ဘယ်လမ်းလိုက်ကြမလဲနှင့် လက်တွေ့နိုင်ငံရေး (၁၇)
(Choosing Right Path and Real Politics)
၂၀၁၀ခု ဒီဇင်္ဘာ(၁၇)က စခဲ့တဲ့ တူနီးရှား လူထုအုံကြွမှုက ၂၈ရက်အတွင်း ၂၄နှစ်ကြာအုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး အာဏာရှင် ဘင်အလီကို တိုင်းပြည်က ထွက်ပြေးစေခဲ့တယ်။ တူနီးရှားနောက် ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့တဲ့ ယီမင်၊ အယ်လ်ဂျီးရီးယားစ်၊ အီဂျစ်၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆီးရီးယားစတဲ့ အာရဗ်ကမ္ဘာရဲ့ လူထုအုံကြွမှုတွေကို တကမ္ဘာလုံးက စိတ်ဝင်တစား၊ ရင်တမမဖြစ်နေကြတယ်။ အထူးသဖြင့် အာဏာရှင်တွေ ဆက်လက်ဗိုလ်ကျဆဲဖြစ်တဲ့ မြန်မာ၊ အီရန်၊ တရုပ်စတဲ့ ကျုပ်တို့လို နိုင်ငံတွေက အဖိနှိပ်ခံ ပြည်သူတွေကတော့ ရင်မ နေရုံသာမက အာဏာရှင်တွေကို လူထုလှုပ်ယှားမှုကြီးနှင့် တချီတမောင်းလောက် ပြန်အားစမ်းချင်နေကြပါတယ်။ အားလည်း တက်လာကြတယ်။ နည်းလမ်းကောင်းတွေကို တိုးတက်ရှာဖွေကြမယ်။ အခွင့်အလမ်းကောင်းတွေ ဖန်တီးမယ်။ ပေါ်ပေါက်လာမဲ့ အခွင့်အလမ်းကောင်းတွေကို “လူထုအား”နှင့် အမိအရ ဆုပ်ကိုင်ပြီး အရှိန်အဟုန်မြှင့်မယ်။ အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်မယ်။
အထက်ဖေါ်ပြပါ အမြင်သဘောထားကို ဒီမိုကရေစီလှုပ်ယှားသူတိုင်း သဘောပေါက်လက်ခံနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျုပ်တို့ နိုင်ငံမှာ လူထုလှုပ်ယှားမှု တစ်ခုပေါ်ပေါက်လာဖို့ဆိုတာ အင်မတန်မှ ပေးဆပ်မှု အရင်းအနှီးကြီးမားတယ်ဆိုတာ အားလုံးသိကြပါတယ်။ ရတောင့် ရခဲ၊ ဖြစ်တောင့် ဖြစ်ခဲတဲ့ လူထုလှုပ်ယှားမှုတစ်ခုက ထိရောက်စွာ အရှိန်မြှင့်ပြီး ပွဲသိမ်း အောင်ပွဲခံရမဲ့အစား ဘာကြောင့် ရက်ရက်စက်စက် အဖြိုခွဲ ခံနေခဲ့ရသလဲ။ ဘာကြောင့် ခေါင်းကျွံ ဦးကျိုး ခါးဆက်ပြတ်ပြီး ကျားပါးစပ်ထဲမှာ ပွဲသိမ်း တစ်ခမ်းရပ်သွားရသလဲဆိုတာကို စဉ်းစားမိတယ်။ အကြောင်းတွေ အများကြီး ရှိမှာပါ။
ဒီနေရာမှာ “လူထုအား” နှင့် ပြည်ပ ဖိအား ဆက်စပ်မှု အကြောင်းကိုဘဲ သီးသီးသန့်သန့် ဆွေးနွေးချင်ပါတယ်။
ရှင်ကိုဖျက် ဓဇက်၊ ဒါးကိုဖျက် ဝါးမျက်ဆိုသလို လူထုအင်အားကိုဖျက် နိုင်ငံတကာနှင့် ကုလသမဂ္ဂလို့ ဆိုသင့်ပြီလို့ ထင်ပါတယ်။ ဆိုခွင့်ပြုပါ။ မြန်မာပြည်မှာ မဝေးလှသော အတိတ်ကာလတွေက သွေးမြေကျ လူထု၊ ကျောင်းသား၊ သံဃာလှုပ်ယှားမှု အသီးသီးကို ဘူးသီးနုနု အမွေးသပ်သလို အရှိန်လျော့ကျစေပြီး နောက်ဆုံးကျရှုံးရသည်အထိ ဖြစ်ခဲ့ရတဲ့ အကြောင်းတွေထဲမှာ နိုင်ငံတကာနှင့် ကုလသမဂ္ဂ အားကိုးမှုကလည်း အရေးပါတဲ့ အကြောင်းတရားတစ်ခု ဖြစ်နေတာကို အထူးသဖြင့် ပြည်ပအင်အားစုများက အသိအမှတ်ပြုကြဖို့ လိုပြီဆိုတာကို အလေးထား တင်ပြချင်ပါတယ်။
ဒီလိုဆိုလိုက်တဲ့အတွက် နိုင်ငံတကာနှင့် ကုလရဲ့ အခန်းကဏ္ဍကို ငြင်းပယ်နေတာ မဟုတ်ပါဘူး။ အင်မတိ အင်မတန် လျော့တွက်ကြဖို့ ထောက်ပြချင်တာပါ။ နိုင်ငံတကာနှင့် ကုလမှာ ဖိအားတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသူတွေကို ဝေဖန်နေတာလည်း မဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင်လည်း နိုင်ငံတကာ ဖိအားတွေဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ နိုင်ငံတကာနှင့် ကုလမှာ ဖိအားတွေဖြစ်ပေါ်လာအောင် လုပ်ဆောင်နေသူတွေက ပြည်တွင်းက လူထုကို ဘာမှ ဖြစ်လာမှာ မဟုတ်တဲ့ နိုင်ငံတကာ ဖိအားက ဘာမျှော်လင့်ချက်မှ မပေးကြဖို့ သတိပေးချင်တာပါ။ အပြောင်းအလဲတွေ တစ်ကယ် ဖြစ်ပေါ်လာအောင် ပြည်ပရှိ ဘယ်လို အားတွေကမှ မလုပ်ဆောင်ပေးနိုင်ကြောင်းကို ပြည်ပဒီမိုကရေစီခေါင်းဆောင်များက ပြည်တွင်းက ပြည်သူလူထုကို စဉ်ဆက်မပြတ် ပွင့်ပွင့်လင်းလင်း ဝန်ခံ သတိပေးနေဖို့ အချိန်တန်ပါပြီ။ (ဒီနေရာမှာ ပြည်ပက ပြည်တွင်းကို နည်းမျိုးစုံနှင့် တိုက်ရိုက် ထောက်ကူနေခြင်းများကို ဝေဖန်နေခြင်း အလျဉ်း မဟုတ်ကြောင်း အထူး သတိချပ်စေလိုပါတယ်။)
ကုန်ကုန်ပြောရရင် ပြည်တွင်းနှင့် ပြည်ပက ဟန်ချက်ညီညီ အာဏာရှင် ပြုတ်ကျရေး လုပ်ဆောင်ကြတယ်ဆိုတဲ့ စကားလုံးကိုတောင် မသုံးစေချင်တော့ပါဘူး။ ဟန်ချက်ညီညီ ဆိုတဲ့ ပြောဆိုချက်ဟာ ပြည်တွင်းက လူထုအတွက် ပြည်ပက လူတွေကလည်း ဦးထမ်း၊ ပဲ့ထမ်း တန်းတူ လုပ်နေကြတယ်လို့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေတယ်။ ပြည်ပက ညီမျှတဲ့ တာဝန်ခံမှု၊ တာဝန်ကြေပွန်မှုကို ပြည်တွင်းက မျှော်လင့်စေရေးကို အားပေးနေတယ်။ ဒါဟာ အချက်အလက်အရ မှန်လည်း မမှန်ဘူး။၊ လက်တွေ့လည်း မကျဘူး။
မြန်မာ့အရေးမှာ နေတစ်စင်း၊ လတစ်စင်းလို လေးစားရတဲ့ ဆရာဦးဝင်းတင်ကို ထောင်ထဲထဲ့ပြီး ပြင်ပနှင့် အနှစ်နှစ်ဆယ်ခန့် အဆက်ဖြတ်ထားခဲ့ပါတယ်။ ဆရာကြီး ပြန်လွတ်ပြီးနောက် ဦးဝင်းတင်နှင့် စကားပြောခြင်းကဏ္ဍမှာ ပထမဆုံး ပြောခွင့်ရသူဟာ ညွန့်ပေါင်းအစိုးရက ဝန်ကြီးဦးဘိုလှတင့် ဖြစ်ပါတယ်။ ဦးဘိုလှတင့်တို့ ပြည်ပက ဘာတွေများ လုပ်ပေးနိုင်ပါသလဲလို့ ဆရာကြီးက မေးလိုက်သံကို အခုထက်ထိ ကြားယောင်နေပါသေးတယ်။
ကနေ့ ကမ္ဘာ့ဇာတ်ခုံပေါ်က လူထု အုံကြွမှုတွေထဲမှ လစ်ဗျားနိုင်ငံ အရေးကို ကောက်နှုတ် ဥပမာဆောင်ချင်ပါတယ်။
ဖေဖေါ်ဝါရီ (၁၅)ရက်က စခဲ့တဲ့ လူထု အုံကြွမှုကို စစ်ဗိုလ် အာဏာရှင် ကဒါဖီက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေခဲ့တယ်။ အေးချမ်းစွာ ဆန္ဒပြသူတွေ အပစ်သတ်ခံနေရတာ ထောင်ဂဏန်းတောင် ရောက်နေပါပြီ။ တစ်နိုင်ငံလုံး အုံကြွလာပြီး လစ်ဗျားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဘင်ဂါဇီ(Bingazi)ကို လူထုနှင့် စစ်တပ် ပေါင်းစည်း ချုပ်ကိုင်ထားလိုက်ပါပြီ။ တိုင်းပြည်အနှံ့မှာလည်း စစ်တပ်နှင့် လူထု လက်တွဲပြီး ကဒါဖီကို ဆန့်ကျင်လာကြတယ်။ မြို့တော် ထရီပိုလီ(Tripoli)ကလွဲရင် နိုင်ငံ့နေရာ အနှံ့အပြားကို ကဒါဖီက ပိုင်ပိုင် နိုင်နိုင် မထိန်းချုပ်နိုင်တော့ဘူး။ အာဏာရှင် ဗိုလ်မှူးကြီး ကဒါဖီ ဆန့်ကျင်ရေး လူထုကာကွယ်ရေး အဖွဲ့(Ad Hoc Committee)တွေ အမြို့မြို့ အနယ်နယ်မှာ အလျှိုအလျှို ပေါ်ပေါက်လာနေတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဗ်တယ် ဖါတ ယူနူးစ် (Abdul Fattah Younis)က ကဒါဖီရဲ့ လူသတ် အကြမ်းဖက်လမ်းစဉ်ကို ကန့်ကွက် နှုတ်ထွက်လိုက်ပြီး ကဒါဖီကို ဖြုတ်ချပြီး လူထုဘက်ကရပ်ဖို့ စစ်တပ်ကို ရုပ်သံက အတိအလင်း တောင်းဆိုလိုက်တယ်။ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ၊ ဝန်ကြီးတွေ အများအပြားက ကြေညာချက် အသီးသီးထုတ်ပြီး လူထုဘက်က ရပ်ကြတယ်။ တရုပ်၊ အိန္ဒိယ၊ အမေရိကန်၊ အင်ဒိုနေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း၊ အာရဗ်အဖွဲ့ချုပ်၊ အင်္ဂလန်နှင့် ဥရောပနိုင်ငံအချို့က လစ်ဗျားသံအမတ်တွေ အစုလိုက် အပြုံလိုက် နှုပ်ထွက်ကြတယ်။ လူထုကို တိုက်လေယာဉ်ပေါ်က ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခိုင်းတာကို ဆန့်ကျင်တဲ့ မီရဂ်ျ (Mirage F1 Fighter Jet)ဂျက် တိုက်လေယာဉ်မှူး ဗိုလ်မှူးကြီး နှစ်ယောက်က လေယာဉ်တွေနှင့်အတူ မော်လ်တာမှာ လာရောက် ခိုလှုံလိုက်တယ်။ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေပေါ်က အမြောက်ကြီးတွေ၊ စက်သေနပ်ကြီးတွေနှင့် အေးချမ်းစွာ ဆန္ဒပြတဲ့ ကိုယ့်ပြည်သူတွေကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ကုလဆိုင်ရာ လစ်ဗျား ဒုတိယသံအမတ် အီဗရာဟင် ဒါဖါရှီ (Ibrahim Dabbashi)က ဖေဖေါ်ဝါရီ(၂၃)မှာ ကျင်းပတဲ့ ကုလ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ ကဒါဖီက တိုက်လေယာဉ်တွေသုံးပြီး လူထုကို ထပ်မပစ်အောင် လေယာဉ် မပျံသန်းရေးဇုန် (No Fly Zone) သတ်မှတ်ပေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့တယ်။ ကဲ၊ အရပ်စကားနှင့် ပြောရရင် ဒိထက်ရှင်းတဲ့ ကိစ္စ(Case) ရှိသေးလားလို့တောင် ပြောရမလိုပါ။
သို့သော် ဘာဖြစ်လာလဲ။ ကိုရွှေတရုပ်နှင့် ကိုရွှေရုရှားတို့က မကြိုက်တဲ့အတွက် (လက်နက်၊ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကို ဆွေးနွေးဖို့က အဝေးကြီး) ကုလရဲ့ လစ်ဗျား ဒုတိယသံအမတ်ကိုယ်တိုင်က တောင်းဆိုတဲ့ အရပ်သားတွေကို လေယာဉ်ပေါ်က မပစ်သတ်နိုင်အောင် မပျံသန်းရေးဇုံကိစ္စကိုလည်း ဆွေးနွေးခွင့်တောင် မပေးခဲ့ပါဘူး။ လစ်ဗျားကို အပစ်တင်ကြောင်း၊ လူတွေသေတဲ့အတွက် ဝမ်းနည်းကြောင်း၊ ထိမ်းထိမ်း သိမ်းသိမ်း လုပ်ဖို့လိုကြောင်း ထုတ်ပြန်လိုက်သည် ဆိုတာလောက်နှင့်ဘဲ ဖေဖေါ်ဝါရီလ (၂၃)၊ ၂၀၁၀မှာ ဆုံးဖြတ်ချက်ချခဲ့တယ်။ အရေးယူ ဆောင်ရွက်မှု ဘာတစ်ခုကိုမှ မလုပ်ဆောင်နိုင်ဘူး။ လစ်ဗျားပြည်သူတွေအဖို့ အခြားကမ္ဘာအရပ်ရပ်က အဖိနှိပ်ခံပြည်သူတွေလို ကိုယ့်အား ကိုယ်ကိုးပြီး အာဏာရှင်ကို ဖြုတ်ချရေးကလွဲလို့ အခြားလမ်း မရှိပါ။
လုံခြုံရေးကောင်စီက အရေးယူနိုင်ရင်ကော ဘာဖြစ်လာတတ်သလဲ ဆိုတာကို လက်တွေ့ဖြစ်စဉ်တွေနှင့် ချိန်ထိုးကြည့်ရအောင်။
နိုင်းဝမ်းဝမ်းဖြစ်ပြီးစကာလ တကမ္ဘာလုံးရဲ့ စာနာမှုကို ရရှိတဲ့အပြင် အယ်လ်ကိုင်းဒါးရဲ့ အင်မတန် အစွန်းရောက်တဲ့ အန္တရာယ်ကြောင့် အာဖဂန်နစ္စတန်ကို အရေးယူခဲ့တဲ့ ကိစ္စကလွဲရင် ကုလလုံခြုံရေးကောင်စီက ဦးဆောင်ပြီး ဘာမှ ဆုံးဖြတ်ချက်ချ အကောင်အထည်ဖေါ် ပြီးပြတ်အောင် လုပ်ဆောင်နိုင်တာ မရှိပါဘူး။ အာဖဂန်ကိစ္စကလည်း အခုထက်ထိ မပြတ်သေးပါဘူး။ နောက်ဥပမာတစ်ခု ထပ်ပေးရရင် တီမော လွတ်လပ်ရေး ကိစ္စပါ။ တီမောနိုင်ငံထူထောင်ပေးသူဟာ ကုလမဟုတ်ပါဘူး။ တီမောပြည်သူတွေ အသေခံတိုက်ပြီးမှ၊ အင်ဒိုနေးရှားက မနိုင်တော့လို့ လက်လျော့ချင်မှ၊ ကုလက အင်ဒိုနေးရှားအစိုးရရဲ့ လက်ခံမှုအရ လွတ်လပ်သောနိုင်ငံအဖြစ် ဝင်အသိအမှတ်ပြု လိုက်ရတာပါ။ ဒီနေရာမှာ ကုလကို အပစ်တင်တာထက် သူ့ရဲ့ ဖွဲ့စည်းပုံအရကို အားနည်းချက်ဖြစ်နေပြီး မစွမ်းဆောင်နိုင်တာကို သိကြဖို့ ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ကုလရဲ့ အနေအထားမှန်ကို နားလည်ဖို့၊ မမျှော်လင့်သင့်တာကို မမျှော်လင့်ကြဖို့ တင်ပြလိုရင်းဖြစ်ပါတယ်။
ယူဂိုစလပ်ကို ဗုံးကြဲတာ ကုလလုံခြုံရေး ကောင်စီ မဟုတ်ပါဘူး။ အီရတ်ကို ဝင်တိုက်တာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မဟုတ်ပါဘူး။ ဆူဒန်သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း အိုမာ အယ်လ် ဗရှား(Omar Al-Bashir)ကို အိုင်စီစီ (International Criminal Court)က လူသားမျိုးတုန်း သတ်ဖြတ်မှု(Genocide)နှင့် တရားစွဲခဲ့တာ ၂၀၀၉ခု မတ်လကတည်းကပါ။ သို့သော် သူက ဒုတ်တစ်ချောင်းကိုင်ပြီး လူပုံအလယ်မှာ အခုထက်ထိ ယိမ်းကလို့ ကောင်းဆဲဖြစ်တဲ့အပြင် သူ့နိုင်ငံ ပိတ်ဆို့မှုတွေတောင် အနောက်နိုင်ငံတွေက တချို့တဝက် ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ တိဘက်ကို တရုပ်သိမ်းတာကို တရုပ်က ကန့်ကွက်လို့၊ ဂျော်ဂျီယာမြောက်ပိုင်းကို ရုရှားသိမ်းတာကို ရုရှားက ကန့်ကွက်လို့ ကုလက ဘာမှ မလုပ်ပေးနိုင်ပါဘူး။ မြန်မာ့အရေးနှင့် ပတ်သက်၍ တိုတိုနှင့် တဲ့တဲ့ပြောရရင် တရုပ် မထောက်ခံတာမှန်သမျှ ဘာဆို ဘာမှ မလုပ်ပေးနိုင်ပါဘူးလို့ အတိအကျပင် ဆိုရပါမယ်။
၁၈ရာစုခေတ်ကလို ကိုလိုနီနိုင်ငံတွေကို အသေခံ ဝင်တိုက်၊ အလုပ်ရှုပ်ခံ၊ အမုန်းခံ ဝင်အုပ်ချုပ်တာတွေ လုပ်တဲ့ခေတ်က ကုန်သွားပါပြီ။ သယံဇာတတွေလည်း စိတ်ကြိုက် ထရံခွါ သံချွတ် အမြစ်ပါတူးယူပစ်လို့ရတယ်။ မဟာရန်သူ အိန္ဒိကိုလည်း ခွချက် ခွေထားနိုင်တယ်။ သူ့နိုင်ငံက ပလပ်စတစ်တွေကိုလည်း အမြတ်အစွန်းကောင်းကောင်းနှင့် သွန်ချနေလို့ ရတယ်။ အိန္ဒိယ သမုဒ္ဒယာကြီးကို ထိန်းချုပ်နိုင်လိုက်တာမို့ သမုဒ္ဒယာတစ်စင်းလည်း အချောင်ရလိုက်တယ်။ မြန်မာပြည် ဒီမိုကရေစီ မရသရွေ့ တရုပ်အတွက် တစ်ဦးတည်း မောင်ပိုင် စားကွက်တွေချည်းပါဘဲ။ ယနေ့ကာလမှာ နိုင်ငံကြီး တစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို အောင်မြင်စွာ ခေတ်သစ် ကိုလိုနီလုပ်နိုင်ခြင်းရဲ့ အကောင်းဆုံး ဥပမာက တရုပ်နှင့် မြန်မာဖြစ်ပါတယ်။ တရုပ်နှင့် တိဘက်တောင် အကောင်းဆုံး ဥပမာစာရင်း မဝင်ပါဘူး။ ကျုပ်တို့ဖါသာ ကျုပ်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး တိုက်တာမဟုတ်ဘဲ၊ ကုလအားကိုးနေလို့ကတော့ ဗီတိုအာဏာရှင် တရုပ်နဂါးကြီး ပါးစပ်က တစ်သက်မလွတ်နိုင်ပါဘူး။
မြန်မာ့အရေး ကြွမ်းကျင်သူတွေ ကြက်တူရွေး ရွတ်သလို တရုပ်ကိုယ်စား တဖွဖွ ရွတ်နေတဲ့ တရုပ်က မြန်မာပြည် တည်ငြိမ်ရေးကို လိုလားပါတယ်ဆိုတာကလည်း လူထုအတွက် မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပြည်သူတွေ မလှုပ်နိုင်အောင် ယခုကဲ့သို့ ဆက်လက် ဖိနှိပ် ချုပ်ကိုင်ထားရေးကိုသာ တရုပ်က လိုလားနေခြင်းဖြစ်ကြောင်းကို သဘောမပေါက်သူများ ရှိနေဆဲပါ။ မြန်မာပြည် မျော့နေ ပြားနေမှ တရုပ်ကလည်း ပင်မသွေးကြောမကြီးတွေကို မိမိ ရရ ပိုင်ပိုင် နိုင်နိုင် ချုပ်ကိုင်ပြီး ဇိမ်ကျကျ သွေးစုပ်နေနိုင်မှာပါ။ အာဏာရှင် တရုပ်က အိမ်နီးချင်း မြန်မာပြည်မှာ သွေးတူ မွေးတူ အာဏာရှင်မျိုးကိုသာ လိုလားတယ်၊ ဒီမိုကရေစီကို မုန်းတယ်ဆိုတာကို ဗေဒင်မေးစရာ မလိုပါဘူး။ ဗိုလ်ချုပ်တွေ ခေါင်းမာလေ၊ မြန်မာပြည် အထီးကျန်လေ၊ တရုပ်ကို အားကိုးရလေ၊ တရုပ် ပွလေ ပါဘဲ။
ပြည်ပအင်အားစုတွေက နာဂစ်ဖွဲ့စည်းပုံကို ကန့်ကွက်ဖို့၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ နအဖ
ဗိုလ်ချုပ်တွေကို ကမ္ဘာ့တရားရုံးတင်ဖို့၊ ၂၀၁၀အရ ပေါ်ပေါက်လာမဲ့ လွှတ်တော်နှင့် အစိုးရကို အသိအမှတ် မပြုဖို့၊ တစ်ဆက်တည်းမှာဘဲ ကြံ့ဖွတ်အစိုးရ ပြုတ်ကျပြီး လူထုအစိုးရ ပေါ်ထွန်းလာဖို့ ကျရာနေရာက ကြိုးပမ်း လုပ်ဆောင်နေကြတာကို အလေးပြုပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေခြင်းလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်တွေကို ကမ္ဘာ့တရားရုံးတင်ဖို့၊ ၂၀၁၀အရ ပေါ်ပေါက်လာမဲ့ လွှတ်တော်နှင့် အစိုးရကို အသိအမှတ် မပြုဖို့၊ တစ်ဆက်တည်းမှာဘဲ ကြံ့ဖွတ်အစိုးရ ပြုတ်ကျပြီး လူထုအစိုးရ ပေါ်ထွန်းလာဖို့ ကျရာနေရာက ကြိုးပမ်း လုပ်ဆောင်နေကြတာကို အလေးပြုပါတယ်။ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေခြင်းလည်း ဖြစ်ပါတယ်။
သို့သော် မမှန်သော၊ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်သော အတုအယောင် မျှော်လင့်ချက်မျိုးကိုတော့ ပြည်တွင်းကို သိသိကြီးနှင့် မပေးစေချင်ပါ။
ဥပမာ နာဂစ်ဖွဲ့စည်းပုံက တောင်အာဖရိက အသားအရောင် ခွဲခြားရေးဖွဲ့စည်းပုံထက် ပိုဆိုးတဲ့အတွက် လုံခြုံရေးကောင်စီက ပယ်ချနိုင်တယ်လို့ ဆိုတာမျိုး(လုံခြုံရေးကောင်စီက နာဂစ်ဖွဲ့စည်းပုံကို ပယ်ချဖို့အကြောင်း ရေးရေးတောင် မရှိပါ)၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် အစိုးရကို နိုင်ငံတကာက အသိအမှတ် မပြုရေးက တစ်ကယ်ဘဲ ဖြစ်လာမည့် ယောင်ယောင် (ဖိနှိပ်မှု၊ မမျှတမှုတွေအရ ရလဒ်ကို အသိအမှတ်ပြုဖို့ ခက်ခဲကြောင်းလောက်ကို ဖိအားပေးတဲ့သဘော ပြောကြားခြင်းကလွဲရင် အသိအမှတ်မပြု ငြင်းပယ်ဖို့က လုံးဝ မဖြစ်နိုင်ကြောင်းကို ကမ္ဘာ့နိုင်ငံကြီးများက ပုံသဏ္ဍာန်အမျိုးမျိုးနှင့် အစဉ်တစိုက် ပြောကြားနေခဲ့ပါတယ်)၊ အိုင်စီစီမှာ တရားစွဲပြီး၊ ကုလကဘဲ မြန်မာပြည်ထဲဝင်ပြီး၊ ဗိုလ်ချုပ်မှူးကြီးကို ဝင်ဖမ်းတော့မယ်လိုလိုဆိုတဲ့ ပြောလုံးမျိုးတွေဟာ လူထုရဲ့ ဘယ်သူ့မှ အားမကိုးဘဲ၊ ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန် ကိုယ်ထမ်းပြီး အောင်ပွဲခံသည်အထိ အနစ်နာခံ သက်စွန့်ကြိုးပမ်း ဆက်လက်တိုက်ပွဲဝင်ရေးကို နောက်တွန့်စေတယ်။ တွေဝေစေတဲ့အတွက် အထူးသတိထားကြဖို့ အချိန်တန်ပါပြီ။
တစ်ကယ်တော့ ပြည်ပဖိအားဆိုတာဟာ ကလေးတွေရဲ့ ကစားပွဲတစ်ခုထဲက စာရင်း မပေါက်တဲ့ ထမင်းဂျိုး၊ ဟင်းဂျိုးထက် နဲနဲဘဲသာပါတယ်။ မဝေးတော့သော အနာဂါတ်ကာလ မြန်မာပြည်မှာ လူထုအုံကြွမှုထပ်ဖြစ်အုန်းမှာပါ။ ဖြစ်ခဲ့လျှင် ပြည်တွင်းက ခေါင်းဆောင်များ မိမိလုပ်စရာ ရှိသည်ကို မတွန့် မရွံ့ ဆိုက်လိုက်မတ်တတ် ဆုံးခန်းတိုင် နောင်ရိုးစိတ်ဓါတ်နှင့် အပြီးအပြတ် လုပ်ဆောင်နိုင်ရေးသည် အင်မတန်မှ အရေးကြီးပါတယ်။ ကျုပ်တို့နိုင်မှ ကျုပ်တို့ဘက်က လာရပ်ပေးမဲ့၊ ကျုပ်တို့ မနိုင်ခဲ့သော် ထုံးစံအတိုင်း ဗိုလ်ချုပ်တွေကို မျက်နှာချို ဆက်သွေးကြမဲ့ (တရုပ်ကြောင့် တစ်ကယ်လည်း အရေးယူလို့ ရမှ မရတာ) နိုင်ငံတကာနှင့် ကုလကြီးကို ယောင်လို့မှ အားမကိုးမိကြဖို့၊ စောင်းငဲ့ကြည့်ပြီး အရှိန်မလျှော့မိစေဖို့၊ ပြည်ပအားကို စာရင်းမသွင်းဖို့ လိုအပ်ပြီ ဖြစ်ကြောင်းပါဗျာ။
အောင်တင်
ဖေဖေါ်ဝါရီ (၂၄)၊ ၂၀၁၁
0 comments:
Post a Comment