆိုဆွေးနွေးတယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ရှင်းပြလိုက်တာလို့ အထွေထွေ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
“ဒေါ်စု ရှင်းပြလိုက်တာကတော့ နိုင်ငံရေးမှာ လွှတ်တော်ထဲမှာ အတိုက်အခံ အပြင်ကို လွှတ်တော် ပြင်ပမှာ နိုင်ငံရေး ရှိသင့်တယ်၊ ရှိလည်း ရှိရမယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ ဥစ္စာက လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှု လုပ်နေတာ။ နောက်တခုက နိုင်ငံရေးသမား မှန်လို့ရှိရင် တပ်မတော်သားပဲဖြစ်ဖြစ်၊ ဘာပါတီကမဆို ပြည်သူလူထုကို မလှည့်ဖြားရဘူး၊ ရိုးသားဖြောင့်မတ်ရမယ်၊ အဲဒီ ရိုးသား ဖြောင့်မတ်တဲ့ ပေတံနဲ့ပဲ တိုင်းရမယ်ဆိုပြီး သူတို့ကို ရှင်းပြလိုက်တာပေါ့။ တော်တော်များများကတော့ ဘဝင်ကျသွားကြပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတဲ့ အီးဂရက်စ်အဖွဲ့မှာ သင်တန်းဆရာ တဦး အပါအဝင် သင်တန်းသူ သင်တန်းသားတွေနဲ့ စုစုပေါင်း ၁၁ ဦးလောက် ပါဝင်ပါတယ်။ သူတို့ကို အန်အယ်ဒီ ဌာနချုပ် ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပြပါတယ်။
“ဒီနေ့ အထွေထွေ အတွင်းရေးမှူးက မနက် ၁၁ နာရီမှာ မြန်မာ အီးဂရက်စ် သင်တန်းက သင်တန်းသား သင်တန်းသူ ၁၁ ယောက်၊ နောက် ပြည်တွင်းက ဆရာတယောက် အဖွဲ့ချုပ်ရုံးမှာ ရှိတဲ့ သူ့ရဲ့ ရုံးခန်းမှာပဲ လက်ခံပြီးတော့ တွေ့ဆုံပါတယ်။ တနာရီလောက် ကြာပါတယ်။ တက်ရောက်လာတဲ့ ကလေးတွေက အဲ လွှတ်တော်အကြောင်း၊ အစိုးရ ဖွဲ့စည်းတဲ့အကြောင်း၊ အဲဒီကိစ္စတွေ မေးကြပါတယ်။ အဲဒါကို အထွေထွေ အတွင်းရေးမှူးက စိတ်ရှည်လက်ရှည် ပြန်လည် ဖြေကြားပါတယ်။”
မြန်မာအီးဂရက်စ်အဖွဲ့က လူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ ၁၂ နာရီလောက်မှာ ပြီးဆုံးခဲ့ပါတယ်။
နေ့လည်ပိုင်းမှာ ပြုလုပ်တဲ့ အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာတော့ လာမဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပနိုင်ဖို့ ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လည် ၁ နာရီမှာ နိုင်ငံရေးနှင့် ဘောဂဗေဒ ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို အန်အယ်ဒီ ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစောနိုင်းနိုင်းနဲ့ စီးပွားရေးပညာရှင် ဦးမျိုးမြင့်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး လူကြီးလူငယ် တက်ရောက်သူ စုစုပေါင်း ၆၀ ကျော်လောက် ရှိပါတယ်။
နိုင်ငံရေးနဲ့ ဘောဂဗေဒ ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ ဦးဆောင် ဆွေးနွေးခဲ့သူတဦး ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောနိုင်းနိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
2011-02-24
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ မူဝါဒကို စာရေးသား ထုတ်ပြန်ပြီး ထောက်ခံခဲ့တဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အာဏာပိုင်တွေက ထောင်တွင်း ပြစ်ဒဏ်ပေးတဲ့ တိုက်ကို အခုရက်ပိုင်းက ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက အကြောင်းပြချက် တစုံတရာ မပေးပေမဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေညာချက်နဲ့ အများကြီး ဆက်စပ်နိုင်တယ်လို့ ဆွေမျိုးတော်စပ်သူတဦးက RFA ကို ပြောပါတယ်။
“ပထမ သူတို့ ၄ တိုက်မှာ ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြစ်ဒဏ်တိုက်လို့ ခေါ်တဲ့ ၅ တိုက်ကို ပြောင်းရွှေ့မှုတွေ ထောင်ထဲမှာ ဖြစ်နေတယ်။ သူက ဘာမှ အကြောင်းပြချက်တော့ မပြဘူးပေါ့။ အဲဒီမှာ အပြောင်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ ဦးအေးဆွေ၊ ဦးဂေါသိတ ခေါ် ကျော်ရှိန်၊ အောင်ဇေဖြိုး၊ အောင်အောင်၊ မြသန်းထိုက်၊ သန်းထိုက်အောင်၊ စောမြင့်နိုင်၊ မျိုးမြင့် ခေါ် ကိုရင်၊ နောက် မျိုးသန့်၊ ရဲကျော်သူ ခေါ် ပဲတဲ၊ ဝင်းကိုနဲ့ ကျော်ရဲဝင်းတို့ ဖြစ်တယ်။”
ဒီနိုင်ငံရေးအကျဉ်းသား ၁၂ ဦးရဲ့ ကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူမှုရေးကိစ္စတွေ လုပ်ဖို့ NLD ပါတီက သဘောထား ရှိတာကို ကြိုဆိုထောက်ခံကြောင်း ပါဝင်တယ်လို့ သိရပါတယ်။
ဦးတေဇ ရန်ကုန်ပြန်ရောက်
ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်ပြည်နယ်မြောက်ဖျားရှိ ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ် ရဟပ်ယာဉ် ကျွံကျသဖြင့် နှစ်ရက်ကြာ သောင်တင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ရန်ကုန်နေအိမ်သို့ ကြာသပတေးနေ့တွင် ပြန်ရောက်ပြီဟု မိသားစုနှင့် ရင်းနှီးသူတဦးက ပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့မှ စစ်ဘက်လေယာဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန် ပြန်ရောက်ကာ၊ ပန်းလှိုင်ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပြီးနောက် အင်လျားလမ်းရှိ နေအိမ်သို့ ပြန်ရောက်လာသည်ဟု ဆိုသည်။
စစ်အစိုးရ လက်ရင်းလူယုံ ထူးကုမ္ပဏီနှင့် အဲပုဂံလေကြောင်းပိုင် ဦးတေဇနှင့်အတူ လိုက်ပါသွားသူ လေယာဉ်မယ် တဦးမှာ ခြေထောက်တွင် ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။ ဦးတေဇမှာလည်း ဒူးတွင် ဒဏ်ရာရခဲ့သည်။
မတ်လတွင် ရေခဲတောင်တက်မည့် ခရီးအတွက် လမ်းကြောင်းရှာရန် ကြိုတင်လေ့လာရေးအဖြစ် သွားခဲ့ရာ အင်္ဂါနေ့တွင် ရေခဲပြင်ပေါ် ရဟတ်ယာဉ် ကျွံဝင်ခဲ့ရာမှ သောင်တင်ခဲ့ကာ ၃ ရက်မြောက်နေ့တွင် ကယ်တင်နိုင်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကုမ္ဗဏီတခုမှ ငှားရမ်းခဲ့သော ရဟတ်ယာဉ်က ကြိုးချပေး၍ ဆွဲတင်ပေးခဲ့သည်။
By ကျော်ကျော်သိန်း ကြာသပတေး, 24 ဖေဖော်ဝါရီ 2011
မြန်မာနိုင်ငံမှာ အတင်းအဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်သွားဖို့အတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ လုပ်ငန်းတွေကို နောက်ထပ်တနှစ် ဆက်ပြီးလုပ်သွားဖို့ ILO နဲ့ မြန်မာစစ်အစိုးရတို့အကြား သဘောတူ လက်မှတ်ရေးထိုးလိုက်ပါပြီ။ ILO ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ချောချောမွေ့မွေ့ ရှိနေတယ်လို့ ရန်ကုန်မြို့ ILO ပူးပေါင်းဆောင်ရွက်ရေးရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ILO ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အပြည့်အ၀ မကျေနပ်သူတွေကလည်း ရှိနေတယ်ဆိုတော့ အခြေအနေ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ILO အဖွဲ့ရဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းများဆိုင်ရာ အမှုဆောင် ညွှန်ကြားရေးမှူး ဂိုင်း ရိုက်တာ (Guy Righter) ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ မနေ့တုန်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပြီး သူတို့တွေ့ဆုံခဲ့တဲ့ အထဲမှာ လူ့အခွင့်အရေး ကော်မတီ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီတို့လည်း ပါဝင်ပြီးတော့ ILO နဲ့ မြန်မာအစိုးရကြား သဘောတူစာချုပ်ကို နောက်တနှစ် သက်တမ်းတိုး ချုပ်ဆိုခဲ့တယ်လို့ ရန်ကုန်မြို့ ILO ပူးပေါင်းဆောင်ရွက်ရေးရုံးက ဒုတိယ ဆက်ဆံရေးအရာရှိ မစ်စ် ပီယာပါလ် ပီချိုင်ဝန်ဂ် (Ms. Piyapal Pichaiwongse) က ဗွီအိုအေကို ပြောပါတယ်။
“အတော်လေးကို အပြုသဘော ဆောင်ပါတယ်။ အစိုးရနဲ့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို နောက်တနှစ်အတွက် ကျမတို့ သက်တမ်းတိုးခဲ့ပြီးပါပြီ။”
အခု မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကို သက်တမ်းတိုး ချုပ်ဆိုဖို့ဖြစ်ပြီး တခြား ရည်ရွယ်ချက်တွေကတော့ မြန်မာစစ်အစိုးရ အလုပ်အဖွဲ့နဲ့ ILO တို့အကြား ပူးပေါင်း ဆောင်ရွက်နေတာတွေမှာ တိုးတက်မှုတွေကို သိဖို့ဖြစ်တယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။
ILO ရဲ့ မြန်မာနိုင်ငံတွင်း အဓိက လုပ်ငန်းကတော့ အတင်းအဓမ္မ အလုပ်ခိုင်းစေရေးနဲ့ အဲဒါနဲ့ ဆက်စပ်နေတဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုမှု ပပျောက်သွားရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ILO ရဲ့ လုပ်ငန်းလုပ်ဆောင်မှု ပုံသဏ္ဌာန်ကို သတိပြုမိစေချင်ပြီး လူများများ သတိပြုမိလာတာနဲ့အမျှ မိမိတို့လုပ်ငန်းကို သေသေချာချာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အတင်းအဓမ္မ အလုပ်ခိုင်းစေတာ၊ ကလေးစစ်သား စုဆောင်းတာတွေနဲ့ ပတ်သက်ပြီး ပညာပေး စာရွက်စာတမ်းတွေကို ILO ကနေ လူထုကြားထဲမှာ စတင် ဖြန့်ဝေပေးနေပြီ ဖြစ်ပါတယ်။ အဲဒီလို ဖြန့်ဝေပြီးတဲ့ နောက်ပိုင်းမှာ လူတွေ ပိုသတိထားမိလာတာကြောင့် တိုင်ကြားတဲ့ အမှုအရေအတွက် တိုးလာပြီး အဲဒီထဲက အမှုအများစုကို အောင်အောင်မြင်မြင်နဲ့ ကူညီ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။
“ဖြစ်ရပ်အများစုကို ပြဿနာ လုံးဝမရှိဘဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျမတို့ဆီကို အမှုရောက်လာပြီးတာကနေ ခန့်မှန်းခြေ နှစ်လခွဲလောက် အတွင်းမှာ ကလေးတယောက်ဟာ အိမ်ပြန်ရောက်နိုင်ပါတယ်။ အဲဒီနေရာမှာ လုပ်ငန်းအဖွဲ့ဆီကနေ မြန်မြန်ဆန်ဆန်နဲ့ အင်မတန် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပါတယ်။”
မစ်စ် ပီယာပါလ်က ဒီလိုဆိုပေမဲ့ ILO အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်လာတာ အတော်ကြာပြီဖြစ်တဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကတော့ အားရကျေနပ်မှု မရှိတဲ့ အပိုင်းတွေ ရှိနေသေးပြီး ILO ဘက်က တုံ့ပြန် လုပ်ဆောင်ချက်တွေဟာ နှေးကွေးနေသေးတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့လည်း ILO အဖွဲ့ မြန်မာနိုင်ငံထဲမှာ ဆက်ရှိနေဖို့ အရေးကြီးတယ် ဆိုတာကိုတော့ သူကလက်ခံပါတယ်။
“အခု သုံးပုံတပုံလောက်တော့ ခါတိုင်းထက် တိုးတက်လာတယ်။ ကျနော်တို့က ILO ကို အားမကိုးဘူးဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ကျနော်တို့ပြောတာ အားကိုးတယ်၊ သူရှိနေလို့သာ ကျနော်တို့ ပြည်တွင်းကနေ ပံ့ပိုးကူညီလို့ ရတဲ့အတွက် ကလေးတွေကို ကျနော်တို့ လိုက်လံ ထုတ်ပေးနိုင်တယ်။ တချို့ဟာတွေကျတော့ ကြာတယ်။ ဒါပေမဲ့ သူတို့ ရှိနေတဲ့အတွက် ကျနော်တို့ တစိတ်တပိုင်း ကူညီနိုင်တာကိုက ILO ကို ကျေးဇူးတင်ပါတယ်။ ILO ကိုတော့ မရှိလို့ မဖြစ်တဲ့ ဌာနတခုဆိုတာတော့ လေးလေးနက်နက် ခံယူထားတယ်။”
အခုရောက်နေတဲ့ ILO ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ရှိပြီး သောကြာနေ့ ညဘက်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ မစ်စ် ပီယာပါလ်က ပြောပါတယ်။
ဧရာဝတီ THURSDAY, 24 FEBRUARY 2011 14:14
တောင်ဥက္ကလာက ဗလီကြီး ကို ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ပြန်လည် ဆောက်လုပ်ခွင့် ပေးမည်ဟု ဦးအောင်သိန်းလင်း ကတိစကား လွန်ခဲ့သောကြောင့် အစ္စလမ် ဘာသာဝင်များနှင့် အာဏာပိုင်များ အကြား တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ဖြစ်နေရာ နေပြည်တော်တွင် လွှတ်တော်တက်ရောက်နေ ရသော ဦးအောင်သိန်းလင်း အခက်တွေ့နေကြောင်း သိရှိရသည်။
“လွှတ်တော်တက်နေတဲ့ ဦးအောင်သိန်းလင်းရဲ့ မျက်နှာသိပ် မကောင်းဘူး။ လူကြီးပိုင်းက သူလုပ်ခဲ့တာတွေကို အမြင်မကြည်ဘူး ဆိုတာတော့ တခြား ကြံ့ခိုင်ရေး လွှတ်တော် အမတ်တွေဆီက သိရတယ်” ဟု တိုင်းရင်းသား နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် အမတ်တဦးကပြောသည်။
တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် ဗုဒ္ဓဘာသာဝင် အများစု၏ ကန့်ကွက်မှုကြောင့် ဆောက်လုပ်ခွင့် ပိတ်ပင်ခံထားရသော တောင်ဥက္ကလာပ ဗလီကြီးကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့သည်။
ထိုသို့ ဆောက်လုပ်ခွင့် ပေးသည့်အတွက် အစ္စလမ် ဘာသာဝင်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို ကြိုတင် ထောက်ခံ ဆန္ဒမဲများ ပေးရန်နှင့် ရွေးကောက်ပွဲ နေ့တွင်လည်း ခြင်္သေ့တံဆိပ်ကိုသာ မဲပေးကြရန် မြို့တော်ဝန်နှင့် အစ္စလမ် ဘာသာဝင်တို့ လျှို့ဝှက် ညှိနှိုင်း သဘောတူညီ ခဲ့ကြသည်ဟု တောင်ဥက္ကလာ အစ္စလမ် ဘာသာဝင်များက ပြောသည်။
သို့ရာတွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဗလီဆောက်လုပ်ခွင့် ပြန်ပေးမှုကို ၀ိုင်းဝန်းကန့်ကွက် ကြသည့်အပြင် အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာလာသည့် အတွက် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက် နေ့က ဗလီဆောက်လုပ်ခွင့် ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန် ခဲ့ရသည်။
ဗလီဆောက်လုပ်ရေး ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သော်လည်း ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲ အပြီး ၂ ပတ်အတွင်း ဆောက်လုပ်ခွင့် ပြန်ချပေးမည်ဟု အာမခံ ပြောဆိုကာ တောင်ဥက္ကလာ ဒေသခံ အစ္စလမ် ဘာသာဝင် မိသားစုများ၏ ဆန္ဒမဲ ထောင်ပေါင်းများစွာကို ရယူခဲ့ကြောင်း သိရသည်။
“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲပြီးလည်း သူက မြို့တော်ဝန်အဖြစ် ဆက်တာဝန်ယူမှာ၊ ဒါကြောင့် သူ့ကိုပဲ မဲထည့် ဖြစ်အောင် ထည့်ကြပါဆိုလို့ ဒေသခံ အစ္စလမ် ဘာသာဝင် တော်တော်များက သူ့ကို ကြိုတင် ထောက်ခံမဲပေးကြတယ်။ မဲရုံ သွားပြီးတော့လည်း သူ့ကိုပဲ ထောက်ခံမဲ ထည့်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ဗလီဆောက်ခွင့်ပေး
မယ်ဆိုတာတော့ အခုထိ ဘာမှဖြစ်မလာဘူး” ဟု တောင်ဥက္ကလာ ဗလီ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူ တဦးက ပြောသည်။
ဦးအောင်သိန်းလင်း ပေးခဲ့သည့်ကတိအတိုင်း ဗလီဆောက်လုပ်ခွင့် ပေးရန် သက်ဆိုင်ရာ ဗလီဖြစ်မြောက်ရေး ကော်မတီက တောင်းဆိုသော်လည်း ဆောက်လုပ်ခွင့်မရဘဲ အငြင်းပွားမှုများနှင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
“အစိုးရ အပြောင်းအလဲက နောက်လဆိုရင် ဖြစ်ပြီ။ မြို့တော်ဝန် ဦးအောင်သိန်းလင်း နေရာကို တခြားလူ တယောက် လာမယ်လို့ သိထားတယ်။ ကျနော်တို့က သူ့ ကတိအတိုင်း လုပ်ပေးဖို့ ပြောတယ်။ စည်ပင်နဲ့ ညှိနှိုင်းတယ်။
တချို့အစ္စလမ် လူကြီးတွေကလည်း နီးစပ်ရာ အာဏာပိုင် အကြီးအကဲတွေဆီ အကြောင်းကြားတာ၊ တိုင်တာတွေ လုပ်ထားတယ်” ဟု တောင်ဥက္ကလာ ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင်တဦးက ဆိုသည်။
တောင်ဥက္ကလာမြို့နယ် ၇ ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်များကမူ သက်ဆိုင်ရာ အာဏာပိုင်များက ဗလီဆောက်လုပ်ခွင့် ပြန်လည် ချပေးလျှင် ဘာသာရေး အဓိကရုဏ်း ပေါ်ပေါက်လာလိမ့်မည်ဟု ဆိုကြသည်။
“အာဏာပိုင် တွေကလည်း ဗလီဆောက်လုပ်ခွင့် ပေးမယ့်ပုံမရှိဘူး။ တကယ်လို့သာ ချပေးခဲ့ရင်တော့ ပြဿနာက တက်နိုင်တယ်။ ဒီကိစ္စက ဘာသာရေးဆိုတော့ အမှားအမှန် ခွဲခြားဖို့ အင်မတန်ခက်တဲ့ကိစ္စပဲ။ အားလုံး ညှိနှိုင်းမှု မရှိဘဲ လုပ်ရင်တော့ ပြဿနာက တက်ကို တက်မှာ” ဟု ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်) ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆို ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ဦးအောင်သိန်းလင်းကို တစုံတရာ အရေးယူခဲ့ခြင်းမရှိပေ။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ ၆ (င) တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄) အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
အာဏာရှင်ဖြုတ်ချရေး လူထုလှုပ်ရှားမှုစရန် လှုံ့ဆော်စာဖြန့်
ဇာနည်မာန် THURSDAY, 24 FEBRUARY 2011 14:26
အီဂျစ်နှင့် အာရပ်နိုင်ငံများကဲ့သို့ လူထုလှုပ်ရှားမှု စတင်ရန် လှုံ့ဆော်သည့် စာများကို ယမန်နေ့ညက ရန်ကုန် တာမွေ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့်မြို့နယ်များရှိ လူစည်ကားရာ အရပ်များတွင် လူငယ်များက ဖြန့်ကြဲသွားကြောင်း သတင်းရရှိသည်။
အီဂျစ်နှင့် တူနီးရှားနိုင်ငံများ၌ အာဏာရှင်ဖြုတ်ချရေးတွင် လူထုအုံကြွမှုဖြင့် အောင်ပွဲများရခဲ့ပြီး အာရပ်နိုင်ငံများတွင်လည်း အာဏာရှင် တော်လှန်ရေးအတွက် လူထုအုံကြွမှုများ စတင်နေပြီဖြစ်ရာ မြန်မာစစ်အစိုးရ ပြုတ်ကျရေးအတွက်လည်း မြန်မာပြည်သူတို့က လူထုအုံကြွမှုဖြင့် စတင်ကြရန် နှိုးဆော်ကြောင်း အဆိုပါ ဖြန့်ဝေစာတွင် ရေးသားထားသည်။
စာလက်ခံ ရရှိသူများက စာပါအကြောင်းအရာ များကို စိတ်ဝင်တစား ရှိကြသော်လည်း လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရန်မှာမူ အချိန်ကာလတခု ကြာမြင့်ဦးမည်ဟု စာများဖြန့်ဝေခဲ့သည့် တက်ကြွလှုပ်ရှားသူ ကိုဖိုးတေက ဆိုသည်။
“ချက်ခြင်းကြီးတော့ မျှော်လင့်လို့ မရသေးဘူး။ အခု လွှတ်တော်ကလည်း လုပ်နေတော့ အားလုံးရဲ့အာရုံက အဲဒီဘက်ကို ရောက်နေတယ်။ တနေ့ကျရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိပါးလာလိမ့်မယ်။ အဲဒီ အချိန်မျိုး ရောက်လာရင် နိုင်ငံရေး ဒီဂရီ ချက်ခြင်းမြင့်လာလိမ့်မယ်။ အဲ့ဒီအတွက် ကြိမ်မီးအုံး ဖြစ်နေတဲ့ လူထုကို ကြိုတင် ပြင်ဆင်ထားဖို့ လှုံ့ဆော်တာပါ” ဟု သူက ဧရာဝတီသို့ပြောသည်။
အာဏာရှင် သမ္မတ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် အီဂျစ်လူထုအုံကြွမှုနှင့် အာရပ်နိုင်ငံများမှ လူထု လှုပ်ရှားမှုများအကြောင်း ပြည်တွင်း သတင်းဂျာနယ်များတွင် အသေးစိတ် ဖတ်ရှုခွင့် မရသော်လည်း မြန်မာလူငယ်ထု အနေဖြင့် စိတ်ဝင်တစား ရှိကြကြောင်း ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။
“ကျနော့် သူငယ်ချင်းတွေဆို အီဂျစ်က အကြောင်း စိတ်ဝင်စားကြတယ်။ အင်တာနက်ကနေ ရှာဖတ်ကြ၊ မေးကြတယ်။ အဲဒီလို လူထု လှုပ်ရှားမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့က ၀င်ပါပြီး စစ်အစိုးရ ပြုတ်ကျအောင် လုပ်မှာပဲ။ ကျနော်တို့ကို ဦးဆောင်မယ့်သူ ကောင်းကောင်းတော့ လိုတာပေါ့” ဟု သူက ပြောသည်။
အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley (သတင်း၊ ဓာတ်ပုံ)
ယနေ့ ၂၄ရက်နေ့ မနက် ၉း၀၀ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လ၀က) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်မှ ရုံးထုတ်ခေါ်ဆောင်ခဲ့ပါသည်။ Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ လက်ထိပ်ခတ် ခေါ်ဆောင် လာပြီးနောက် တရားရုံးထုတ် တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းသို့ ထည့်သွင်း ချုပ်နှောင်ထားခဲ့ပါသည်။ အဲ့ဒီ့နောက်နေ့လည် ၁၂း၁၅ မိနစ်အချိန်ခန့်တွင် Mr.Ross Dunkley ကိုအချုပ်ဆောင် မှ ထုတ်ယူခေါ်ဆောင်ပြီး ကမာရွတ်မြို့နယ် အထူးတရားရုံးခန်းတွင် မြို့နယ်တရားသူကြီး (အမည်မဖော်ပြ)မှ စတင်စစ်ဆေး မေးမြန်းပါသည်။
တရားသူကြီးမှ စစ်ဆေးနေစဉ်အတွင်း တရားရုံးခန်း အနီးအနားတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာတိုင်းမ်ဂျာနယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြားနာကြပါသည်။ သတင်းထောက်များနှင့် လာရောက် ကြည့်ရှု ကြားနာသူများအား တရားရုံးခန်းအတွင်းသို့ ၀င်ရောက်ခွင့် မပြုသည့်အပြင် ဓါတ်ပုံကင်မရာ၊ အသံဖမ်းစက်၊ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ဝင်ရောက် လာသူများအား ကြားနာ ကြည့်ရှုခွင့်မပြုခဲ့ပါ။ တရားခွင်ကို၂ နာရီခန့် ကြားနာစစ်ဆေးခဲ့တယ်လို့ သိရှိရပါသည်။
တရားလို ဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) မှ တရားခွင်သို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ ၄င်းတရားလိုဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) တွင် လေးလခန့်ရှိသော ကိုယ်ဝန်ကို လွယ်ထားရပြီး၊ ၄င်းနှင့်အတူသူမ၏ အမျိုးသား ဖြစ်သူဟုဆိုသော လူငယ်တစ်ဦးပါ အတူပါရှိခဲ့ပါသည်။ တရားလို ၊ တရားခံ နှစ်ဦးနှစ်ဘက်အား မြို့နယ်တရားသူကြီးမှ အမှုကို ကြားနာစစ်ဆေးပြီးနောက် ယခင်မြန်မာတိုင်းဂျာနယ်မှ(CEO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ / ၃၄၂ / ၃၅၄ / ၁၃(က) အရ စွဲချက် တင်လိုက်သည်ဟု သိရှိရပါသည်။ တရားသူကြီးမင်းမှ အမှုကို လက်ခံ စစ်ဆေးကြားနာ၊ စွဲချက်တင်ပြီးနောက် အမှုရုံးချိန်းကို ၂၀၁၁၊ မတ်လ(၃)ရက် နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။ ထို့နောက် Mr.Ross Dunkley အားညနေ ၄ နာရီအချိန်ခန့်တွင် ရဲအချုပ်ကားဖြင့် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
သတင်း ဓာတ်ပုံ၊ ဒီမိုဝေယံ
http://openeyeproxy.appspot.com/www.demowaiyan.co.cc/2011/02/mrdunkley.html
မြောက်ကိုးရီးယားနိုင်ငံမှာ လူတွေဟာ မြက်တွေကို စားနေရတဲ့အထိ အကြီးအကျယ် စားနပ်ရိက္ခာ ပြတ်လပ်ခဲ့ပြီး ထိတ်လန့်စရာ အဟာရ ချို့ယွင်းမှုတွေ ရှိနေတဲ့ အထောက်အထားတွေ တွေ့ခဲ့ရတယ်လို့ မြောက်ကိုးရီးယားက ပြန်လာခဲ့တဲ့ အကူအညီပေးအဖွဲ့ ၅ ဖွဲ့က ပြောပါတယ်။
မြောက်ကိုးရီးယား အစိုးရဟာ နိုင်ငံအတော်များများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အကူအညီတောင်းခံနေပြီး ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကလည်း မြောက်ကိုးရီးယားမှာ အခြေအနေတွေကို စီစစ်နေပါတယ်။
မြောက်ကိုးရီးယားမှာ စားနပ်ရိက္ခာ ပြတ်လပ်ချိန် မှာ လူတွေဟာ မြက်တွေ ပေါင်းပင်တွေနဲ့ အလေ့ကျပေါက်နေတဲ့ ဆေးဘက်ဝင်အပင်တွေ ရှာဖွေ စားသောက်ပြီးနေခဲ့ရတယ်ဆိုတဲ့ အထောက် အထားတွေ သူတို့တွေ့ခဲ့ရ မြင်ခဲ့ရတယ်လို့ အခုပြန်လာတဲ့ အကူအညီပေးအဖွဲ့တွေက ပြောပါတယ်။
ဒီလို မြက်တွေ စားသောက်နေရတာ ပုံမှန်ဘဲဖြစ်နေသလား ပုံမှန်ထက် ပိုသလားဆိုတဲ့ အတိုင်းအတာကိုတော့ ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။
ဒီလအစောပိုင်းက အကူအညီပေးအဖွဲ့ ၅ ဖွဲ့ဟာ မြောက်ကိုးရီးယားအစိုးရရဲ့ ဖိတ်ကြားချက်အရ တပတ်ကြာ သွားရောက်ခဲ့ပါတယ်။
သူတို့ဟာ မြောက်ကိုးရီးယား အနောက်မြောက်ပိုင်းက အိမ်တွေ ဆေးရုံးတွေ မိဘမဲ့ ဂေဟာတွေ လယ်ယာမြေတွေ သိုလှောင်ရုံတွေ ကို သွားကြည်ခဲ့ကြပါတယ်။
News to read (24/02/2011)

အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် အကူအညီ ပေးရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီနဲ့ရော၊ မြန်မာ အစိုးရ နဲ့ပါ ဆွေးနွေးမှုတွေ စတင် ဆောင်ရွက် နေပြီလို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး တာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး က ပြောပါတယ်။
အင်္ဂါနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်း စုကြည် ပါဝင်တဲ့ အန်အယ်လ်ဒီ ခေါင်းဆောင် တွေက မစ်စတာ လယ်ရီ ဒင်္ဂါး နဲ့ သူ့အိမ်မှာ တစ်နာရီကြာ တွေ့ဆုံ ခဲ့ကြ ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ အသေးစိတ် ကိုတော့ နှစ်ဖက် စလုံးက ထုတ်ပြန်ခြင်း မရှိ ပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထား က တော့ ပြည်သူ လူထုကို ထိခိုက်တယ် ဆိုရင် ဘယ်လို နည်းလမ်း ရှာ သင့်တယ် ဆိုတာ စီးပွားရေး ပိတ်ဆို့တဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ တံခါး ဖွင့်ထား ပါတယ် လို့ အန်အယ်ဒီ ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။
အနောက် နိုင်ငံ တွေရဲ့ပိတ်ဆို့ အရေး ယူမှုနဲ့ပတ်သက်လို့ မြန်မာ အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို အပြစ်တင် ခဲ့ပြီး၊ သူ့အပေါ် ခြိမ်းခြောက်မှု ဆန်တဲ့ သတင်း ဆောင်းပါး တွေကို ဖော်ပြခဲ့ ပါတယ်။
အန်အယ်ဒီ ပါတီ ဘက်က လေ့လာချက် အရ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု တွေဟာ ပြည်သူ တွေကို တိုက်ရိုက် ထိခိုက်မှု မရှိဘဲ အစိုးရကိုသာ ထိခိုက် စေတာ ဖြစ်တယ် လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်း တစ်စောင်မှာ ဖော်ပြခဲ့ ပါတယ်။
ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟ အသင်းဟာ အများစွပ်စွဲ နေသလို နိုင်ငံရေးဘက်မှာ အသုံးချဖို့ မဟုတ်ဘူး ဆိုတာ အသက်ရင်းလို့ တာဝန်ခံတယ်၊ သူပိုင်သမျှ စည်းစိမ် ချမ်းသာ ပုံပေးပြီး တာဝန်ခံပါတယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။
အထက်က လူကြီးတွေခိုင်းလို့ နယ်စပ်ဒေသက တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြား အဖြစ် ကူးပြောင်း သွားနေတာတွေကို ဟန့်တား ကာကွယ်ဖို့ သက်သက်သာ ဖြစ်တယ်၊ နောက်ဆုံး အသင်းကို နိုင်ငံရေးအတွက် သုံးနေတယ် ဆိုတာကို သက်သေပြနိုင်ရင် သူ အသင်း ဥက္ကဌ တာဝန်ကနေ ထွက်လိုက်မယ်၊ အသင်းကို ဖျက်ဖို့ အာဏာရှိလည်း ဖျက်ပေး ပါမယ်လို့ ဦးခင်ရွှေက အာမခံပါတယ်။
အဆိုးချည်း မမြင်ကြဘဲ နည်းနည်းလေး အကောင်းမြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာ ထွန်းကား ပြန့်ပွားဖို့ကို အသင်းရဲ့ ငွေနဲ့ ပံ့ပိုးကူညီ သွားမယ်၊ အဲဒီလိုတွေ လုပ်ကိုင်နိုင်ဖို့ အသင်းကို ဗဟိုအဆင့်ကနေ ကျေးရွာ အဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းဖို့ လုပ်ကိုင် နေတာပါလို့လည်း သူက ပြောပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟအသင်းမှာ ကြံ့ခိုင်ရေးပါတီက အသင်းဝင် ၂၀ ရာခိုင်နှုန်း လောက်တော့ ရှိနိုင်တယ်လို့တော့ ဦးခင်ရွှေရဲ့ အပြောအရ သိရပါတယ်။
2011-02-23
ကိုမျိုးရန်နောင်သိန်းနဲ့ စေတနာရှင် လူငယ်တစု စီစဉ် ဖွင့်လှစ်ထားတဲ့ ဗေဒါ သင်တန်းကျောင်း နေရာအသစ်မှာလည်း မယက ဥက္ကဋ္ဌက ဖိအားပေးနေတဲ့အတွက် အခက်အခဲ ရှိနေကြောင်း သတင်းရရှိပါတယ်။
တာမွေမြို့နယ် မယက ဥက္ကဋ္ဌကနေ အိမ်ရှင်ကို အိမ်မငှားဖို့ ဖိအားပေးနေပြီး၊ ယာယီ အိမ်ထောင်စု စာရင်းနဲ့ ညအိပ်ခွင့် ဧည့်စာရင်းတွေကို ထုတ်မပေးဖို့ ရယကတွေကိုလည်း ညွန်ကြားထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဗေဒါ သင်တန်း နေရာကို တာမွေကနေ အမှတ် ၇ စမ်းချောင်းလမ်းကို ပြောင်းရွှေ့ခဲ့တာပါ။ ၁၆ ရက်နေ့မှာပဲ စမ်းချောင်းလမ်းက ရပ်ကွက်လူကြီးတွေကနေ ယာယီအိမ်ထောင်စု စာရင်းကို ထုတ်ပေးခဲ့တာ ဖြစ်ပေမဲ့။ ၁၉ ရက်နေ့မှာ ပြန်သိမ်းသွားနောက် မြို့နယ် ဥက္ကဋ္ဌက အိမ်ရှင်ကို စတင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
၂၀ ရက်နေ့မှာ မယက ဥက္ကဋ္ဌ ဦးတင့်လွင်က အစည်းအဝေးခေါ်လို့ အိမ်ရှင်ရော။ အိမ်ငှားသူ ကိုမျိုးရန်နောင်သိန်းတို့ပါ မယက ရုံးကို သွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ကိုလင်းနိုင်ဦးက အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ကို ဒီကနေ ဖယ်ခိုင်းဖို့အတွက် ကျွန်တော်တို့ အိမ်ရှင်နဲ့ တွေ့ဖို့ ၂၀ ရက်နေ့က ကျွန်တော်တို့ကို ချိန်းလိုက်တယ်။ ၂၀ ရက်နေ့က ချိန်းလိုက်တော့ အဲဒီ မနက်ပိုင်းမှာပဲ ကျွန်တော်တို့ သွားတဲ့အချိန်မှာပဲ သူတို့ အိမ်ရှင်ကို နည်းနည်းပဲ ကျပ်လိုက်တယ်ပေါ့။ ကျွန်တော်တို့ အချိန်မီ ရောက်သွားတဲ့အတွက်။ အချိန်မီရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ကို ဘေးကို ခေါ်ပြီးတော့ သူက ကျွန်တော်တို့နဲ့ အရင်ဆုံး တွေ့တယ်ပေါ့နော်။ ဟို မင်းတို့မှာ ပိုက်ဆံ ၁၅ သိန်း ရှိသလားတဲ့ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်က ဘာကိစ္စ မေးတာလဲဆိုတော့ မဟုတ်ဖူးတဲ့၊ ငွေရှိရင် ကိစ္စတော်တော်များများကို ဖြေရှင်းနိုင်တယ်တဲ့။ မယက ဥက္ကဋ္ဌက ကျွန်တော်တို့ကို အဲလို ပြောတယ်။”
မယက ဥက္ကဋ္ဌက စစ်တိုင်းမှူးက ခိုင်းလို့ လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုမျိုးရန်နောင်သိန်းတို့ဖက်က နိုင်ငံရေးလုပ်နေတာ မဟုတ်ကြောင်း၊ ပညာအခမဲ့ ဖြန့်ဝေတာသာ ဖြစ်ကြောင်း မယက ဥက္ကဋ္ဌ ကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကိုမျိုးရန်နောင်သိန်းက အခုလို ရှင်းပြပါတယ်။
“စောစောပိုင်းတုန်းကဆိုတော့ ကျွန်တော်တို့ဆီက သူတို့ ငွေရဖို့ ကြိုးစားနေတယ်။ မရတဲ့အခါမှာ သူက ပရက်ရှာပေးတယ် ဆိုတဲ့ဟာမျိုး။ ကျွန်တော်တို့တွေကတော့ အခုလောလောဆယ်မှာ ရယကကို အကြောင်းကြားထားတယ်၊ ညဖက်ဆိုလို့ရှိရင် ဒီမှာ နေထိုင်မဲ့ လူစာရင်းပေါ့၊ မဝတကိုလည်း အကြောင်းကြားတယ်၊ ပြီးတော့ ကျွန်တော်တို့ စခန်းမှူးကိုလည်း အကြောင်းကြားတယ်။ ပြီးတော့ ရယကက ကျွန်တော်တို့ကို သန်းခေါင်စာရင်း ထုတ်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ အမိန့်မရလို့တဲ့။ ဆိုတော့ ကျွန်တော်တို့ကတော့ ဆက်နေသွားမယ်။ ဒီမှာ အိပ်တဲ့လူတွေကလည်း ဆက်အိပ်သွားမယ်။ သူတို့က မထုတ်ပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို မှတ်ပုံတင် မိတ္တူရယ်၊ ဧည့်စာရင်း တိုင်ကြားခြင်း ဆိုပြီးတော့ တရားဝင် အကြောင်းကြားတယ်ခင်ဗျ။”
ရယက က ဧည်စာရင်း ထုတ်မပေးတဲ့အတွက် နယ်က သင်တန်းသားတွေအတွက် အခက်အခဲ ရှိနေပြီး၊ နယ်က တချို့ သင်တန်းသားတွေ ပြန်သွားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-02-23
X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်အမှုမှာ ဗဟိုတရား ရုံးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။
“ကိုဖြိုးဝေအောင်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးချုပ်ကနေပြီးတော့ အင်းစိန်ထောင်အတွင်း တရားရုံးမှာ ဆက်လက် စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချတာက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နောက်ပြီးတော့ အခု ကျွန်တော်တို့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နောက်တခါ ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းမဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေထဲက တရားစီရင်ရေးဆိုင်ရာ မူဖြစ်တဲ့ လွတ်လပ်စွာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေး စီရင်ရမယ်ဆိုတဲ့ မူကို အတိအလင်း မျက်ကွယ်ပြုပြီး ဆုံးဖြတ်ထားတယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောလိုခြင်း ဖြစ်ပါတယ်။”
တရားစီရင်ရေးမှာ အများပြည်သူ့ရှေ့မှောက် စစ်ဆေးရမယ်ဆိုတဲ့ ဥပဒေကို အာဏာပိုင်တွေ ကိုယ်တိုင် မျက်ကွယ်ပြုနေတဲ့ အခုလို ဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ အတော်များများ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ကိုဖြိုးဝေအောင်အမှုမှာ တရားရုံး လုပ်ထုံးလုပ်နည်းတွေထဲက တခုဖြစ်တဲ့ ရှေ့နေက သက်သေခံ စာရွက်စာတမ်း မိတ္တူကူးဖို့နဲ့၊ ဆရာဝန်ဆေးစစ်ချက်တွေ မိတ္တူကူးဖို့ကိုလည်း တရားရုံးက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒ့ါအပြင် မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပြုဘူးလို့ ပြောပါတယ်။
ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်မှာ အာဏာပိုင်တွေက ထောင်တွင်းပြစ်မှုတခုနဲ့ တိုက်ပိတ် ပြစ်ဒဏ် ခတ်ထားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)
2011-02-23
လာမဲ့ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မဲ့ ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဆိုင်ရာ ဥပဒေတွေကို လွှတ်တော် မခေါ်ယူခင် ၅ ရက်လောက်အလိုမှာ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီဥပဒေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပေမဲ့ အများပြည်သူကို ထုတ်ပြန် အသိပေးတာ မရှိသေးပါဘူး။ အခုလို နိုင်ငံမှာ အရေးကြီးဆုံး ဥပဒေတခုကို စစ်အစိုးရက ဘာ့ကြောင့် လျို့ဝှက် ထုတ်ပြန်ခဲ့သလဲ၊ တခြားနိုင်ငံတွေမှာလို လွှတ်တော်မှာ အကျေအလည် ဆွေးနွေးဆုံးဖြတ်ပြီးမှ အတည်ပြု ထုတ်ပြန်တာမျိုး ဘာ့ကြောင့် မလုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အချက်တွေပေါ်မှာ သုံးသပ်သူတွေရဲ့ အမြင်များကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။
ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 15:15
ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀၀ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀၀ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအ၀ိုင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်
ဧရာဝတီ TUESDAY, 22 FEBRUARY 2011 12:35
ကနေဒါနိုင်ငံ ကာလီတန် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့် လိုက်သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုတက်ယူနိုင်မည်မဟုတ်ကြောင်း သိရသည်။ ကနေဒါနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကို ဆုချီးမြှင့်ခဲ့ သည်မှာ ယခု တကြိမ်အပါအ၀င် ခြောက်ကြိမ် ရှိပြီဖြစ်သည်။
စစ်ကိုင်းရှိ အင်တာနက်ဆိုင်များကို ရှောင်တခင် စစ်ဆေး
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 15:14
စစ်ကိုင်းမြို့ရှိ အင်တာနက်ဆိုင်များကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့(စ သုံးလုံး)မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က ၀င်ရောက် စစ်ဆေးမှု ပြုလုပ်သွားသည်ဟု သိရသည်။ အထက်အမိန့်အရ လာရောက်စစ်ဆေးခြင်းဟု ပြောဆိုကာ ဆိုင်ရှိ ကွန်ပျူတာများ အားလုံးကို ဖွင့်၍ စစ်ဆေးခဲ့သည့်အပြင် Kyelogger(သုံးစွဲသူများ ရိုက်နှိပ်လိုက်သည့် အရာမှန်သမျှ ကို မှတ်ထားပေးသည့် စနစ်) ထည့်သွင်း ထားခြင်း မရှိသောကြောင့် ဆူပူကြိမ်းမောင်း၍ ထိုစနစ်ထည့်သွင်းထားရန် ပြောဆိုသွားသည်ဟု ဒေသခံတဦးက ဆိုသည်။
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 17:32
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဒေသခံ ထိုင်းနိုင်ငံသား ၂ ဦး၏ နေအိမ်များတွင် ထိုင်းရဲနှင့် စစ်တပ်အာဏာပိုင်များ ပူးပေါင်း၍ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာနှင့် သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ် ကျည်ဆန်အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်း ရမိကြောင်း ထိုင်းအခြေစိုက် Krobkruakao သတင်း ၀က်ဘ်ဆိုက်တွင် ရေးသားထားသည်။
အဆိုပါ သတင်းတွင် ဖော်ပြချက်အရ UWSA တပ်ဖွဲ့ဝင်များတွင် လက်နက်ထုတ်လုပ်သည့် စက်ရုံများ ရှိသည်ဟု သိရှိထားသော်လည်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်အရ လက်နက်များကို နယ်စပ်ဒေသရှိ “၀” တပ်ဖွဲ့ဝင်များထံသို့ ပေးပို့ရန် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်သော “အထွန်း” ဆိုသူနှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ လူတဦး ပူးပေါင်း၍ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်များကို စစ်ဆေးတွေ့ရှိချက်အရ တချို့လက်နက်များကို နခွန်စဝမ် (Nakhon Sawan) ခရိုင်မှ တဆင့် သယ်ယူခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ထိုင်းထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက လက်နက်ရောင်းဝယ်သူများ ဖမ်းဆီးမိသည်ဟု ကြားသိရသော်လည်း မြန်မာဘက်အခြမ်းမှ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ အသေးစိတ်မသိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်နက်များ ဖမ်းဆီးရရှိမှုကို မယ်ဆိုင်မြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်နက်ကိစ္စနှင့် ဖမ်းဆီးထားသော တရားခံများ ယင်းတို့စခန်းတွင် ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြောသည်။
UWSA တွင် စစ်သည်အင်အား နှစ်သောင်းမှ နှစ်သောင်းခွဲကြားရှိကြောင်း၊ ၎င်းတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
အမေရိကန် သံရုံးတာဝန်ခံနှင့် ဒေါ်စု ဆွေးနွေး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်
ချင်းမိုင် (မဇ္စ္ဈိမ) ။ ။ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီများ ပေးရေးနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံးတာဝန်ခံ မစ္စ္စတာ လာရီအမ်ဒင်းဂါးက ပြောကြားခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ် သတင်းစာက ဗုဒ္ဓ္ဓဟူးနေ့ ညနေပိုင်းတွင် ရေးသားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့သည် ဆိုသည်။ သို့သော် ပြောခွင့်မရှိသဖြင့် အသေးစိတ်ပြောရန် ငြင်းဆိုသည်။
လာရီဒင်းဂါးက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့်လည်း ဆွေးနွေးလျက် ရှိကြောင်းနှင့် ဆွေးနွေးရာတွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အရေးယူချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုလည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ်က ဆိုသည်။
မြန်မာနိုင်ငံ၌ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂ဝ အကြာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို မနှစ် နိုဝင်ဘာက ကျင်းပခဲ့ပြီး အမည်ခံသက်သက် ပါလီမန်စနစ်ကို အကောင်အထည် ဖော်နေသလို ရွေးကောက်ပွဲကိုလည်း အကွက်ချ စီစဉ်ထားမှုဟု ဝေဖန်နေကြသည်။
အိုဘားမား အစိုးရက မြန်မာ အစိုးရသစ်နှင့် မြန်မာ့ ဒီမိုကရေစီရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေနေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ပိတ်ဆို့အရေးယူမှုများ ဆောလျင်စွာ မရုပ်သိမ်းကြရန် သတိပေးခဲ့သည်။
မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စာရေးဆရာကြီး မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ဆွမ်းကျွေးပွဲကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည်။
ဆရာမြသန်းတင့်မှာ အဓိကအားဖြင့် ဘာသာပြန် စာပေများကို ရေးသားခဲ့ပြီး အရောင်းသွက် Best seller စာပေများထက် ဂန္ထဝင်စာပေများကိုသာ မြန်မာဘာသာသို့ ပြန်ဆိုလေ့ရှိသည့် အထင်ကရ စာရေးဆရာကြီး တဦးဖြစ်သည်။
“ကိုမြသန်းရဲ့ ဘာသာပြန်တွေဟာ သပ်သပ်ရပ်ရပ်၊ သိမ်သိမ်မွေ့မွေ့နဲ့ မြွေလေးတကောင် ရေကူးသွားသလိုပဲ။ ကျနော်တို့ ဘာသာပြန်တာတွေဟာ ဘာနဲ့တူလဲဆိုရင် ခွေးတကောင် ရေထဲကန်ချလိုက်တဲ့အခါမှာ သူလည်း ရေကူးတာပဲ။ ကူးပေမယ်လို့ သူက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ဘယ်ဘက်ဦးတည်မှန်းလည်း မသိဘူး။ ဒါ ကျနော့်စိတ်ထဲမှာ နှစ်ပေါင်းများစွာ ထောင်ထဲနေရင်းနဲ့ ပြန်စဉ်းစားမိတာပါ” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ထင်ရှားသော ဘာသာပြန်လက်ရာများထဲတွင် စစ်နှင့် ငြိမ်းချမ်းရေး (၁၂ တွဲ)၊ ခန်းဆောင်နီအိပ်မက် (၉ တွဲ)၊ ရွှေပြည်တော် မျှော်တိုင်းဝေး (၈ တွဲ)၊ ပါရီ ကျဆုံးခန်း (၃ တွဲ)၊ လေရူးသုန်သုန် (၂ တွဲ)၊ အချစ်မိုးကောင်းကင် (၂ တွဲ)၊ သုခမြို့တော်၊ မိန်းမတို့အကြောင်း စသဖြင့် စာအုပ် ၂ဝ ကျော် ဘာသာပြန်ဆိုပေးခဲ့သည်။
ဆရာမြသန်းတင့်သည် သက်တမ်းတလျှောက် နိုင်ငံရေး၊ စာပေနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ကလောင်တဖက်၊ မိုက်ခွက်တဖက်နှင့် စာရေးဆရာဟု အသိအမှတ်ပြုခံရသူ ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း မြေအောက်လှုပ်ရှားမှုများ၊ ပခုက္ကူခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ၊ အထက်ဗမာပြည် ဖဆပလ အဖွဲ့ချုပ်၊ ဖြူးလယ်သမားကွန်ဂရက် ကိုယ်စားလှယ်နှင့် သီးစားခ မပေးရေး တိုက်ပွဲများတွင် ဆရာကြီး မြသန်းတင့် ခေါင်းဆောင်ခဲ့သည်။ ပြည်သူ့တိုးတက်ရေး ပါတီတွင်လည်း ပေါလစ်ဗျူရို လူကြီးအဖြစ် တာဝန်ယူခဲ့သည်။ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ နှစ်ကြိမ်တိုင် ထိန်းသိမ်းခံခဲ့ရဖူးသည်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်ပြီးနောက် စာပေသစ်လှုပ်ရှားမှုတွင် ဒဂုန်တာရာ၊ အောင်လင်း၊ ကြည်လင်၊ သန်းတင်တို့နှင့်အတူ ဦးဆောင်ခဲ့ပြီး “စာပေသည် ပြည်သူ့အတွက်” ဟု ကြွေးကြော်ခဲ့သူ ဖြစ်သည်။
ပင်ကိုယ်ရေး ဝတ္ထုများထဲမှ အကျော်ကြားဆုံးဖြစ်သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ဝတ္ထုမှာ ၇ ကြိမ်တိုင် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရပြီး၊ မြသန်းတင့်၏ သင်္ကေတ တခုသဖွယ် ဖြစ်ခဲ့ကာ စာပေဟောပြောပွဲများ၌ ထည့်သွင်းရှင်းလင်း ဟောပြောရလေ့ရှိသည်။
“၁၈ ရက်နေ့က ကျနော် ရမည်းသင်း စာပေဟောပြောပွဲမှာ ရောက်နေပါတယ်။ ဒီနေ့ဟာ ဆရာမြသန်းတင့် ကွယ်လွန်တာ ၁၃ နှစ်မြောက်ပါလို့ ထည့်ပြောခဲ့ပါသေးတယ်။ ပဏာမ နိဒါန်းမှာကတည်းက ကျနော်ပြောပါတယ်။ စာပေဟောပြောပွဲကို အလေးအနက် ထားသင့်ကြောင်း၊ စာပေဟောပြောပွဲဆိုတာ စာရေးဆရာတို့ရဲ့ စာပေသာသနာပြု လုပ်ငန်းတခုဖြစ်ကြောင်း၊ ဆရာမြက အဲလိုခံယူပြီး ဟောပြောလေ့ရှိတဲ့အကြောင်း၊ အဲလိုပဲ ကျနော်တို့လည်း နည်းနာယူပြီး အားထုတ်တဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်” ဟု ဆရာချစ်ဦးညိုက မဇ္ဈိကို ပြောသည်။
ဆရာမြသန်းတင့်သည် အသက် ၇၉ နှစ်အရွယ် ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၈ဝ ကျော် ရေးသားပြုစုသွားခဲ့သည်။ ထိုအထဲတွင် ဝတ္ထု၊ ပြဇာတ်၊ စာပေဝေဖန်ရေး၊ ခရီးသွား၊ အထ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ သမိုင်း၊ ကဗျာကဲ့သို့ စာပေအမျိုးအစားများ ပါဝင်သည်။ ပြည်တော်သစ် ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုးတက်ရေး သတင်းစာတွင် ဘာသာပြန် အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဆရာမြသန်းတင့် ကွယ်လွန်ပြီးနောက် စာရေးဆရာ၊ ကဗျာဆရာများ စုစည်း၍ ‘စာပဒေသာ ဥယျာဉ်မှူးကြီး မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာပါရဂူက ‘မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာဝင်းငြိမ်းက မြသန်းတင့်နှင့် အင်တာဗျူးကို ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူ’ ဟူ၍လည်းကောင်း ဆရာမြသန်းတင့်အကြောင်း စာအုပ်များ ထုတ်ဝေထားကြသည်။