အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် အကူအညီ ပေးရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီနဲ့ရော၊ မြန်မာ အစိုးရ နဲ့ပါ ဆွေးနွေးမှုတွေ စတင် ဆောင်ရွက် နေပြီလို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး တာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး က ပြောပါတယ်။
အင်္ဂါနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်း စုကြည် ပါဝင်တဲ့ အန်အယ်လ်ဒီ ခေါင်းဆောင် တွေက မစ်စတာ လယ်ရီ ဒင်္ဂါး နဲ့ သူ့အိမ်မှာ တစ်နာရီကြာ တွေ့ဆုံ ခဲ့ကြ ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြတယ် ဆိုတဲ့ အသေးစိတ် ကိုတော့ နှစ်ဖက် စလုံးက ထုတ်ပြန်ခြင်း မရှိ ပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှု တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ သဘောထား က တော့ ပြည်သူ လူထုကို ထိခိုက်တယ် ဆိုရင် ဘယ်လို နည်းလမ်း ရှာ သင့်တယ် ဆိုတာ စီးပွားရေး ပိတ်ဆို့တဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ တံခါး ဖွင့်ထား ပါတယ် လို့ အန်အယ်ဒီ ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။
အနောက် နိုင်ငံ တွေရဲ့ပိတ်ဆို့ အရေး ယူမှုနဲ့ပတ်သက်လို့ မြန်မာ အစိုးရ ထိန်းချုပ်တဲ့ သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို အပြစ်တင် ခဲ့ပြီး၊ သူ့အပေါ် ခြိမ်းခြောက်မှု ဆန်တဲ့ သတင်း ဆောင်းပါး တွေကို ဖော်ပြခဲ့ ပါတယ်။
အန်အယ်ဒီ ပါတီ ဘက်က လေ့လာချက် အရ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု တွေဟာ ပြည်သူ တွေကို တိုက်ရိုက် ထိခိုက်မှု မရှိဘဲ အစိုးရကိုသာ ထိခိုက် စေတာ ဖြစ်တယ် လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်း တစ်စောင်မှာ ဖော်ပြခဲ့ ပါတယ်။
ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေ ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟ အသင်းဟာ အများစွပ်စွဲ နေသလို နိုင်ငံရေးဘက်မှာ အသုံးချဖို့ မဟုတ်ဘူး ဆိုတာ အသက်ရင်းလို့ တာဝန်ခံတယ်၊ သူပိုင်သမျှ စည်းစိမ် ချမ်းသာ ပုံပေးပြီး တာဝန်ခံပါတယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။
အထက်က လူကြီးတွေခိုင်းလို့ နယ်စပ်ဒေသက တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြား အဖြစ် ကူးပြောင်း သွားနေတာတွေကို ဟန့်တား ကာကွယ်ဖို့ သက်သက်သာ ဖြစ်တယ်၊ နောက်ဆုံး အသင်းကို နိုင်ငံရေးအတွက် သုံးနေတယ် ဆိုတာကို သက်သေပြနိုင်ရင် သူ အသင်း ဥက္ကဌ တာဝန်ကနေ ထွက်လိုက်မယ်၊ အသင်းကို ဖျက်ဖို့ အာဏာရှိလည်း ဖျက်ပေး ပါမယ်လို့ ဦးခင်ရွှေက အာမခံပါတယ်။
အဆိုးချည်း မမြင်ကြဘဲ နည်းနည်းလေး အကောင်းမြင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာ ထွန်းကား ပြန့်ပွားဖို့ကို အသင်းရဲ့ ငွေနဲ့ ပံ့ပိုးကူညီ သွားမယ်၊ အဲဒီလိုတွေ လုပ်ကိုင်နိုင်ဖို့ အသင်းကို ဗဟိုအဆင့်ကနေ ကျေးရွာ အဆင့်ထိ အဆင့်ဆင့် ဖွဲ့စည်းဖို့ လုပ်ကိုင် နေတာပါလို့လည်း သူက ပြောပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့ နုဂ္ဂဟအသင်းမှာ ကြံ့ခိုင်ရေးပါတီက အသင်းဝင် ၂၀ ရာခိုင်နှုန်း လောက်တော့ ရှိနိုင်တယ်လို့တော့ ဦးခင်ရွှေရဲ့ အပြောအရ သိရပါတယ်။
2011-02-23
ကိုမျိုးရန်နောင်သိန်းနဲ့ စေတနာရှင် လူငယ်တစု စီစဉ် ဖွင့်လှစ်ထားတဲ့ ဗေဒါ သင်တန်းကျောင်း နေရာအသစ်မှာလည်း မယက ဥက္ကဋ္ဌက ဖိအားပေးနေတဲ့အတွက် အခက်အခဲ ရှိနေကြောင်း သတင်းရရှိပါတယ်။
တာမွေမြို့နယ် မယက ဥက္ကဋ္ဌကနေ အိမ်ရှင်ကို အိမ်မငှားဖို့ ဖိအားပေးနေပြီး၊ ယာယီ အိမ်ထောင်စု စာရင်းနဲ့ ညအိပ်ခွင့် ဧည့်စာရင်းတွေကို ထုတ်မပေးဖို့ ရယကတွေကိုလည်း ညွန်ကြားထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဗေဒါ သင်တန်း နေရာကို တာမွေကနေ အမှတ် ၇ စမ်းချောင်းလမ်းကို ပြောင်းရွှေ့ခဲ့တာပါ။ ၁၆ ရက်နေ့မှာပဲ စမ်းချောင်းလမ်းက ရပ်ကွက်လူကြီးတွေကနေ ယာယီအိမ်ထောင်စု စာရင်းကို ထုတ်ပေးခဲ့တာ ဖြစ်ပေမဲ့။ ၁၉ ရက်နေ့မှာ ပြန်သိမ်းသွားနောက် မြို့နယ် ဥက္ကဋ္ဌက အိမ်ရှင်ကို စတင် ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
၂၀ ရက်နေ့မှာ မယက ဥက္ကဋ္ဌ ဦးတင့်လွင်က အစည်းအဝေးခေါ်လို့ အိမ်ရှင်ရော။ အိမ်ငှားသူ ကိုမျိုးရန်နောင်သိန်းတို့ပါ မယက ရုံးကို သွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ကိုလင်းနိုင်ဦးက အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ကို ဒီကနေ ဖယ်ခိုင်းဖို့အတွက် ကျွန်တော်တို့ အိမ်ရှင်နဲ့ တွေ့ဖို့ ၂၀ ရက်နေ့က ကျွန်တော်တို့ကို ချိန်းလိုက်တယ်။ ၂၀ ရက်နေ့က ချိန်းလိုက်တော့ အဲဒီ မနက်ပိုင်းမှာပဲ ကျွန်တော်တို့ သွားတဲ့အချိန်မှာပဲ သူတို့ အိမ်ရှင်ကို နည်းနည်းပဲ ကျပ်လိုက်တယ်ပေါ့။ ကျွန်တော်တို့ အချိန်မီ ရောက်သွားတဲ့အတွက်။ အချိန်မီရောက်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ကို ဘေးကို ခေါ်ပြီးတော့ သူက ကျွန်တော်တို့နဲ့ အရင်ဆုံး တွေ့တယ်ပေါ့နော်။ ဟို မင်းတို့မှာ ပိုက်ဆံ ၁၅ သိန်း ရှိသလားတဲ့ ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်က ဘာကိစ္စ မေးတာလဲဆိုတော့ မဟုတ်ဖူးတဲ့၊ ငွေရှိရင် ကိစ္စတော်တော်များများကို ဖြေရှင်းနိုင်တယ်တဲ့။ မယက ဥက္ကဋ္ဌက ကျွန်တော်တို့ကို အဲလို ပြောတယ်။”
မယက ဥက္ကဋ္ဌက စစ်တိုင်းမှူးက ခိုင်းလို့ လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုမျိုးရန်နောင်သိန်းတို့ဖက်က နိုင်ငံရေးလုပ်နေတာ မဟုတ်ကြောင်း၊ ပညာအခမဲ့ ဖြန့်ဝေတာသာ ဖြစ်ကြောင်း မယက ဥက္ကဋ္ဌ ကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကိုမျိုးရန်နောင်သိန်းက အခုလို ရှင်းပြပါတယ်။
“စောစောပိုင်းတုန်းကဆိုတော့ ကျွန်တော်တို့ဆီက သူတို့ ငွေရဖို့ ကြိုးစားနေတယ်။ မရတဲ့အခါမှာ သူက ပရက်ရှာပေးတယ် ဆိုတဲ့ဟာမျိုး။ ကျွန်တော်တို့တွေကတော့ အခုလောလောဆယ်မှာ ရယကကို အကြောင်းကြားထားတယ်၊ ညဖက်ဆိုလို့ရှိရင် ဒီမှာ နေထိုင်မဲ့ လူစာရင်းပေါ့၊ မဝတကိုလည်း အကြောင်းကြားတယ်၊ ပြီးတော့ ကျွန်တော်တို့ စခန်းမှူးကိုလည်း အကြောင်းကြားတယ်။ ပြီးတော့ ရယကက ကျွန်တော်တို့ကို သန်းခေါင်စာရင်း ထုတ်မပေးဘူး။ ဘာကြောင့်လဲဆိုတော့ အမိန့်မရလို့တဲ့။ ဆိုတော့ ကျွန်တော်တို့ကတော့ ဆက်နေသွားမယ်။ ဒီမှာ အိပ်တဲ့လူတွေကလည်း ဆက်အိပ်သွားမယ်။ သူတို့က မထုတ်ပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို မှတ်ပုံတင် မိတ္တူရယ်၊ ဧည့်စာရင်း တိုင်ကြားခြင်း ဆိုပြီးတော့ တရားဝင် အကြောင်းကြားတယ်ခင်ဗျ။”
ရယက က ဧည်စာရင်း ထုတ်မပေးတဲ့အတွက် နယ်က သင်တန်းသားတွေအတွက် အခက်အခဲ ရှိနေပြီး၊ နယ်က တချို့ သင်တန်းသားတွေ ပြန်သွားရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-02-23
X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်အမှုမှာ ဗဟိုတရား ရုံးချုပ်ရဲ့ ဆောင်ရွက်ချက်ဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဝေဖန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။
“ကိုဖြိုးဝေအောင်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးချုပ်ကနေပြီးတော့ အင်းစိန်ထောင်အတွင်း တရားရုံးမှာ ဆက်လက် စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချတာက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နောက်ပြီးတော့ အခု ကျွန်တော်တို့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နောက်တခါ ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းမဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေထဲက တရားစီရင်ရေးဆိုင်ရာ မူဖြစ်တဲ့ လွတ်လပ်စွာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေး စီရင်ရမယ်ဆိုတဲ့ မူကို အတိအလင်း မျက်ကွယ်ပြုပြီး ဆုံးဖြတ်ထားတယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောလိုခြင်း ဖြစ်ပါတယ်။”
တရားစီရင်ရေးမှာ အများပြည်သူ့ရှေ့မှောက် စစ်ဆေးရမယ်ဆိုတဲ့ ဥပဒေကို အာဏာပိုင်တွေ ကိုယ်တိုင် မျက်ကွယ်ပြုနေတဲ့ အခုလို ဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ အတော်များများ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ကိုဖြိုးဝေအောင်အမှုမှာ တရားရုံး လုပ်ထုံးလုပ်နည်းတွေထဲက တခုဖြစ်တဲ့ ရှေ့နေက သက်သေခံ စာရွက်စာတမ်း မိတ္တူကူးဖို့နဲ့၊ ဆရာဝန်ဆေးစစ်ချက်တွေ မိတ္တူကူးဖို့ကိုလည်း တရားရုံးက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒ့ါအပြင် မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပြုဘူးလို့ ပြောပါတယ်။
ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်မှာ အာဏာပိုင်တွေက ထောင်တွင်းပြစ်မှုတခုနဲ့ တိုက်ပိတ် ပြစ်ဒဏ် ခတ်ထားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့် ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း ဝေဖန်ကြသည်။ (Photo: AFP)
2011-02-23
လာမဲ့ ဧပြီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်မဲ့ ၂၀၁၁ ခု ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဆိုင်ရာ ဥပဒေတွေကို လွှတ်တော် မခေါ်ယူခင် ၅ ရက်လောက်အလိုမှာ စစ်အစိုးရက လျှို့ဝှက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီဥပဒေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နိုင်ငံတော်ပြန်တမ်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပေမဲ့ အများပြည်သူကို ထုတ်ပြန် အသိပေးတာ မရှိသေးပါဘူး။ အခုလို နိုင်ငံမှာ အရေးကြီးဆုံး ဥပဒေတခုကို စစ်အစိုးရက ဘာ့ကြောင့် လျို့ဝှက် ထုတ်ပြန်ခဲ့သလဲ၊ တခြားနိုင်ငံတွေမှာလို လွှတ်တော်မှာ အကျေအလည် ဆွေးနွေးဆုံးဖြတ်ပြီးမှ အတည်ပြု ထုတ်ပြန်တာမျိုး ဘာ့ကြောင့် မလုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ အချက်တွေပေါ်မှာ သုံးသပ်သူတွေရဲ့ အမြင်များကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။
ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 15:15
ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀၀ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀၀ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအ၀ိုင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်
ဧရာဝတီ TUESDAY, 22 FEBRUARY 2011 12:35
ကနေဒါနိုင်ငံ ကာလီတန် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့် လိုက်သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုတက်ယူနိုင်မည်မဟုတ်ကြောင်း သိရသည်။ ကနေဒါနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကို ဆုချီးမြှင့်ခဲ့ သည်မှာ ယခု တကြိမ်အပါအ၀င် ခြောက်ကြိမ် ရှိပြီဖြစ်သည်။
စစ်ကိုင်းရှိ အင်တာနက်ဆိုင်များကို ရှောင်တခင် စစ်ဆေး
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 15:14
စစ်ကိုင်းမြို့ရှိ အင်တာနက်ဆိုင်များကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့(စ သုံးလုံး)မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က ၀င်ရောက် စစ်ဆေးမှု ပြုလုပ်သွားသည်ဟု သိရသည်။ အထက်အမိန့်အရ လာရောက်စစ်ဆေးခြင်းဟု ပြောဆိုကာ ဆိုင်ရှိ ကွန်ပျူတာများ အားလုံးကို ဖွင့်၍ စစ်ဆေးခဲ့သည့်အပြင် Kyelogger(သုံးစွဲသူများ ရိုက်နှိပ်လိုက်သည့် အရာမှန်သမျှ ကို မှတ်ထားပေးသည့် စနစ်) ထည့်သွင်း ထားခြင်း မရှိသောကြောင့် ဆူပူကြိမ်းမောင်း၍ ထိုစနစ်ထည့်သွင်းထားရန် ပြောဆိုသွားသည်ဟု ဒေသခံတဦးက ဆိုသည်။
ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 17:32
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အတွက် လက်နက် ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ဒေသခံ ထိုင်းနိုင်ငံသား ၂ ဦး၏ နေအိမ်များတွင် ထိုင်းရဲနှင့် စစ်တပ်အာဏာပိုင်များ ပူးပေါင်း၍ ၀င်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေခံ ပစ္စည်းများအဖြစ် ရောင်းချထားပြီးသား ၉ မမ ပစ္စတို သေတ္တာ ၅၆ သေတ္တာနှင့် သေနတ်ပြောင်းရှည် ၂ လက်နှင့် M 60 သေနတ် ကျည်ဆန်အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်း ရမိကြောင်း ထိုင်းအခြေစိုက် Krobkruakao သတင်း ၀က်ဘ်ဆိုက်တွင် ရေးသားထားသည်။
အဆိုပါ သတင်းတွင် ဖော်ပြချက်အရ UWSA တပ်ဖွဲ့ဝင်များတွင် လက်နက်ထုတ်လုပ်သည့် စက်ရုံများ ရှိသည်ဟု သိရှိထားသော်လည်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်အရ လက်နက်များကို နယ်စပ်ဒေသရှိ “၀” တပ်ဖွဲ့ဝင်များထံသို့ ပေးပို့ရန် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်သော “အထွန်း” ဆိုသူနှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ လူတဦး ပူးပေါင်း၍ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်များကို စစ်ဆေးတွေ့ရှိချက်အရ တချို့လက်နက်များကို နခွန်စဝမ် (Nakhon Sawan) ခရိုင်မှ တဆင့် သယ်ယူခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ထိုင်းထောက်လှမ်းရေးနှင့် နီးစပ်သူတဦးက လက်နက်ရောင်းဝယ်သူများ ဖမ်းဆီးမိသည်ဟု ကြားသိရသော်လည်း မြန်မာဘက်အခြမ်းမှ ပါဝင်ပတ်သက်မှုများနှင့် ပတ်သက်၍ အသေးစိတ်မသိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်နက်များ ဖမ်းဆီးရရှိမှုကို မယ်ဆိုင်မြို့နယ် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်နက်ကိစ္စနှင့် ဖမ်းဆီးထားသော တရားခံများ ယင်းတို့စခန်းတွင် ထိန်းသိမ်းထားခြင်း မရှိကြောင်း ပြောသည်။
UWSA တွင် စစ်သည်အင်အား နှစ်သောင်းမှ နှစ်သောင်းခွဲကြားရှိကြောင်း၊ ၎င်းတို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြောင်း သိရသည်။
အမေရိကန် သံရုံးတာဝန်ခံနှင့် ဒေါ်စု ဆွေးနွေး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်
ချင်းမိုင် (မဇ္စ္ဈိမ) ။ ။ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီများ ပေးရေးနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ဆွေးနွေးနေကြောင်း ရန်ကုန် အမေရိကန် သံရုံးတာဝန်ခံ မစ္စ္စတာ လာရီအမ်ဒင်းဂါးက ပြောကြားခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ် သတင်းစာက ဗုဒ္ဓ္ဓဟူးနေ့ ညနေပိုင်းတွင် ရေးသားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် အင်္ဂါနေ့က တွေ့ဆုံခဲ့သည် ဆိုသည်။ သို့သော် ပြောခွင့်မရှိသဖြင့် အသေးစိတ်ပြောရန် ငြင်းဆိုသည်။
လာရီဒင်းဂါးက မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အစိုးရသစ်နှင့်လည်း ဆွေးနွေးလျက် ရှိကြောင်းနှင့် ဆွေးနွေးရာတွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ အရေးယူချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုလည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်ဟု နယူးယော့ခ်တိုင်းမ်စ်က ဆိုသည်။
မြန်မာနိုင်ငံ၌ ၁၉၉ဝ ရွေးကောက်ပွဲ နောက်ပိုင်း နှစ်ပေါင်း ၂ဝ အကြာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို မနှစ် နိုဝင်ဘာက ကျင်းပခဲ့ပြီး အမည်ခံသက်သက် ပါလီမန်စနစ်ကို အကောင်အထည် ဖော်နေသလို ရွေးကောက်ပွဲကိုလည်း အကွက်ချ စီစဉ်ထားမှုဟု ဝေဖန်နေကြသည်။
အိုဘားမား အစိုးရက မြန်မာ အစိုးရသစ်နှင့် မြန်မာ့ ဒီမိုကရေစီရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ရှာဖွေနေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ပိတ်ဆို့အရေးယူမှုများ ဆောလျင်စွာ မရုပ်သိမ်းကြရန် သတိပေးခဲ့သည်။
မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စာရေးဆရာကြီး မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ဆွမ်းကျွေးပွဲကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည်။
ဆရာမြသန်းတင့်မှာ အဓိကအားဖြင့် ဘာသာပြန် စာပေများကို ရေးသားခဲ့ပြီး အရောင်းသွက် Best seller စာပေများထက် ဂန္ထဝင်စာပေများကိုသာ မြန်မာဘာသာသို့ ပြန်ဆိုလေ့ရှိသည့် အထင်ကရ စာရေးဆရာကြီး တဦးဖြစ်သည်။
“ကိုမြသန်းရဲ့ ဘာသာပြန်တွေဟာ သပ်သပ်ရပ်ရပ်၊ သိမ်သိမ်မွေ့မွေ့နဲ့ မြွေလေးတကောင် ရေကူးသွားသလိုပဲ။ ကျနော်တို့ ဘာသာပြန်တာတွေဟာ ဘာနဲ့တူလဲဆိုရင် ခွေးတကောင် ရေထဲကန်ချလိုက်တဲ့အခါမှာ သူလည်း ရေကူးတာပဲ။ ကူးပေမယ်လို့ သူက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ဘယ်ဘက်ဦးတည်မှန်းလည်း မသိဘူး။ ဒါ ကျနော့်စိတ်ထဲမှာ နှစ်ပေါင်းများစွာ ထောင်ထဲနေရင်းနဲ့ ပြန်စဉ်းစားမိတာပါ” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ထင်ရှားသော ဘာသာပြန်လက်ရာများထဲတွင် စစ်နှင့် ငြိမ်းချမ်းရေး (၁၂ တွဲ)၊ ခန်းဆောင်နီအိပ်မက် (၉ တွဲ)၊ ရွှေပြည်တော် မျှော်တိုင်းဝေး (၈ တွဲ)၊ ပါရီ ကျဆုံးခန်း (၃ တွဲ)၊ လေရူးသုန်သုန် (၂ တွဲ)၊ အချစ်မိုးကောင်းကင် (၂ တွဲ)၊ သုခမြို့တော်၊ မိန်းမတို့အကြောင်း စသဖြင့် စာအုပ် ၂ဝ ကျော် ဘာသာပြန်ဆိုပေးခဲ့သည်။
ဆရာမြသန်းတင့်သည် သက်တမ်းတလျှောက် နိုင်ငံရေး၊ စာပေနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ကလောင်တဖက်၊ မိုက်ခွက်တဖက်နှင့် စာရေးဆရာဟု အသိအမှတ်ပြုခံရသူ ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း မြေအောက်လှုပ်ရှားမှုများ၊ ပခုက္ကူခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ၊ အထက်ဗမာပြည် ဖဆပလ အဖွဲ့ချုပ်၊ ဖြူးလယ်သမားကွန်ဂရက် ကိုယ်စားလှယ်နှင့် သီးစားခ မပေးရေး တိုက်ပွဲများတွင် ဆရာကြီး မြသန်းတင့် ခေါင်းဆောင်ခဲ့သည်။ ပြည်သူ့တိုးတက်ရေး ပါတီတွင်လည်း ပေါလစ်ဗျူရို လူကြီးအဖြစ် တာဝန်ယူခဲ့သည်။ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ နှစ်ကြိမ်တိုင် ထိန်းသိမ်းခံခဲ့ရဖူးသည်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်ပြီးနောက် စာပေသစ်လှုပ်ရှားမှုတွင် ဒဂုန်တာရာ၊ အောင်လင်း၊ ကြည်လင်၊ သန်းတင်တို့နှင့်အတူ ဦးဆောင်ခဲ့ပြီး “စာပေသည် ပြည်သူ့အတွက်” ဟု ကြွေးကြော်ခဲ့သူ ဖြစ်သည်။
ပင်ကိုယ်ရေး ဝတ္ထုများထဲမှ အကျော်ကြားဆုံးဖြစ်သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ဝတ္ထုမှာ ၇ ကြိမ်တိုင် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရပြီး၊ မြသန်းတင့်၏ သင်္ကေတ တခုသဖွယ် ဖြစ်ခဲ့ကာ စာပေဟောပြောပွဲများ၌ ထည့်သွင်းရှင်းလင်း ဟောပြောရလေ့ရှိသည်။
“၁၈ ရက်နေ့က ကျနော် ရမည်းသင်း စာပေဟောပြောပွဲမှာ ရောက်နေပါတယ်။ ဒီနေ့ဟာ ဆရာမြသန်းတင့် ကွယ်လွန်တာ ၁၃ နှစ်မြောက်ပါလို့ ထည့်ပြောခဲ့ပါသေးတယ်။ ပဏာမ နိဒါန်းမှာကတည်းက ကျနော်ပြောပါတယ်။ စာပေဟောပြောပွဲကို အလေးအနက် ထားသင့်ကြောင်း၊ စာပေဟောပြောပွဲဆိုတာ စာရေးဆရာတို့ရဲ့ စာပေသာသနာပြု လုပ်ငန်းတခုဖြစ်ကြောင်း၊ ဆရာမြက အဲလိုခံယူပြီး ဟောပြောလေ့ရှိတဲ့အကြောင်း၊ အဲလိုပဲ ကျနော်တို့လည်း နည်းနာယူပြီး အားထုတ်တဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်” ဟု ဆရာချစ်ဦးညိုက မဇ္ဈိကို ပြောသည်။
ဆရာမြသန်းတင့်သည် အသက် ၇၉ နှစ်အရွယ် ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၈ဝ ကျော် ရေးသားပြုစုသွားခဲ့သည်။ ထိုအထဲတွင် ဝတ္ထု၊ ပြဇာတ်၊ စာပေဝေဖန်ရေး၊ ခရီးသွား၊ အထ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ သမိုင်း၊ ကဗျာကဲ့သို့ စာပေအမျိုးအစားများ ပါဝင်သည်။ ပြည်တော်သစ် ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုးတက်ရေး သတင်းစာတွင် ဘာသာပြန် အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဆရာမြသန်းတင့် ကွယ်လွန်ပြီးနောက် စာရေးဆရာ၊ ကဗျာဆရာများ စုစည်း၍ ‘စာပဒေသာ ဥယျာဉ်မှူးကြီး မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာပါရဂူက ‘မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာဝင်းငြိမ်းက မြသန်းတင့်နှင့် အင်တာဗျူးကို ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူ’ ဟူ၍လည်းကောင်း ဆရာမြသန်းတင့်အကြောင်း စာအုပ်များ ထုတ်ဝေထားကြသည်။
0 comments:
Post a Comment