Monday, February 21, 2011

မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော်

တပ်မတော် ဖခင် ချစ်စေချင်

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီး အေးမြင့်

ဒီနေ့ တပ်မတော်ရဲ့ နိဒါန်းအစ ပေါက်မြောက် ဖြစ်ထွန်းလာခဲ့ရတဲ့ မနေ့က တပ်မတော်ကို တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ တပ်မတော်ရဲ့မူလ ပထမ ဖခင်အစစ် ဗိုလ်ချူပ်အောင်ဆန်းက ဦးစီးတည်ထောင် ခဲ့တယ်ဆိုတာကို ဘယ်သူမှ ငြင်းမရတဲ့ သမိုင်းသာဓက တစ်ရပ်ဖြစ်ပါတယ်။ ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနဲ့အတူ စတင်မွေးဖွားခဲ့တဲ့ တပ်မတော်ကြီးလည်း ဖြစ်ပါတယ်။ ဗိုလ်ချူပ်အောင်ဆန်း အမှူးပြုတဲ့ သူရဲကောင်း အာဇာနည် ရဲဘော် သုံးကျိပ်ဝင်များက ဦးစီးပြီး BIA တပ်မတော်ကို စတင်စုဖွဲ့ခဲ့ကြကာ BDA, BNA (သို့မဟုတ်) PBF ရယ်လို့ အဆင့်ဆင့် ပြင်ဆင်စုဖွဲ့ ခဲ့ကြပါတယ်။

လွတ်လပ်ရေး မရမှီကာလ ၁၉၄၅ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့မှာ ကန္ဒီစာချူပ်အရ အမြဲတမ်း ဗမာ့တပ်မတော် အသွင်ကို ပြောင်းလဲစုဖွဲ့ခဲ့ကြတာ သမိုင်း မှတ်တမ်းမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း စုဖွဲ့ တည်ထောင်ခဲ့လို့လည်း ဒီနေ့ တပ်မတော်ကြီးဟာ အဓွန့်ရှည် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်မှာ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများရယ် လို့ တာဝန်များ ထမ်းဆောင်နေကြပြီး လစာ၊ စရိတ်၊ စစ်လက်နက်ပစ္စည်း၊ ရိက္ခာမှ အစ အဆင့်၊ ရာထူးများ ခံစားနေကြရတာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးကြောင့်လို့ ဆိုရပါမယ်။ တပ်မတော်ရှိလို့သာ ခံစားနေကြရတာပါ။

ဗိုလ်ချူပ်အောင်ဆန်းတို့သာ မစုဖွဲ့ခဲ့ရင် တပ်မတော်ရယ် လို့လည်း မရှိခဲ့နိုင်သလို ရာထူးအဆင့် အာဏာပါဝါ များလည်း ဘယ်လိုမှ ခံစား စံစား နိုင်ကြမှာ မဟုတ်ပါဘူး။ အာဏာရူး၊ နှာဗူး၊ မြင်းသမားကြီး ဗိုလ်နေ၀င်းရဲ့  မဆလခေတ် (၂၆)နှစ်မှာတောင် တိုင်းပြည်ရဲ့  ကျေးဇူးရှင် ဗိုလ်ချူပ်အောင်ဆန်းကို သိသိသာသာ ပြောင်ပြောင် တင်းတင်း သမိုင်းကနေပြီး ဖယ်ထုတ်မှေးမှိန် စေခဲ့တဲ့ လုပ်ရပ်မျိုး မတွေ့ခဲ့ရပါ။ မသိမသာ တစ တစသာ မှေးမှိန်စေခဲ့ပြီး ဗိုလ်နေ၀င်းကို အမွှန်းတင်မှုသာ တွေ့ခဲ့ပါတယ်။

တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား စစ်ကြောင်းများ စုဖွဲ့ခဲ့ရာမှာပင် အောင်ဆန်းစစ်ကြောင်း ရယ်လို့ ဂုဏ်ပြုတင်စား စုဖွဲ့ခဲ့တာ အမှတ်ရနေပါတယ်။ ပစ်ပစ်ခါခါ စွန့်ပယ်ဖယ်ရှားတာ မတွေ့ခဲ့ရပါ။ ရှစ်လေးလုံး သမိုင်းဝင် အရေးအခင်း နောက်ပိုင်းကျမှဘဲ တစ တစသိသာ ထင်ရှားစွာ သမိုင်းမှ ပယ်ထုတ် လာတာ သတိပြုမိပါတယ်။ ဒါထက် ပိုပြီး ရှင်းရှင်းလင်းလင်း ပကတိ အရှိအတိုင်း ရေးရပါလျှင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ထင်ပေါ်ကျော်ကြားလာချိန်ကစလို့ ဖခင်ဖြစ်သူ အပေါ် ပိုပြီး အာဃာတ တရားကြီးမားစွာနဲ့ မှေးမှိန်ပျောက်ပျက်အောင် ကြံဆောင် လာကြတာ တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ဆိုးကြီး ပြိုကွဲ ချူပ်ငြိမ်း ခဲ့ရတာကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးထား မုန်းမာန်ပွားကာ အောက်တန်းကျကျ တြုံ့ပန်တိုက်ခိုက် အပုပ်ချရာမှ စလို့ ကျေးဇူးရှင် တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ တပ်မတော် မူလ ပထမ ဖခင်အစစ် ဗိုလ်ချူပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းကိုပါ မလိုတမာ သိသာ ထင်ရှားစွာ ဖျောက်ဖျက်လာကြတာ ဖြစ်ပါတယ်။

ဖခင်နဲ့ သမီးကို ခွဲခြားပြီး မြင်သင့်ပါတယ်။ မဆီမဆိုင် လက်ပံသား ဓါးနဲ့ ချိုင် ဆိုသလို ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးကန်းရန် မသင့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့  မူလဖခင် ဖခင် အစစ် ဖြစ်ရုံသာမက တိုင်းပြည်ရဲ့ အတုမဲ့ ကျေးဇူးရှင်၊ တမျိုးသားလုံး တုနှိုင်း ယှဉ်လို့ မရတဲ့ ကျေးဇူးရှင် ဖြစ်သလို တစ်ဦးတည်းသာရှိတဲ့ အမျိုးသား သူရဲကောင်း၊ သမိုင်းမှာ နှစ်ယောက် မရှိနိုင်တဲ့ ခေါင်းဆောင်ကြီးသာ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ တပ်မတော်က မျိုးချစ်စစ်သည်တိုင်းဟာ မလွဲမသွေ လက်ခံရပါမယ်။ သမိုင်း အမှန် သိသူတိုင်း မြန်မာနိုင်ငံသားတိုင်း မျိုးချစ်စစ်သည်တိုင်း ပကတိ အမှန်ကို မြင်ကြရပါမယ်။ ဒါကြောင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဖျောက်ဖျက်သူ မှန်သမျှကို မဟာရန်သူ အဖြစ် မြင်ကြရပါမယ်။ ဆန့်ကျင် ချေမှုန်း တုန့်ပြန် သွားသင့် ကြပါတယ်။ ဒီနေ့ တပ်မတော်ကို စတင်စုဖွဲ့ခဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ပါတယ်။

ဗိုလ်နေ၀င်းပင်လျှင် တပ်မတော်ကို စတင် စုဖွဲ့ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးသာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တပ်မတော်ကြီးကို စတင် စုဖွဲ့ခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင်များဟာ နှစ်ဦးသာ အသက်ထင်ရှားရှိနေပြီး အားလုံး ကွယ်လွန်သွားကြရှာပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဗိုလ်ရဲထွဋ်နဲ့ ပြည်ပမှာ ဗိုလ်ကျော်ဇောတို့ နှစ်ဦးသာ သက်ရှိထင်ရှား ကျန်ပါတော့တယ်။ ဘာဘဲ ဖြစ်ဖြစ် ဒီနေ့တပ်မတော်ရဲ့ ကျေးဇူးရှင် စာရင်းမှာ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ဗိုလ်မှူးကြီး ရဲထွဋ်တို့ နှစ်ဦးကို ပယ်ဖျက်လို့ မရနိုင်ပါ။ ပွင့်ပွင့်လင်းလင်း ရေးရရင် ဗိုလ်မှူးကြီး ရဲထွဋ်ဟာ ကွန်မြူနစ်ဟောင်း တစ်ဦးဖြစ်သလို ဗိုလ်ချုပ် ကျော်ဇောဟာ လက်ရှိ ကွန်မြူနစ်ကြီး တစ်ဦး ဖြစ်ပါတယ်။

ကျွန်တော်ကိုယ်တိုင် ကွန်မြူနစ် ၀ါဒကိုရော၊ ကွန်မြူနစ် လူပုဂ္ဂိုလ်များကိုပါ လုံးဝ မနှစ်မြို့ဘဲ စက်ဆုပ် ရွံ့ရှာပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ ကျေးဇူးရှင်များ အဖြစ် သူတို့ နှစ်ဦးကို အသိအမှတ်ပြုပြီး နားလည်မှုပေး လေးစားတယ်၊ တန်ဖိုးထားတယ်၊ မိုက်ရိုင်းစော်ကားမှု မပြုနိုင်ပါ။ ဒီနေ့ တပ်မတော်ကို ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန် တို့ စတင် စုဖွဲ့ခဲ့တာ မဟုတ်ပါဘူး။ နအဖတွေက စုဖွဲ့ခဲ့တာလည်း မဟုတ်ပါဘူး။ အားလုံးဟာ နို့သက်ခံ စို့နေကြသူတွေသာ ဖြစ်ကြပါတယ်။ ဗိုလ်သန်းရွှေက မနေ့က တပ်မတော်မှာ ၁၉၅၃ ခုနှစ်မှ ပါဝင်ခဲ့သလို ဗိုလ်မောင်အေးက ၁၉၅၅ မှာမှ ဗိုလ်လောင်းအဖြစ် ပါဝင်ခဲ့တာပါ။ ကျွန်တော်လည်း ၁၉၅၅ မှာမှ စစ်သား ဖြစ်ခဲ့ရသူပါ။

ထူးခြား ပြောင်မြောက်တဲ့ သမိုင်း အစဉ်အလာ ဘာတစ်ခုမှ မရှိကြပါ။ သူလို ကိုယ်လို ပိန်မသာ လိမ်မသာ သာမန် စစ်ဗိုလ်များသာ ဖြစ်ကြပါတယ်။ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံ ကာလ နောက်ပိုင်းမှာမှ အရှင်မွေးလို့ နေ့ချင်း ညချင်း ကြီးပြင်းလာတဲ့ သူတွေသာ ဖြစ်ကြပါတယ်။ အထင်ကြီးစရာ ဘာတခုမှ မရှိပါ။ အမဲရိုးမှ ဟင်းအိုး အားမနာ ဆိုသလို တချို့ ဗိုလ်ချုပ်တွေက အောင်ဆန်း ဆိုင်းဘုတ် မမြင်ချင်တာနဲ့ အောင်ဆန်း အမည်ကို မကြားချင် ရတာနဲ့ အောင်ဆန်းကို ကျေးစွပ် နေကြတာ မြင်ရ ကြားရလို့ ရင်နာလွန်းလှပါတယ်။ တောကြိုအုံကြား လျှိုမြောင်တောင်ကြားမှာ ကျင်းပတဲ့ ဒီနေ့ တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနားမှာ သိသိသာသာ အောင်ဆန်း စစ်ကြောင်း ဆိုတာကို ဖြုတ်ပစ်လိုက်လို့ လှိုက်လှိုက်လှဲလှဲ ကန့်ကွက် ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။ ဒါဟာ ဒီနေ့ တပ်မတော်ရဲ့  အကျည်းတန် အရုပ်ဆိုးလှတဲ့ ကျေးဇူးကန်း လုပ်ရပ်အဖြစ် မှတ်တမ်းတင် ရေးသားလိုပါတယ်။

လုံးဝ မခံမရပ်နိုင်အောင် နာကျည်းလွန်းပါတယ်။ ဒီ ကျေးစွပ်တဲ့ လုပ်ရပ်များကို ဒီနေ့ တပ်မတော်ထဲက မျိုးချစ် စစ်သည်တိုင်း ပီပီပြင်ပြင် ဆန့်ကျင် ရှုတ်ချကြရပါမယ်။ ဒီနေ့ တပ်မတော်ကြီးကို လက်တဆုပ်စာ စစ်အာဏာရှင်တစ်စုက အသုံးချခံ ကိရိယာ တစ်ခုအဖြစ် အသုံးပြုနေတာကို လက်ခံ လိုက်လျောဖို့ မလိုအပ်တော့ပါ။ သမိုင်းမှန်ကို လေ့လာ ဆန်းစစ်ပြီး မလျော်မကန် မတော်မတရား ပြုကျင့်လုပ်စားနေကြတဲ့ စစ်သူတောင်းစားတွေကို ဒီနေ့ တပ်မတော်ထဲက ဖြစ်တဲ့ နည်းနဲ့ တွန်းလှန်ဖယ်ရှား သန့်စင်သွားကြဖို့ လိုပါတယ်။

မလျော်ကန်တဲ့ လုပ်နည်းလုပ်ဟန် အကြံအဖန် အားလုံးကို အံတု တော်လှန်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မနေ့က တပ်မတော်နဲ့ ဒီကနေ့ တပ်မတော်ရဲ့ ကွဲပြားခြားနား ထူးခြားတဲ့ ဖြစ်စဉ်မှန်များကိုလည်း ထပ်မံ ဖွင့်ချ ရေးသားသွားပါဦးမယ်။

ကျွန်တော် ကိုယ်တိုင် စစ်သားဘ၀နဲ့ နဖူးတွေ့ ဒူးတွေ့ လှုပ်ရှားဖြတ်သန်းမှု ကာလရဲ့ အတွေ့အကြုံတွေအရ မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော်ဟာ အစဉ်အလာအရရော ရပ်တည်ခံယူမှုနဲ့ လုပ်နည်း လုပ်ဟန်တွေပါ သိသိသာသာ ကွဲပြားခြားနားသွားပြီလို့ ရေးရပါမယ်။ တပ်မတော်မှာ ဆိုရိုးစကားတရပ် ရေပန်းစားခဲ့ပါတယ်။ တပ်မတော်မှာ မကောင်းတဲ့ စစ်သား မရှိဘူး၊ မကောင်းတဲ့ စစ်ဗိုလ်သာ ရှိပါသတဲ့။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို တင်စားပြီး ဆိုစမှတ်ပြု ထားတာပါ။ စစ်ခေါင်းဆောင်ရဲ့ ဦးစီးကွပ်ကဲမှု ကောင်းလျှင်၊ ကွပ်ကဲမှု အောက်စစ်သည်များလည်း စစ်စည်းကမ်း သေ၀ပ်ကာ စနစ်တကျ ရှိမှု မပျက်ပြားဘူးလို့ ဆိုစမှတ် ပြုကြပါတယ်။ တပ်မှူးကောင်းရင် တပ်ကောင်းတယ်လို့လည်း ဆိုကြပါတယ်။ မနေ့က တပ်မတော်မှာ တပ်မှူးများ ကောင်းဖို့ကို အလေးထား သွန်သင် ပဲ့ပြင် ထိန်းကျောင်းလို့ ရွေးချယ်တာဝန်ပေးတာ သတိပြုမိ ခဲ့ပါတယ်။

မနေ့က တပ်မတော်မှာ အရာရှိ၊ စစ်ဗိုလ်တဦး ဖြစ်လာဖို့ မလွယ်လှပါ။ တပ်မှူး တစ်ဦး ဖြစ်လာဖို့က ပို၍ပို၍ပင် ခက်ခဲ့ပါသေးတယ်။ တပ်မတော်ကို စတင်စုဖွဲ့ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် အမျိုးသား သူရဲကောင်းများပင်လျှင် ကန္ဒီစာချုပ်အရ နောက်ဆုံးပြန်လည် စုဖွဲ့ခဲ့တဲ့ အမြဲတမ်း ဗမာ့တပ်မတော်မှာ အရည်အချင်း ကန့်သတ်ချက်အရ စစ်မှုထမ်းဆောင်ခွင့် မရရှာကြတာ သတိပြုမိပါတယ်။ လေ့လာမှတ်သားမှုအရ လည်းကောင်း၊ အကြီးအကဲ ဆရာသမားများ ပြန်ပြောပြ၍ သိခဲ့ရသည်မှာ ပညာအရည်အချင်း သတ်မှတ်ရာမှာ မမီတာမို့ မပါဝင်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။

ကန္ဒီစာချုပ်အရ ပြန်လည်စုဖွဲ့ခဲ့ကြတဲ့ မနေ့က တပ်မတော်မှာ ပညာအရည်အချင်း သတ်မှတ်မှုကြောင့် ပညာတတ် လူငယ်များဟာ အရာရှိ ၂၀၀ ထဲမှာ ရဲဘော်သုံးကျိပ်ဝင်များထက်ပင် ကိုယ်ပိုင်အမှတ် BC နံပါတ်များ စောပြီးရကြတာ သမိုင်းမှတ်တမ်းများမှာ တွေ့ခဲ့ရပါတယ်။ လက်လှမ်းမီသမျှ ရေးပြရပါလျှင် ကြည်း-၃၅၀၁ ဗိုလ်လက်ျာ၊ ကြည်း-၃၅၀၂ ဗိုလ်နေ၀င်း၊ ကြည်း-၃၅၀၃ ဗိုလ်ဇေယျ၊ ကြည်း-၃၅၀၄ ဗိုလ်ကျော်ဇော၊ ကြည်း-၃၅၀၅ ဗိုလ်အောင်ရွှေ (ယခု NLD ဥက္ကဋ္ဌ)၊ ကြည်း-၃၅၀၆ ဗိုလ်ရဲထွဋ်၊ ကြည်း-၃၅၀၇ ဗိုလ်မောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း)၊ ကြည်း-၃၅၀၈ ဗိုလ်တင်ဖေ (ဗိုလ်မှူးချုပ်ဟောင်း)၊ ကြည်း-၃၅၀၉ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း) တို့ ဖြစ်ကြပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလမှာ BC နံပါတ် တော်တော်များများ နောက်ကျပြီး ၁၉၅၅-၅၆ လောက်မှ ချောက်မြို့ အခြေပြု အမှတ်(၁၀) တပ်မဟာမှာ တပ်မဟာ ဗိုလ်မှူးအဆင့်နဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်းရဲ့ ကွပ်ကဲမှု အောက်တွင် စစ်မှုထမ်းခဲ့ရရှာပါတယ်။ နောက်ပိုင်းမှာ COD ကို ဗိုလ်မှူး အဆင့်နဲ့ ရောက်ခဲ့ပြီး ဗိုလ်မှူးအဆင့်နဲ့ပင် မနေ့က တပ်မတော်မှ အငြိမ်းစား ယူသွားခဲ့ရရှာပါတယ်။ တပ်ရင်းမှူးပင် ဖြစ်မသွားရရှာပါ။

စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းဟာ သူကိုယ်တိုင် အကျင့်ပျက်နေပေမဲ့ တပ်မတော်ကို စစ်သည်တော် ကျင့်ဝတ်များ သတ်မှတ်ညွှန်ကြားကာ လိုက်နာ စေခဲ့တာ တွေ့ရပါတယ်။ ကျင့်ဝတ်နဲ့အညီ လိုက်နာ လှုပ်ရှားစေဖို့ကိုလည်း ဆော်သြခဲ့သလို ကွပ်ကဲမှု အဆင့်ဆင့်မှ တပ်မှူးများကိုလည်း ကြပ်မတ် ထိန်းကြောင်း စေခဲ့တာ တွေ့ရပါတယ်။ ပွင့်လင်းပြတ်သားမှုအရလည်း “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ရယ်လို့ ပြောခဲ့တာ ကြားဘူးနားဝ ရှိခဲ့ပါတယ်။

တပ်မတော်ရဲ့ သဘောသဘာဝအရ စစ်သည်များဟာ ဦးစီးကွပ်ကဲမှု တပ်ဗိုလ်၊ တပ်မှူးတို့ရဲ့ စံနမူနာ ကောင်းကို အတုယူ အားကျကာ လိုက်လံ လှုပ်ရှားတတ်ကြပါတယ်။ ကျွန်တော် ရဲဘော်ဘ၀တုန်းက အရည်အသွေး ပြည့်ဝတဲ့ အထက်အရာရှိ၊ တပ်ဗိုလ်၊ တပ်မှူးများကို စံထားကာ အတုယူ ကျင့်ကြံအားထုတ် လှုပ်ရှားခဲ့ပါတယ်။ ၀တ်စားဆင်ယင်မှုမှအစ ပြောဟန်၊ ဆိုဟန်၊ စစ်မိန့်သံပေးပုံပါမကျန် အတုခိုးကျင့်ကြံ လှုပ်ရှားခဲ့ပါတယ်။ မနေ့က တပ်မတော်က တပ်ဗိုလ်၊ တပ်မှူး အများစုဟာ လျော်ကန်တော်မှန်စွာ ဦးစီး ကွပ်ကဲကြသလို လက်အောက်ငယ်သားများကိုလည်း သွန်သင်ပဲ့ပြင် လမ်းညွှန် လေ့ရှိကြပါတယ်။ လမ်းမှားကို မလိုက်မိစေရန် ဆုံးမ ထိန်းကြောင်းမှု ပေးခဲ့ကြပါတယ်။ အမှား တစ်ခုကို နောက်ထပ် အမှားတစ်ခုနဲ့ မပြင်မိဖို့ စေ့စေ့စပ်စပ် စိစစ် ကြပ်မတ် သင်ကြားစေခဲ့တာလည်း ရှိခဲ့ပါတယ်။ ရဲဘော် စိတ်ပြည့်ဝဖို့ ကိုယ့်ကျင့်တရား ကောင်းဖို့ ကိုလည်း တည့်မတ်ပြုပြင် သွန်သင် ပေးခဲ့တာ ခံယူခဲ့ဖူးပါတယ်။

ဒီနေ့ တပ်မတော်မှာ မနေ့က တပ်မတော်ကလို စံနမူနာ ကောင်းပြနိုင်သူ စေ့ဆော်ဆုံးမ ပဲ့ပြင်မည့်သူ၊ တော်မှန်စွာ သင်ကြား လေ့ကျင့်ပေးသူ မရှိသလောက်ပါဘဲ။ အတ္တ၊ ငို့ဘ၊ မာန်မာန၊ လောဘ၊ ဒေါသ၊ မောဟတရားတွေက ဖိစီးပြီး ကိုယ့်အတွက်သာ ကိုယ်ကြည့်လို့ အလိုက်သင့် မောင်ဘဦး တပ်ဗိုလ်၊ တပ်မှူးတွေက များနေကြပါတယ်။ အခါအခွင့်ရချိန်မှာ စံစားနိုင်ဘို့ ၀ါးမြိုဆို့ဖို့သာ စိတ်ဝင်တစား လုပ်စား နေကြတာများလာလို့ မနေ့က တပ်မတော်ရဲ့  အစဉ်အလာ ကောင်းတွေဟာ တစတစ ပျောက်ကွယ်သွားပြီး စစ်တပ်ဟာ စစ်တပ်နဲ့ မတူတော့ဘဲ လက်နက်ကိုယ်စီ ကိုင်ထားတဲ့ လူရမ်းကား တစု ပုံသွင် မြင်လာနေရပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်ခေတ် မဆလ ၂၆နှစ်တာ ကာလမှာ နိုင်ငံရေး သဘောတရား၊ အတွေးအခေါ်တွေ ၀င်ခဲ့ရာမှ တပ်မတော်ရဲ့ စနစ်တကျ ရှိမှုများ ပျက်ပြားကာ တပ်ပုံစံ ပြောင်းသွားခဲ့တာ သတိပြုမိပါတယ်။ စစ်အာဏာရှင်တို့ မှိုင်းတိုက် သွတ်သွင်းမှုများ အရ သမိုင်းမှန်များ မှေးမိန်ခဲ့ရသလို စစ်အာဏာရှင်တို့ရဲ့  အလိုကျ သမိုင်းလိမ်များ၊ ယုတ္တိဗေဒဆန်တဲ့ အကြံအဖန် သမိုင်းတို့သာ ရေပန်းစားလာခဲ့ပြီး မျိုးဆက်သစ် စစ်သည်များဟာ ဒီသမိုင်းတု၊ သမိုင်းလိမ်တွေနဲ့သာ ယဉ်ပါးခဲ့ကြ ရပါတော့တယ်။ ဒါကြောင့်ပဲ တကယ့် ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမိုင်းဟာ ဒီနေ့ တပ်မတော်က မျိုးဆက်သစ် တပ်ဗိုလ်၊ တပ်မှူးတွေ တိတိပပ မသိကြတော့တာ ဖြစ်ပါတယ်။ အလွန်အင်မတန်မှ ရင်နာဖို့ ကောင်းလှပါတယ်။ အာဏာရှင်လက်ဟောင်း ဦးနေ၀င်း လက်ထက် မနေ့က တပ်မတော်မှာ တပ်မဲ့ ဗိုလ်ဘ၀ကို ပို့ခဲ့သူများကို များသောအားဖြင့် လူမှုရေး အခွင့်အရေးများ ဆုံးရှုံးစေခဲ့ပေမဲ့ ထောင် အနှစ် ၅၀၊ ၁၀၀ ချမှတ် ချိုးနှိမ်ခဲ့တာ မကြားဘူး၊ မမြင်ဘူးခဲ့ပါ။ ထောင် တသက်တကျွန်းသာ အများဆုံး ပေးခဲ့တာ တွေ့ဖူးပါတယ်၊ လုပ်ထုံး လုပ်နည်းနဲ့ အညီ လျှော့ရက်များ ရကြကာ တသက်ကျရာက လွတ်လာသူများလည်း ရှိခဲ့ပါတယ်။ မှတ်မိသရွေ့ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်)၊ ဗိုလ်မှူးချုပ် တင်ဦး (လန်ဘား) တို့ဟာ တသက်တကျွန်း ဒဏ်ခံရသူများ ဖြစ်ကြပေမဲ့ မသေခင် ပြန်လည် လွတ်မြောက်ခဲ့ကြပါတယ်။ ဒီနေ့ တပ်မတော်ရဲ့  ဇရာ အို ဦးစီးချုပ် ဘူကောင် လက်ထက်မှာတော့ ထောင် အနှစ် ၅၀ မှ ၁၀၀ ကျော်အထိ ရက်ရက်စက်စက် ဘ၀ပျက်အောင်ပင် ချမှတ် ပြစ်ဒဏ်ပေးတာ ကြားဘူး မြင်ဘူးပါတော့တယ်။ မနေ့က တပ်မတော်မှာ တလက်ကိုင်၊ သစ္စာခံ၊ ဒေါက်တိုင်၊ အဲမ်အိုင်၊ စစ်မလိုင်တို့ရဲ့ တရွာလုံးကို ဖျက်ဆီးကာ လူသစ်၊ ရွာသစ် ပြုပြင်စုဖွဲ့စေခဲ့တာ ရှိခဲ့ဘူးပါတယ်။ အရာရှိအဆင့်များ၊ အရာခံ၊ အကြပ်တချို့ ကိုသာ တပ်မဲ့ပြုခဲ့ပေမဲ့ ရက်ရက်ရောရော ထောင်သွင်း အကျဉ်းချတာ အလွန်နည်းပါတယ်။ ဒီနေ့ တပ်မတော်မှာတော့ စစ်မလိုင်ရွာ တရွာလုံးကို ကျူပင်ခုတ်သည့်အလား ကျူငုတ်ပါ မကျန်အောင် ရက်ရက်စက်စက် ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတာ တွေ့ရပါတယ်။

မနေ့က တပ်မတော်မှာ တာဝန်ရှိသူ လူတစ်စုကို ထိထိမိမိ အရေးယူ အပြစ်ပေးခဲ့သော်လည်း တနွယ်ငင် တစင်ပါ ဇနီးသားသမီးတို့ကိုပါ လူစင် မမီအောင် ဖိနှိပ်ညှင်းပမ်းတာမျိုး အလွန်နည်းပါးခဲ့တာ သတိပြုမိပါတယ်။ ဒီနေ့ တပ်မတော်မှာတော့ စောက်ထုံချုပ် ဗိုလ်ခင်ညွှန့်ကို ထောင် ၄၇ နှစ် အပြစ်ပေးခဲ့သလို ဇနီးသားသမီး များကိုပါ မညှာမတာ လူမဆန်စွာ ညှဉ်းပန်းနှိပ်ကွပ်ခဲ့တာ သတိပြုမိ ပါတယ်။ ပိုလို့ အာဃာတဖက် အညှိုး ကြီးမားပုံက ဘာမှမသိ နားမလည် အပြစ်မရှိရှာတဲ့ ကလေးအရွယ် လူမမယ်၊ မြေးဖြစ်သူကိုပင် ကျောင်းထုတ်လို့ အညွှန့်ချိုးခဲ့တာ ရင်နာစရာ တွေ့ရ ကြားရပါတယ်။ ဒ့ါအပြင် ရင်းနှီး ကျွမ်းဝင်သူများကို တနွယ်ငင် တစင်ပါ နှိပ်ကွပ်ခဲ့သလို၊ ကိုးကွယ်တဲ့ ရဟန်း၊ သံဃာ၊ အခါပေး ဘိုးတော်များပါမကျန် နှိပ်ကွပ်တာ တွေ့ရလို့ အံ့သြမိခဲ့ရပါတယ်။ ဗိုလ်နေ၀င်း၊ ဗိုလ်အေးကိုတို့ရဲ့ အာဃာတနဲ့ အငြိုးအတေး ကြီးမားပြင်းထန် တယ်ဆိုတာဟာ ဗိုလ်သန်းရွှေရဲ့ လုပ်နည်းလုပ်ဟန်နဲ့ စာလျှင် ဖြေသာသေးတယ်လို့ ဆိုရမလိုပါဘဲ။

ကန္ဒီစာချုပ် ချုပ်ဆို

မနေ့က တပ်မတော်မှာ အကြံအဖန် မမှန်မကန် တရားဥပဒေကို လက်သုံးပြုလို့ ရုံးတင် တရားစွဲရာမှာ ထောင်တွင်း တရားရုံးဖွဲ့ စစ်ဆေးစီရင်ခဲ့ပေမဲ့ တရားစီရင်ပုံ အလုံးစုံကို သတင်းမီဒီယာမျိုးစုံမှာ တိုင်းပြည်သို့ အသိပေး ကြေညာကာ အတိုင်းအတာ တစ်ခုအထိ လိုက်လျောစီမံခဲ့တာ တွေ့ဘူးပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့် တို့အမှု၊ လန်ဘားနဲ့ မဆလထိပ်တန်း ပါတီဝင်များတို့ အမှုတွဲတွေမှာ ဟုတ်တာ မဟုတ်တာ အပထား တရားခံများရဲ့ ရပိုင်ခွင့်၊ ထုချေပိုင်ခွင့်၊ ရှေ့နေရှေ့ရပ်တို့ကို အထိုက်အလျောက် ပေးခဲ့ဘူးတာ သတိပြုမိပါတယ်။ ဒီနေ့ “တပ်မတော်ခေတ်မှာ တရားဥပဒေဆိုတာဟာ လုံးဝဥဿုံ ပျက်စီး ဆိတ်သုဉ်းနေတာ” မြင်နေရ ကြားနေရပါတယ်။ တရားခံများဟာ တရားဥပဒေရဲ့  အကာအကွယ်ကို စိုးစင်းမျှ ခံစားရရှိခြင်း ကင်းမဲ့ကာ တဖက်သတ် မတော်မတရား အရေးယူ အပြစ်ပေးမှုကို ၀မ်းနည်းကြေကွဲစွာ လက်ခံနေကြရရှာပါတယ်။

မနေ့က တပ်မတော်ခေတ် ၁၉၈၈ ခုနှစ်အထိ ရာထူးအဆင့်များဟာ ကျစ်လစ် သိပ်သည်းမှု ရှိသေးတယ်လို့ ဆိုရပါမယ်။ ဒါပင်လျှင် ၁၉၅၀-၁၉၆၀ ခုနှစ်များကဲ့သို့ မဟုတ်တော့ပါ။ ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများကို လက်ချိုးရေတွက်လို့ ထိုစဉ်က ရခဲ့ပါသေးတယ်။ ဗိုလ်ချုပ် ဒုဗိုလ်ချုပ်ကြီးဆိုတာကြားပင် မကြားခဲ့ဘူးပါ။ ၁၉၈၈ ခုနှစ်အထိ စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးဆိုတာ ဒုချုပ် (ကြည်း၊ ရေ၊ လေ) တို့သာ ရကြတာပါ။ စစ်တိုင်းမှူး (၉) ယောက်ဟာ ဗိုလ်မှူးချုပ်အဆင့်သာ ရကြပြီး ကစထမှူးနှစ်ဦးနဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တို့သာ ဗိုလ်ချုပ်အဆင့်တွေ ရကြတာ ရှိပါတယ်။ ၈၈ နောက်ပိုင်းကာလ ရောက်တော့မှပဲ ဒုဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ မှိုလိုပေါက်အောင် ဖောင်းပွပေါများလာခဲ့သလို စစ်ဦးစီးချုပ်ရဲ့  အဆင့်ဟာလည်း ဗိုလ်ချုပ်မှူးကြီး ရယ်လို့ ဖြစ်လာပါတော့တယ်။ ဒါဟာလည်း စစ်အာဏာရှင်စနစ်ကြီး အဓွန့်ရှည် တည်တံ့ရေးအတွက် စစ်အာဏာရှင် လက်ဟောင်းကြီးများက ရာထူးအဆင့်များ အကြံအဖန် တိုးမြှင့်ပေးကာ သာယာစွဲလမ်းမှု ရှိစေရန် စနစ်တကျ တပည့်မွေး သစ္စာခံ ခိုင်းခဲ့တာလို့ ဆိုရပါမယ်။

မနေ့က တပ်မတော်မှာ ထိပ်ပိုင်းရောက် အရာရှိကြီးများ ၀န်ကြီးဖြစ်လာတဲ့ စစ်ဗိုလ်ကြီး တချို့ သာ မြိုကွက် ဆို့ကွက် (မြေကွက်) ရကြတာ တွေ့ရပါတယ်။ တိုင်းမှူး၊ တပ်မမှူးများပင်လျှင် မတော်မတရား ၊မြိုလို့ ဆို့လို့ မရ ကြသေးပါ။ ၈၈ နောက်မှာမှ စစ်တိုင်းမှူးမျာဟာ နယ်စားပယ်စား စစ်ဘုရင်လေးများ ဘ၀ကို ရောက်ခဲ့ကြရပြီး စားကွက်၊ ဆို့ကွက်တွေ နယ်မြေအလိုက်ရလာကြတာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်မှာတော့ ခေါင်က စလို့ ပျက်လာတာမို့ တပ်ရင်းမှူး အဆင့်များပင်လျှင် သူ့နည်းသူ့ဟန်နဲ့ စားကွက်၊ မြိုကွက်တွေ ဖန်လာနေလေရဲ့။ စစ်မလိုင်၊ အဲမ်အိုင်တို့ဆိုရင် တပ်ကြပ်ကြီး အဆင့်များပင်လျှင် သိန်းနဲ့ချီကာ မြိုဆို့ခွင့်ရသည် အထိ ပျက်စီးလာခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ တပ်မတော်ဟာ မနေ့ကတပ်မတော်လို ကျစ်လစ်ခိုင်မာ သိပ်သည်းမှု မရှိတော့ဘဲ စည်းမဲ့၊ ကမ်းမဲ့၊ အထိန်းအကွပ်မဲ့ ဘ၀ကို တစတစ ရောက်ရှိလာကာ စစ်အာဏာရှင်တွေကြောင့် စစ်တပ်နဲ့ မတူတော့တဲ့ အနေအထားမျိုး တွေ့လာရပါတယ်။

မနေ့က တပ်မတော်မှာ စစ်အာဏာရှင်ခေတ် မဆလရဲ့  အမာခံ မိန့်တော်ခံ စစ်တပ်ဘ၀ ကျရောက်နေပေမဲ့ ဒီနေ့ တပ်မတော်ရဲ့  အနေအထားလောက် စည်းလွတ်ဝါးလွတ် အထိန်းအမဲ့ ကင်းလွတ်နေတဲ့ အခြေအနေမျိုး မရှိခဲ့တာ ကျွန်တော် သတိထားမိပါတယ်။ ကွပ်ကဲမှုအဆင့်ဆင့် Chain of Command ဟာ ဖရိုဖရဲ မနိုင်လှသေးပါ။ သမိုင်းမှန်ကို သိတန်သလောက် သိရှိ နားလည်ကြပါသေးတယ်။ ပြည်သူအပေါ် အထိုက်အလျောက် တန်ဖိုးထား လေးစားရမှန်း သိကြပါသေးတယ်။ တပ်နဲ့ ပြည်သူဟာ အတိုင်းအတာ တခုအထိတော့ ဆက်စပ်မှု ရှိသေးတယ်လို့ ရေးရမှာပဲ၊ ဟိုစဉ်ကလို တသားတည်း တဆက်တည်း မရှိဘူး ဆိုရင်တောင်မှ သိသိသာသာ ကင်းကွာတဲ့ အနေအထားမျိုး မရှိခဲ့တာ အမှန်ပါ။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေဒေသတွေမှာ ဒီနေ့ တပ်မတော်လို ထင်ရာစိုင်း ရိုင်းပျလို့ မရခဲ့ဘူး ခင်ဗျ။ ဒေသဆိုင်ရာ တိုင်းရင်းသား သွေးချင်း ပါတီ၊ ကောင်စီဝင် လူကြီးများရဲ့ ၀ိုင်းဝန်းထိန်းကျောင်း ပဲ့ပြင်ပေးမှုက ရှိနေပါသေးတယ်။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရမ်းချင်တိုင်း ရမ်း ၊ကြမ်းချင်တိုင်း ကြမ်း လို့ မရပါဘူး။ ပါတီ၊ ကောင်စီတို့က တရားလွန် ဥပဒေမဲ့ ပြုကျင့်မှုတွေ့လျှင် အထက်ကွပ်ကဲမှု အဆင့်ဆင့်ကို တိုင်ကြား အသိပေး အရေးယူခြင်းမျိုး ရှိခဲ့ပါတယ်။

မနေ့က တပ်မတော်ကာလက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ဦးအေးကိုရဲ့ တပည့်အရင်း ရတခ လက်အောက်ခံ တပ်ရင်းမှူး တစ်ဦးဆိုရင် ဇမိ မြစ်ထဲ အရပ်သား တစ်ဦးကို ပစ်သတ်ခဲ့လို့ ကရင်ပြည်နယ် ဒေသ ပါတီကောင်စီက တိုင်ကြားတာကြောင့် ခုံရုံးဖွဲ့ကာ တပ်က ထုတ်ပြစ်ခြင်း ခံရပါတယ်။ ဖာပွန် အခြေပြု ခလရ-၁၃ က တပ်စိတ်တစိတ်ရဲ့ ဒါးကွင်း၊ လက်ထိုးရွာတို့မှ တိုင်းရင်းသူ ကရင်လုံမပျိုတို့အား မတော်မတရား မုဒိမ်းကျင့်ကာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားနည်းလမ်း တကျ အရေးယူကာ တပ်စိတ်မှူးနဲ့ စစ်သည်အချို့ကိုပါ သေဒဏ်ချ အပြစ်ပေးခဲ့တာ မှတ်မိနေပါတယ်။ ခလရ-၁၃ ကိုပါ ထိုဒေသမှ တပ်ရင်းအလိုက် ရွှေ့ပြောင်းပေးခဲ့ဘူးပါတယ်။

၁၉၉၃-၉၄ မာနယ်ပလော စစ်ဆင်ရေး ကာလတုန်းက ဆက်သွယ်ရေး ကြားဖြတ်စက်ပေါ်က တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်အေးကျော်ရဲ့ ကာယကံမြောက် ကွပ်ကဲမှုအောက် တပ်မှူးငယ်များကို အမိန့်ပေး ညွှန်ကြားနေတာကို ကျွန်တော် ကိုယ်တိုင် နားနဲ့ ဆတ်ဆတ် ကြားခဲ့ဖူးလို့ ရေးရခြင်း ဖြစ်ပါတယ်။ အေးကျော်က သူ့ကွပ်ကဲမှုအောက် စစ်ဆင်ရေး ၀င်နေတဲ့ တပ်ရင်းများကို “ဟေ့ကောင်တွေ၊ ငါ ကရင်မကို (..) လာတာ အနှစ် ၃၀ ရှိပြီ။ မင်းတို့ တွေ့သမျှ ကရင်မ ပျိုပျိုအိုအိုကို ချမ်းသာ မပေးနဲ့၊ အားလုံး (..) ပစ်” ရယ်လို့ စစ်ဆင်ရေး အမိန့်ပေးတာကို ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကျွန်တော်က ABSDF ကို စစ်ပညာသင်ပေးရင်း တောတွင်းမှာ KNLA စစ်ဗျူဟာမှူး၊ ဗိုလ်မှူးကြီး လောဝါဒီတာဂူးနဲ့အတူ ရှေ့တန်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနမှာ ရှိနေစဉ်က နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါ။ ကျွန်တော် အတော့ကို မျက်နှာပူပြီး ဒေါသပါ ဖြစ်မိခဲ့ရပါတယ်။

အေးကျော်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဗိုလ်သင်တန်းကျောင်း အပါတ်စဉ် (၂၈) မှ ဗိုလ်ဖြစ်ပြီး ဖာပွန် ခလရ – ၁၉ ကို ရောက်ရှိကာ တပ်ခွဲမှူးအထိ စစ်မှုထမ်းခဲ့သူ ဖြစ်ပါတယ်။ ထိုစဉ်က ဖာပွန်သူနဲ့ အိမ်ထောင်ကျခဲ့ပြီး တပ်မ(၆၆) တပ်မမှူးဘ၀နဲ့ ကရင်ပြည်နယ်ကို စစ်ဆင်ရေးဝင်ခဲ့တာပါ။ နောက် တပခ တိုင်းမှူးမှတဆင့် ပြန်ကြားရေးဝန်ကြီးဘ၀ အရောက်မှာ ကင်ဆာရောဂါဖြစ်ပြီး သေချင်းဆိုးနဲ့သေသွား ခဲ့သူပေါ့ဗျာ။ ကျွန်တော်တို့ခေတ် မနေ့က တပ်မတော်က အထက်ကွပ်ကဲမှု အဆင့်ဆင့်က တပ်မှူးကြီးများဟာ အေးကျော်လို မလျော်မကန်၊ မတော်မှန်တဲ့ စစ်မိန့်ပေးမှုများ တခါမှ အောက်သို့ မပေးခဲ့ဘူးပါ။ မပေးကောင်းတဲ့ စစ်မိန့်မျိုးပါ။ ဒီနေ့ တပ်မတော် န၀တ/နအဖတို့ခေတ်မှာမှ ကြားဘူးခဲ့တာပါ။ ဒီလို အခြေအနေမျိုးမှာ ဖင်က လိပ်ခေါင်း ထွက်အောင် ကြွေးကြော်အော်ဟစ်နေတဲ့ “တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဆိုတာဟာ ဘာအဓိပ္ပာယ် ရှိပါတော့မလဲဗျား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် စစ်အာဏာရှင်တွေကသာ လုပ်စား နေကြတာ ဖြစ်ပပါတယ်။

ဒီနေ့ တပ်မတော်မှာ အေးကျော်လို စစ်သူတောင်းစား တပ်ဗိုလ်၊ တပ်မှူးများ တချို့ရှိနေလို့သာ န၀တ တဖြစ်လဲ နအဖတို့ရဲ့ ဒီနေ့တပ်မတော်ကို တပ်မတော်ရယ်လို့တောင် ပြည်သူတို့က အသိအမှတ် မပြုကြတာပါ။ မနေ့က တပ်မတော်ရဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာတွေဟာ စစ်အာဏာရှင် တွေကြောင့် တစက်ကလေးမှတောင် မရှိတော့တာကို သတိပြုမိပါတယ်။ တပ်မတော်ရဲ့ ကျင့်ဝတ်စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ ကိုလည်း တိတိပပ ဖောက်ဖျက်နေကြတာ တွေ့ရပါတယ်။

မနေ့က တပ်မတော်က “ပြည်သူသာလျှင် အမိ ပြည်သူသာလျှင် အဖ” လို့ ခံယူခဲ့ကြပါတယ်။ ဒီနေ့ တပ်မတော်ကတော့ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” ဆိုပဲဗျ။ အာဏာရှင်တွေက သူတို့ကို မိဘလို သဘောထားခိုင်းပြီး အဘ အမေတို့လို စကားလုံးများနဲ့ အစားထည့်နေပါပြီ။ ဒီနေ့ တပ်မတော်ကတော့ နိုင်ငံရေးအာဏာကို သည်းခြေခိုက် အကြိုက်တွေ့နေပြီး အတင်းအဓမ္မ ဖက်တွယ်ထားလို့ ပြည်သူတို့နဲ့ ကင်းကွာ သွားခဲ့ရပါပြီ။

ဒီနေ့ တပ်မတော်ကတော့ အာဏာရှင်ရဲ့ အပေါင်းအပါ တစ်စုရဲ့ အသုံးချခံ ကိရိယာဘ၀ထဲမှာ ထဲထဲဝင်ဝင် ခံယူသွားရတာ တွေ့ရပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်လည်စောင့်ထိန်းစေဖို့ မကောင်းတဲ့ စစ်အာဏာရှင်တွေကို ရှင်းလင်းဖယ်ရှား သန့်စင် သွားကြပါလို့သာ ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

၁၉၇၉ ခုနှစ်မှာပေါ့၊ တပ်မ (၄၄) တစ်ခု ထပ်မံဖွင့်ဖို့ စီမံချက်နဲ့ အဲဒီတပ်မအသစ်မှာ တပ်မမှူးခန့်ဖို့ကိုလည်း ကောင်း၊ ထိုတပ်မ ကွပ်ကဲမှု အောက်က တပ်ရင်း (၁၀) ရင်းအတွက် တပ်ရင်းမှူး ၁၀ ဦးကိုပါ ကြိုတင်လျာထား ရွေးချယ် ထားကြသတဲ့။ တပ်မမှူး ခန့်မယ့်သူကို ၁၉၇၉ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲကြီးမှာ စစ်ရေးပြမှူး အဖြစ် လည်းကောင်း၊ တပ်ရင်းမှူး ၁၀ ဦးထဲမှ တစ်ဦးဦးကို စစ်ရေးပြ တပ်ရေးအဖြစ် လည်းကောင်း ရွေးချယ်ခန့်အပ် တာဝန်ပေး ပွဲထုတ်ပြတဲ့ အစဉ်အလာက ရှိနေတာလို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၇၉ တပ်မတော် စစ်ရေးပြပွဲကြီးမှာ စစ်ရေးပြမှူးကြီးအဖြစ် နမခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး စိန်အောင်ကို ပွဲထုတ်ခဲ့ပါတယ်။ စစ်ရေးပြ တပ်ရေးအဖြစ် ကျွန်တော့်ကို ပွဲထုတ်ခဲ့ပါတော့တယ်။ ဒီ အရိပ်အမြွက်များအရ အသစ်ဖွင့်မဲ့ တပ်မ (၄၄)မှူးဟာ ဗိုလ်မှူးကြီး စိန်အောင် ဖြစ်လာနိုင်သလို ကျွန်တော်ဟာလည်း တပ်မ (၄၄) ကွပ်ကဲမှုအောက် တပ်ရင်းတစ်ခုမှာ တပ်ရင်းမှူး ဖြစ်လာမယ်လို့ ဆရာသမားကြီး တစ်ဦးက ကြိုတင်လို့ အသိပေး ပြောကြားခဲ့ဘူးပါတယ်။ ထိုစဉ်က ကျွန်တော်ဟာ မှော်ဘီ လေထီး သင်တန်းကျောင်းမှာ လေထီး တပ်ခွဲမှူး ဗိုလ်မှူးအဆင့် ရာထူးနဲ့ တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ အခုလို စစ်ရေးပြ တပ်ရေး တာဝန်ခန့်အပ်မှု ပြုစအချိန်မှ စပြီး ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီး သူရ တင်ဖေအား သတင်းပို့ကာ လေ့ကျင့်မှုများကို အပတ်တကုတ် နာယူ လေ့ကျင့်ခဲ့ပါတယ်။ တော်လှန်ရေး ပန်းခြံအတွင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ စစ်ရေးပြပွဲ စီမံခန့်ခွဲရေးရုံးမှာဘဲ အိပ် စားကာ စစ်မိန့်သံနဲ့ အမိန့်စဉ်လှုပ်ရှားမှုကို နည်းပြ ဗိုလ်ကြီးနဲ့ ဆရာကြီးများထံမှ ကြိုးစား ခံယူ လေ့ကျင့်နေ ခဲ့ပါတယ်။ စစ်ရေးပြမှူးကြီးကိုလည်း နည်းပြအဖွဲ့က လာရောက်လေ့ကျင့်ရန် ခေါ်ပေမဲ့ သူသိတယ်၊ တတ်တယ်၊ လေ့ကျင့်စရာ မလိုဘူးဟု ဆိုကာ တခါမှ လာပြီး မလေ့ကျင့်ခဲ့ပါ။ ဒါကို ဗိုလ်မှူးကြီး သူရတင်ဖေက မကျေနပ်လို့ စစ်ရေးပြ ဆပ်ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်း (ရန်ကုန်တိုင်း ဒုတိုင်းမှူး) ကို သတင်းပို့ တိုင်ကြား ခဲ့ကြောင်း ကျွန်တော် သတိပြုမိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးပြမှူးကြီးနဲ့ ဗိုလ်မှူးကြီး သူရတင်ဖေတို့ရဲ့ ဆက်ဆံရေးဟာ အဆင်မပြေဘဲ တစ်ဦးနှင့် တစ်ဦး အမြင်မကြည်ကြတာ သတိပြုမိခဲ့ပါတယ်။

စစ်ရေးပြမှူးကြီး ဗိုလ်မှူးကြီး စိန်အောင် (ဒုဗိုလ်ချုပ်ကြီး ၀န်ကြီး၊ ကွယ်လွန်) ဟာ စစ်ရေးပြ၊ အမိန့်ပေးမှု အစီအစဉ်များကို အချိန်ယူ လေ့ကျင့်မှုမှာ စိတ်မ၀င်စားသော်လည်း စစ်ကြောင်းများ တည်းခိုရာ စခန်းအသီးသီး ကိုတော့ နေ့စဉ်လိုလို သွားရောက်စစ်ဆေးမှုမှာ အလေးထား စိတ်ဝင်စားမှု ရှိပါတယ်။ စစ်ကြောင်းမှူးတွေရဲ့ ဧည့်ခံကျွေးမွေးမှုများကို အငမ်းမတတ် စားပြီး နေထိုင်မှု၊ စည်းကမ်း၊ သန့်ရှင်းမှု မကောင်းတာတွေ့ရင် ဟောက်တော့ တာပါဘဲ။ ကျွန်တော်က သူနဲ့ အတူ အမြဲလိုက်ရသူမို့ ဒီမြင်ကွင်းမျိုးကို အမြဲမြင်နေရပါတယ်။ တချို့ စစ်ကြောင်းမှူးများဟာ ဟောက်တာ ဟိန်းတာကို မကြည်ကြပါ။ အမှန်အတိုင်း ရေးပြရလျှင် ကြည်းတပ်က စစ်ကြောင်းမှူးများက မပြောကြပေမဲ့ ရေတပ်၊ လေတပ်က စစ်ကြောင်းမှူးများက မခံနိုင်ကြတဲ့အကြောင်း ကျွန်တော့်ကို ရင်ဖွင့်ကြပါတယ်။ ကျွန်တော့်မှာ ဒီစစ်ကြောင်းမှူးများနဲ့ စစ်ရေးပြမှူးတို့အကြားမှာ အတော့ကို အနေရ အထိုင်ရ ခက်ခဲလာခဲ့ရပါတယ်။

စစ်ရေးပြ အစမ်း လေ့ကျင့်တဲ့ တစ်ရက်မှာ ဘင်ခရာအဖွဲ့က ထုံးစံအတိုင်း တမိနစ်လျှင် ခြေလှမ်း ၁၂၀ နှုန်းနဲ့ တီးမှုတ်ချီတက်ရာမှာ သူ့ခြေလှမ်း တွေဟာ စည်းချက်မညီလို့ ပြဿနာ ဖြစ်ပြီး စစ်တီးဝိုင်းအဖွဲ့ ခေါင်းဆောင် လေတပ်မှ အရာခံ ဗိုလ်အောင်မြင့်နဲ့ အချီအချ ငြင်းခုံကာ သူ့ခြေလှမ်းကို ကြည့်ပြီး တီးမှုတ်ဖို့ ဖိအားပေး ဟောက်တော့တာပါဘဲ။ ကျွန်တော်လည်း မနေသာတော့ဘဲ ၀င်ပြီး ပြောမိခဲ့ပါတယ်။ အစဉ်အလာ ထုံးထမ်းအရ ဘင်ချက်ကိုသာ မိမိရရ နင်းရန် လိုပါတယ်။ ဘင်တီးချက်ကိုသာ လိုက်ပြီး ဟန်ချက်ညီညီ လှမ်းရမှာ ဖြစ်တယ်။ ဘင်မှာ တာဝန်မရှိဘူး။ စစ်ရေးပြမှူးကြီးမှာသာ တာဝန် ရှိပါတယ်လို့ ကျွန်တော်ပြောတာကို သူက လက်မခံဘူး။ သူက စစ်ရေးပြမှူးကြီးမို့ သူ့အမိန့်အတိုင်း လုပ်ရမယ်လို့ ဟောက်တော့တာပါဘဲ။ ကျွန်တော်လည်း ဒီပြဿနာကို စစ်ရေးပြ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး သူရတင်ဖေကို သတင်းပို့ လိုက်ရပါတော့တယ်။ ဒီမှာတင် သူနဲ့ ဒုဗိုလ်မှူးကြီး တင်ဖေတို့ စကားများ ကြတော့တာပါဘဲ။ အတော်လေးကို ပြဿနာ တက်ခဲ့ရပါတယ်။ ချီတက်စဉ်မှာလည်း ကျွန်တော်က ချီတက်ရာ လမ်းကြောင်းတည့်မတ်စေရန် သူ့နောက်မှ အသံတိုးတိုးနဲ့ ဘယ်ညာကို ထိန်းပေးခဲ့ပါတယ်။ ဒါကို သူက မကြိုက်ပါ။ မကြိုက်တော့ ကျွန်တော်လည်း ဘာမှ မပြောတော့ဘူးပေါ့။ သူ့ဟာသူ ထင်သလို သွားစေခဲ့ပါတော့တယ်။ တခါတခါ သူနဲ့ ကျွန်တော်တို့ တပ်ဦးဟာ အလှမ်းများစွာ ကွာဝေး သွားတတ်ပါတယ်။ ဒီလိုအခါကျတော့ ကျွန်တော့်ကို ဟောက်ပြန်ပါတယ်။ ကျွန်တော်ကလည်း ရွဲ့ပြီး တမင်ကို မပြောဘဲ လွှတ်ထားလိုက်မိတာပေါ့ဗျာ။

အစမ်း လေ့ကျင့်မှုတွေမှာ ပြဿနာပေါ်ပြီး မှားတော့ စစ်ရေးပြဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက သူနဲ့ တစ်ပတ်စဉ်တည်း ဆင်းဆိုတော့ သူငယ်ချင်းပြော ပြောတော့တာကို သူက မကြည်ဘူး။ ၀တ်စုံပြည့် နောက်ဆုံး လေ့ကျင့်ပွဲမှာ ဒုချုပ် ဒုဗိုလ်ချုပ်ကြီးအေးကိုရော စစ်ဦးစီး ဗိုလ်မှူးကြီး တင်ဦးနဲ့ ရန်ကုန်တိုင်းမှူးတို့ အပါအ၀င် ဦးစီးအဖွဲ့ဝင်များစုံညီစွာ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ စစ်မိန့်စဉ် မှားယွင်းမှုများ ရှိခဲ့သလို တပ်စစ်ဆေး မှုအပိုင်းမှာ ပါစင်အောင် ပုံပျက်ကာ မှားတော့တာကို လူကြီးတွေက မကျေမနပ်ဖြစ်ကုန်ကြလို့ ပြဿနာပေါ်ပြီး မူလပုံစံ အတိုင်း မရှိမှုအပေါ် ပြစ်တင်မှုခံရပါတော့တယ်။ ဒီတော့ ဗိုလ်မှူးကြီးခင်မောင်ဝင်းနဲ့ ဒုဗိုလ်မှူးကြီး သူရတင်ဖေတို့က ညှိနှိုင်းစည်းဝေးပွဲမှာ စစ်ရေးပြမှူးကြီးကို ၀ိုင်းဝန်းအပြစ်ဖို့ကြလို့ စစ်ရေးပြမှူးလည်း ရှက်ရမ်း ရမ်းတော့ပါဘဲ။

လူကြီးချင်း မကျေမနပ် ပြဿနာတက်ကြတာပါဗျာ။ လူကြီးချင်းကျတော့ မပြောဘဲ ကျွန်တော့်ကိုမဲပြီး အရွဲ့ တိုက်မှု အပါအ၀င် နင်ပဲ ငဆ ဟောက်တော့တာလေ။ ကျွန်တော်ကလည်း မခံဘူး။ မှန်တဲ့အတိုင်း ပြန်ပတ် ခဲ့တာပေါ့။ သူက ကျွန်တော့်ကို “ကိုအေးမြင့် ကျွန်တော် ကြည့်နေတာ ကြာပြီ၊ ခင်မောင်ဝင်းကိုကျတော့ ဒုတိုင်းမှူးလို့ ခေါ်တယ်၊ ကျုပ်ကို ကျတော့ စစ်ရေးပြမှူးကြီးလို့ ပြောဆိုဆက်ဆံတယ်။ ကျုပ်လည်း နမခရဲ့  ဒုတိုင်းမှူး” လို့ ပြောလာတယ်။ ကျွန်တော်ကလည်း ဗိုလ်မှူးကြီးကို ဒုတိုင်းမှူးလို့ မသိဘူး။ စစ်ရေးပြမှူးကြီး အနေနဲ့သာ သိလို့ခေါ်တာပဲ၊ ဗိုလ်မှူးကြီးခင်မောင်ဝင်းကိုတော့ နှုတ်ကျိုးနေလို့ ခေါ်တာပေါ့။ ဒါ အပြစ်လားလို့ ပြန်ပက်လိုက်မိပါတယ်။ “ခင်ဗျား ကျုပ်တိုင်း တပ်မ ကွပ်ကဲမှုရောက်ရင် တွေ့မယ်၊ သတိထား၊ လူပါးမ၀နဲ့” တဲ့။ ကျွန်တော်ကလည်း “ခင်ဗျား ကွပ်ကဲမှုအောက်ရောက်ရင် ရောက်တဲ့နေ့ဘဲ ကျုပ်တပ်က ထွက်မယ်၊ ကျုပ် မမှန်တာ ဘာမှ မလုပ်ဘူး၊ မဟုတ်ရင်လည်း ဘယ်သူမှ မခံဘူး” လို့ ပြန်ပက်မိခဲ့ပါတော့တယ်။ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော်ဟာ စစ်ရေးပြပွဲ ပြီးသည်အထိ အဆင်မပြေကြတော့ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးဟာ တင်းမာခဲ့ရပါတယ်။ ကျွန်တော်က လူငယ်ဆိုတော့ ဖြစ်ပျက်သမျှကို ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ ဗိုလ်မှူးကြီး နေဒွန်း၊ ဒုဗိုလ်မှူးကြီး သူရတင်ဖေတို့ကို တရားနည်းလမ်းတကျ တိုင်တန်း အသိပေး ထားခဲ့ရပါတယ်။

၁၉၇၉ ခုနှစ် တပ်မတော် စစ်ရေးပြပွဲကြီးမှာ ဗိုလ်စိန်အောင်နဲ့ ကျွန်တော် ထိပ်တိုက်တွေ့တဲ့ ဖြစ်စဉ်ဟာ တပ်မတော်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့အပြင် ကျွန်တော့် ဘ၀ ဖြစ်စဉ်ရဲ့  နောက်ဆုံး အနေအထားအထိ ရိုက်ခတ်ခံစားခဲ့ရတာမို့ ပြည့်ပြည့်စုံစုံ ရေးပြနေရတာပါ။ တကယ်တော့လည်း ဒီဖြစ်စဉ်ဟာ ကျွန်တော်နဲ့သာ ထိပ်တိုက်တွေ့မှု မဟုတ်ဘဲ စစ်ရေးပြပွဲကြီးရဲ့ အစိတ်အပိုင်းများစွာနဲ့ပါ သူဟာ ထိပ်တိုက် တွေ့ခဲ့တာပါ။ ဒီ ဖြစ်စဉ်ကြောင့်ပင် သူဟာ အစဉ်အလာ ပျက်ကာ တပ်မမှူးရာထူးနဲ့ လွဲခဲ့ရတာဟာလည်း တပ်မတော်ရဲ့  သမိုင်း တစိတ်တပိုင်းလို့ ဆိုနိုင်ပါတယ်။ အဓိက ခိုးလိုးခုလု မကျေမလည် ဖြစ်တာ ဗိုလ်သင်တန်း ကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီး သူရတင်ဖေ၊ ရန်ကုန်တိုင်း ဒုတိုင်းမှူး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ သူနဲ့ ဗိုလ်သင်တန်း တပတ်စဉ်တည်း ရောင်းရင်းများ ဖြစ်ကြပါတယ်။ လေးလပတ် စစ်ဆင်ရေး စည်းဝေးပွဲတက်နေသော တချို့  တိုင်းမှူးများနဲ့ပါ ကသိကအောက် ဖြစ်ခဲ့တာ သတိပြုမိပါတယ်။

ဒုတိုင်းမှူး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ ကျောင်းအုပ်ကြီး ဒု ဗိုလ်မှူးကြီး သူရတင်ဖေတို့ဟာ စစ်ရေးပြ ဆပ်ကော်မတီရဲ့  ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ ဖြစ်ကြပါတယ်။ ဗိုလ်စိန်အောင်က စစ်ရေးပြပွဲ အခင်းအကျင်း၊ လှုပ်ရှားမှု အစီအစဉ်၊ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်း တချို့ ကို စစ်ရေးပြမှူး ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ သူ့သဘောဆန္ဒအရ ပြင်ဆင်ကာ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိသူများကို ညှိနှိုင်းစည်းဝေးပွဲများတွင် တရားဝင် ထောက်ပြကာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာကို သူက ဆတ်ဆတ်ခါနာတာကို တွေ့ရပါတယ်။ စံပြုလို့ ပြရလျှင် စစ်ဦးစီးချုပ်က တပ်စစ်ဆေးမှု ပြုတဲ့ လှုပ်ရှားမှု သမားရိုးကျ အစီအစဉ်အရဆိုပါက ရှေ့ ဆုံးကိုယ်ရံတော် နှစ်ဦးက ဦးဆောင်မှု ပြုရပါတယ်။ နောက် စစ်ဦးစီးချုပ်က အလယ်၊ နောက်နှစ်ယောက်မှာ ဘယ်စစ်ကြောင်းမှူး၊ ညာ စစ်ရေးပြမှူးတို့ လိုက်ရပါတယ်။ ပုံစံအရဆိုလျှင် ကြယ်ငါးပွင့် အနှေးလျှောက်နဲ့ လှုပ်ရှားမှု သဘောပါ။ ဒါဟာ သမိုင်းစဉ် တလျှောက် ပုံစံချ သတ်မှတ်မှု တစ်ခု ဖြစ်ပါတယ်။

သမားရိုးကျ သတ်မှတ်ပြဌာန်းခဲ့တဲ့ အစီအစဉ်ကို စစ်ရေးပြမှူး ဗိုလ်စိန်အောင်က သူ့ သဘောနဲ့ သူ ပြင်ဆင်ကာ ပုံစံ တမျိုး ထွင်လိုက်ပါတယ်။ ရှေ့ဆုံး ကိုယ်ရံတော် နှစ်ယောက်နောက် စစ်ဦးစီးချုပ်၊ နောက်တစ်တန်းတည်းမှာ စစ်ရေးပြမှူး၊ စစ်ကြောင်းမှူးတို့က တစ်ယောက်တန်း ပုံစံကို ပြင်ခဲ့ပါတယ်။ ပုံစံအရဆိုလျှင် T ပုံသဏ္ဍာန် ပေါ်နေပါတယ်။ ဒါကို ဒုချုပ်နဲ့ ဦးစီးအဖွဲ့ဝင်များ လာကြည့်တဲ့ ၀တ်စုံပြည့် အစမ်းလေ့ကျင့်ပွဲမှာ ဗိုလ်စိန်အောင်က ပြင်ခဲ့တာလေ။ ဒုချုပ်က ဒါကို မြင်သွားပြီး မကျေမနပ် ဖြစ်ကာ ဦးစီးကော်မတီ ဥက္ကဋ္ဌ Col:GS ဗိုလ်မှူးကြီး တင်ဦး (တုတ်တို) ကို ပြန်လည် စီစစ်ဖို့ အမိန့်ပေးခဲ့တာ ကြားရပါတယ်။ စစ်ရေးပြပွဲ အစမ်းလေ့ကျင့်မှု ပြီးလျှင်ပြီးချင်း ဗိုလ်မှူးကြီး တင်ဦးနဲ့ ဦးစီး အဖွဲ့ဝင်များဟာ ညှိနှိုင်းစည်းဝေးပွဲကို ကိုယ်တိုင်တက်ခါ ဒီ ပြဿနာကို အရေးယူ စီစစ်ဖော်ထုတ်ကြတော့တာပါဘဲ။

ဒီအခါမှာ စစ်ရေးပြဆပ်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက သူတို့ အနေနဲ့ ဒီပြင်ဆင်မှုကို ခွင့်မပြုခဲ့ပါကြောင်းနဲ့ “ဘယ်ကောင်က ဘာကြောင့် ပြင်လိုက်ကြောင်း မသိဘူး” လို့ ချက်ကျကျ ထပြီး တင်ပြခဲ့ပါတယ်။ ဒီတော့ စစ်ရေးပြမှူးကြီး ဗိုလ်စိန်အောင်က “သူပြင်လိုက်တာပါလို့” ၀န်ခံလိုက်ပါတယ်။ ဗိုလ်မှူးကြီး တင်ဦးက ဒီသတ်မှတ်ချက်ဟာ ကျုပ်တောင် ပြင်လို့ မရဘူး။ ဒါဟာ အစဉ်အလာ တရပ်ဖြစ်တယ် လို့ပြောပြီး ပြင်ဆင်မှု အတွက် ထုချေလွှာ တင်ခိုင်းတော့တာပါဘဲ။ တရားခံဘ၀ကို ရောက်သွားတဲ့ စစ်ရေးပြမှူးဟာ မျက်နှာကြီး နီကာ ထုချေရရှာပါတော့တယ်။ စစ်ကြောင်းမှူးတဦးဖြစ်တဲ့ လေတပ် တပ်မှူးကြီး ဒု ဗိုလ်မှူးကြီး တင်မြင့် (ထားဝယ် ကောင်စီ ဥက္ကဋ္ဌ ဖြစ်သွားသူ) ဟာ အရပ်ကြီး ရှည်ပြီး အနှေးလျှောက်ရာမှာ ခြေလှမ်းကို ပုံစံကျ ညီညီညာညာ မလှမ်းနိုင်လို့ ကြည့်ရဆိုးလှကြောင်း၊ ဒါကြောင့် သူ့နောက်ကနေ သူ့လို ညီညီညာညာ စည်းချက်ကျကျ လှမ်းစေလို၍ ပြင်ခဲ့ရပါတယ်လို့ ထုချေတင်ပြပါတယ်။

ဒါကို အကွက်ရသွားတဲ့ ဒု ဗိုလ်မှူးကြီး သူရတင်ဖေက ထပြီး စစ်ကြောင်းမှူးများဟာ စစ်သက် ၃၀ အောက် တစ်ယောက်မှ မပါကြောင်း၊ ဘယ်ညာခြေလှမ်း ညီညီ မလျှောက်နိုင်လျှင် ခြေထောက်တွေကို ဓားနဲ့ ခုတ်ဖြတ်ပစ်ရပါမယ်။ သမားရိုးကျ စစ်ရေးပြ လုပ်ထုံးလုပ်နည်းကို ပြင်တာ စစ်ရေးပြမှူးမှာသာ လုံးဝ တာဝန်ရှိတယ်လို့ ကောတော့တာပါဘဲဗျာ။ လူကြီးတွေကလည်း ၀ိုင်းပြီး စစ်ရေးပြမှူးကိုသာ ပြစ်တင်ကြတာ တွေ့ရပါတယ်။ စစ်ရေးပြမှူး ဗိုလ်စိန်အောင် ဟက်တက်ကြီး ကွဲတော့တာပေါ့။ သူမှားပါကြောင်း လူဗိုလ်ပုံ အလယ်မှာ စောက်ရှက်ကွဲစွာ ၀န်ခံခဲ့ရပါတယ်။ အစည်းအဝေး ပွဲအပြီးမှာ ရှက်ရမ်းရမ်းလာလို့ ဟိုလူကြီးများကို မနိုင်ဘဲ ကျွန်တော့်ကို မဲတော့တာပါဘဲ။ ဒါဟာ တပ်ထဲက စက်ဆုပ် ရွံ့ရှာစရာကောင်းတဲ့ ကြီးနိုင်ငယ်ညှင်းဆဲ လုပ်နည်းကားတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ်က ကြောက်ကြောက်ရွံ့ ရွံ့နဲ့ ဟောက်သမျှ ငြိမ်ခံတတ် ကြပါတယ်။ ကျွန်တော်ကတော့ မှန်တာဆိုရင် ငြိမ်ခံတဲ့ အကျင့် မရှိဘူးလေ။ ပြန်ပက်လိုက်တော့ သူအခံရခက်ပြီး ဟိုမှာ စခဲ့တဲ့ ဇာတ်လမ်းဟာ ကျွန်တော်နဲ့ အဆုံးသတ် ထိပ်တိုက်တိုးခဲ့ရတော့တာပါဘဲ။

ဗိုလ်စိန်အောင်ဟာ OTS အပတ်စဉ် (၉) ကျောင်းဆင်း ဖြစ်ပြီး ဗိုလ်သန်းရွှေနဲ့ တပါတ်စဉ်ထဲဖြစ်ပါတယ်။ ဦးအေးကိုရဲ့ တပည့်ပီသစွာ အဖားကောင်းလွန်းလို့ တက်လာခဲ့သူ ဖြစ်ပါတယ်။ န၀တ တက်ခါစ ဗိုလ်စိန်အောင် ကစထမှူး ဖြစ်နေချိန်မှာ ရပခ တိုင်းမှူး ဗိုလ်မောင်အေးကို နှိပ်ကွပ်ခဲ့ရာ သမိုင်း တစ်ပါတ်လည်ပြီး ဗိုလ်မောင်အေးက ဒုချူပ်ဖြစ်လာချိန်မှာတော့ စက်မှု (၁) ၀န်ကြီးဖြစ်နေတဲ့ ဗိုလ်စိန်အောင်အား ကြံခင်း ဘိလပ်မြေ စက်ရုံ စစ်ဆေးမယ် ဆိုကာ နှိပ်ကွပ်လိုက်ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်း ကာလပြီးတော့ ဗိုလ်စိန်အောင်ဟာ စက်မှု (၁) ၀န်ထမ်းများအား လူထု အရေးတော်ပုံကြီးမှာ ပါဝင်ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးတဲ့ မေးခွန်းလွှာများကို ဖြေကြားစေခဲ့ပါတယ်။ မေးခွန်းများရဲ့ ဖြေကြားလွှာများ အပေါ် ဂဃဏန မစုံစမ်း မစစ်ဆေးတော့ဘဲ ထင်သလို ဖြုတ်ပစ်ခဲ့ရာ ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ၀န်ထမ်းများ၊ များစွာ ဘ၀ပျက်ခဲ့ရပါတယ်။ စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေကတောင် “ကိုစိန်အောင် အရမ်း မလုပ်ပါနဲ့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါ၊ စက်မှု (၁) ခါးဆက် ပြတ်သွားလိမ့်မယ်” လို့ သတိပေးကာမှ ရပ်သွားခဲ့ပါတယ်။ သူ့ PA ဗိုလ်ကြီး တစ်ဦးကို စာရွက်စာတမ်း ကျန်ရစ်ခဲ့လို့ ဆိုပြီး ဆဲဆို ကြိမ်းမောင်း၊ ကားပေါ်မှ မောင်းချခဲ့ရာ PA ဗိုလ်ကြီးခမျာ လမ်းဘေးမှာ ငုတ်တုတ် ကျန်ခဲ့ရတဲ့အထိ ကြမ်းတမ်းခက်ထန်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ လက်သီးကို အသုံးပြုပြီး ထိုးကြိတ်ရာမှာ လက်မြန်တဲ့ ဘီလူးကြီးအဖြစ်နဲ့ တပ်တွင်းမှာရော စက်မှု(၁) မှာပါ နံမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ ဦးဆောင် ညွှန်ကြားရေးမှူးမှ အစ အောက်ခြေ၀န်ထမ်းအထိ သူ့ကို ကြောက်ရွံ့ ပုံကိုပြောရရင် အတွင်းရေးမှူး(၁) (၂) တို့က နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ လိုအပ်တဲ့ စက်မှု(၁)ထုတ် ပစ္စည်းများကို ဖြည့်ဆည်းခိုင်းရာ မဖြစ်မနေ ပေးလိုက်ရလို့ အစည်းအဝေးက ပြန်လာတဲ့ အခါမှာတော့ မဆီမဆိုင် ၀န်ကြီး ဗိုလ်စိန်အောင်က လက်အောက် ၀န်ထမ်းတွေကို ကြိမ်းမောင်း အော်ငေါက် ပစ်တင်ပါတယ်။ ဒါ့အပြင်သူ့ရုံးခန်းထဲကိုဝင်တိုင်း နီးရာပစ္စည်းနဲ့ ဒေါသတကြီး ကောက်ပေါက်တတ်လို့ ဝေးဝေးမှ စိုးရွံ့စွာနေရခြင်း၊ စက်ရုံဂိုဒေါင်တွေ စစ်ဆေးရာ ဘ၀င်မကျလို့ ဗိုလ်စိန်အောင် အနားကပ်လိုက်မိတဲ့ ပညာရှင်တစ်ဦးဟာ ပိတ်ကန်ခံရပြီး ဖင်ထိုင်ရက်လဲကာ နံရိုးအက်သွားခြင်း စသဖြင့် ကြမ်းတမ်း မောက်မာ မိုက်ရိုင်းပုံကတော့ စံတင်လောက်သူဖြစ်ပါတယ်။

ကျွန်တော်နဲ့ သူကလည်း စစ်ရေးပြပွဲကျမှ ဆုံရ တွေ့ရ သိရတာကိုး။ ကျွန်တော့် အကြောင်းကို သူ မသိရှာပါဘူး။ သူ မိုက်ရိုင်းမှုကိုတော့ဆရာသမား တချို့က ပြောပြလို့ တစွန်းတစ သိထားပါတယ်။ သူ့စောက်ကျင့်က သူ့ကို ကြောက်တတ်သူကို ဖြဲခြောက်ပြီး ဖိဟောက်တတ်သတဲ့။ ကျွန်တော်က ကြက်ခေါင်းဆိတ်မခံ ဂျစ်ကန်ကန် လုပ်တတ်တာကို သူရိပ်စားမိပြီး နောက်ပိုင်းမှာ မဟောက်ရဲတော့ပါဘူး။ လူရှေ့ သူရှေ့ ဆိုရင် သူပိုလို့ သတိထားပြီး အမိန့်ပေးတဲ့ ပုံစံနဲ့သာ ပြောဆိုဆက်ဆံလာပါတယ်။ မှားရင်တော့ ပိုင်နိုင်စွာ တွယ်မယ့်ပုံစံမျိုး ပေါ့ဗျာ။ ကျွန်တော်ကလည်း စစ်သားပီပီ စည်းကမ်းနဲ့ အညီ သာ လိုက်နာ ကျင့်ကြံတယ်။ ကြိုးစားပြီး အမှား မရှိအောင် သတိနဲ့ ထိန်းတယ်။ အကြီးအကဲ တစ်ဦးမို့ အမိန့်ကို မလွန်ဆန်ဘူး နာခံတယ်။ ရောရော ၀င်ဝင် ခင်မင်တဲ့ အရိပ်လက္ခဏာတော့ လုံးဝ မပြဘူး။ ခပ်တင်းတင်း မျက်နှာထား တပြားသားမျှ မလျှော့ဘူး ၊မာန်ကို လုံးဝ မချဘူး။

မတ်လ ၂၇ ရက်နေ့ စစ်ရေးပြပွဲကျတော့ သူက မျက်နှာချို သွေးပြီး တော်လှန်ရေး ပန်းခြံ လှုပ်ရှားမှု အမိန့်စဉ်များကို သူမမှားအောင် သူ့နောက်မှ တိုးတိုး တစ်ခုချင်း သတိပေးဖို့ ပြောလာပါတော့တယ်။ ခဏခဏ မှားမှုကြောင့် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့ သဘောပေါ့ဗျာ။ ကျွန်တော်ကလည်း မိုင်ဒါကွင်း လှုပ်ရှားမှု အမိန့်စဉ် မမှားဖို့သာ ကျွန်တော့်မှာ တာဝန်ရှိတယ်၊ မမှားစေရန် ကျွန်တော် လေ့ကျင့်မှတ်သားထားတယ်။ တော်လှန်ရေး ပန်းခြံ အမိန့်စဉ်နဲ့ လှုပ်ရှားမှုဟာ စစ်ရေးပြမှူးကြီးရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ကျွန်တော့် တာဝန် ကျွန်တော် ကျေအောင်ပဲ လုပ်မယ်။ စစ်ရေးပြမှူးကြီးလည်း ကိုယ့်တာဝန်ကိုယ် ကျေအောင် လုပ်ပါ။ စစ်ရေးပြမှူးကြီးရဲ့ အမိန့်စဉ်ကို ကျွန်တော် မကျက်နိုင်ပါဘူး။ သတိလည်း မပေးနိုင်ဘူး။ ကျွန်တော့်ကို တရားခံ မရှာပါနဲ့။ ကိုယ်မှား ကိုယ်ခံ၊ ကိုယ့်တာဝန်နဲ့ ကိုယ် လုပ်သွားမှာပဲလို့ ပြတ်ပြတ်ပဲ ပြန်ပြောခဲ့တယ်။ ဒါကို ဒုဗိုလ်မှူးကြီး သူရတင်ဖေနဲ့ စစ်ရေးပြ နည်းပြအဖွဲ့ကိုပါ တိုင်တည်ပြီး တင်ပြခဲ့ပါတယ်။ ဗိုလ်မှူးကြီး တင်ဖေတို့ အဖွဲ့ကလည်း စစ်ရေးပြမှူးကြီး အပိုင်းနဲ့ စစ်ရေးပြ တပ်ရေး အပိုင်း (၂) ပိုင်းမှာ မှားခဲ့ရင် တာဝန်ရှိသူများကိုသာ အရေးယူမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

တကယ့်နေ့မှာ အမှားအယွင်းမရှိ ပြေလည်အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။ ကျွန်တော့်ကို ကိုင်လို့ ဟောက်လို့ မရတော့ အလံကိုင် အရာရှိများ တပ်ဖွဲ့ဘက်ကို စစ်ရေးပြမှူးကြီးဟာ ဦးလှည့်သွားခဲ့ပါတယ်။ အလံကိုင် အရာရှိများ တပ်ဖွဲ့ဟာ စစ်ရုံးချုပ် ဌာနပေါင်းစုံက ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဦးစီးအရာရှိများနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ နောက်ဆုံး အစမ်းလေ့ကျင့်ပွဲအပြီးမှာ အလံကိုင် အဖွဲ့များကို မဲပြီး စစ်ဆေးပါတော့တယ်။ ဆံပင်ရှည်သူများနဲ့ စစ်ဘောင်းဘီ အိတ် နှစ်ဖက်မပါသူ (၆) ဦးခန့်ကို တွေ့ပြီး ဆိုင်ရာ တိုင်းမှူးတွေနဲ့ လူကြီးတွေထံ အသိပေး တိုင်ကြားဖို့ စီမံတော့တာပါဘဲ။ ဒီအထဲမှာ မှတ်မှတ်ရရ စစ်ရုံးချုပ် စစ်ဆင်ရေးဌာနက ဦးစီး အရာရှိတချို့ ပါခဲ့တာ သတိပြု မိပါတယ်။ ဗိုလ်ကြီး သီဟသူရစစ်မောင် (ဗိုလ်ချုပ်၊ ရတခ၊ တိုင်းမှူး ရဟတ်ယာဉ်ပျက်ကျ) ပါဝင်ခဲ့ပြီး ပြဿနာ တက်ခဲ့ရပါသေးတယ်။ စစ်ရေးပြမှူးကြီးက စင်မြင့်ပေါ်ကနေပြီး အသံချဲ့စက်နဲ့ စစ်ရုံးက ထောင့်မကျိုးတဲ့ အရာရှိတွေ သတိထား၊ တပ်မတော်နေ့ တကယ့် စစ်ရေးပြပွဲမှာ စစ်ဆေးလို့ အပြစ်တွေ့ရင် အရေးယူမယ် လို့ လူသိရှင်ကြား ဟိန်းလိုက်ဟောက်လိုက် ပါသေးတယ်။

စစ်ရုံးက အရာရှိ ဆိုသူများဟာ ညောင်ပင်ကြီး ကောင်းလို့ God Father ရှိလို့ အာစရိများ ရှိလို့ ရောက်နေကြတာ သူ မသိရှာတာ သနားစရာ ကောင်းလှပါတယ်။ တပည့်သားမြေးတွေက ပြန်လည် သံတော်ဦးတင်ခဲ့ကြလို့ သူ့အပေါ် လူကြီး တော်တော်များများက အပုပ်ကောင် သရုပ်ဆောင်မှု ဖြစ်စဉ်ကို နားမဆန့်အောင် ကြားနေကြပြီလို့ ကြားခဲ့ဘူးပါတယ်။ အရေးပါတဲ့ ဦးစီးအရာရှိ ဗိုလ်မှူးတဦးရဲ့ ပြောပြချက်အရ ဆိုရင် သူအားကိုးတဲ့ဆရာ ဒုချုပ်ဗိုလ်အေးကို ကပင်လျှင် ကိုစိန်အောင် သင်ခန်းစာ ယူနိုင်ဖို့ ပညာပေး ရဦးမယ်လို့ ညည်းတွားခဲ့သတဲ့။ ဒါဟာ မှန်ကန်ကြောင်း စစ်ရေးပြပွဲပြီးချိန်မှာ အဖြေမှန် ရလိုက်ပါတယ်။ တပ်မ (၄၄) မှာ သူဟာ တပ်မမှူး မဖြစ်ဘဲ စစ်ရုံးချုပ်မှာ Col: GS ရာထူးသာ ရခဲ့ပါတယ်။ တပ်မမှူးဟာ ရတခ က ဒုတိုင်းမှူး ဗိုလ်မှူးကြီး မြသင်း ဖြစ်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ ခမရ(၁) တပ်ရင်းမှူး ဖြစ်လာခဲ့ပါတယ်။

နောက်အပိုင်းမှာတော့ တပ်သမိုင်း ထုံးစံ တပတ်ပြန်လည် ရာမှာ ဗိုလ်စိန်အောင်နဲ့ ပြန်လည် ဆုံတွေ့ခဲ့ကြတဲ့ အခါမှာတော့ အဘဦးအေးမြင့်ဟာ စစ်သားပီပီ ပြောရင် ပြောတဲ့အတိုင်း ဂုဏ်သိက္ခာရှိစွာ ပြုမူ ဆောင်ရွက်ခဲ့ပုံကို ဆက်လက် တင်ပြသွားပါမယ်။

မနေ့က တပ်မတော်ရဲ့ G1 ရာထူးဟာ ကျွန်တော့်ရဲ့ နှစ်ပေါင်း (၃၀) နီးပါး ဖြတ်သန်းမှု ကာလ စစ်မှုထမ်း ဘ၀မှာ အမြင့်ဆုံး ရဖူးခဲ့တဲ့ ချီးမြှင့် မြှောက်စားမှု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် မမျှော်လင့်ခဲ့တဲ့ ရာထူး တာဝန်လည်း ဖြစ်ပါတယ်။ ရဖို့လည်း တကယ်တော့ မလွယ်လှပါဘူး။ တပ်မတော်မှာ အဆင့်မြင့် ရာထူး တာဝန်များကို ယုံကြည်စွာ နေရာပေး ခန့်ထားလိုသူများကိုသာ ပေးလေ့ပေးထ ရှိတဲ့ Potential Rank ဖြစ်ပါတယ်။ G1 ဖြစ်ပြီးရင် ဗျူဟာမှူး၊ ဒုတပ်မမှူး၊ ဒု တိုင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးများ အထိ လမ်းပွင့် သွားပါတော့တယ်။

မနေ့က တပ်မတော်မှာ G1 ရာထူး တာဝန်ဟာ နောက်ဆုံး စမ်းသပ်မှု အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် ဖြစ်သူ အားလုံးဟာ G1 ရာထူးတာဝန် ထမ်းဆောင် ဖူးသူများ ဖြစ်ကြပါတယ်။ မနေ့ကတပ်မတော်မှာ စစ်ဦးစီးချုပ် လုပ်ခဲ့သူ ဗိုလ်နေ၀င်း၊ ဗိုလ်စန်းယုနဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးတို့သာ စီနီယာ ဂျူနီယာ လုပ်သက် ရင့်ကျက်မူ တပ်အစဉ်အလာအရ စစ်ဦးစီးချုပ် ဖြစ်လာခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ဆိုရင် ရတခမှာ G1 စစ်ရုံးချုပ်ရဲ့  G1 ပြီးကာမှ တပ်မ (၇၇)မှာ ဒုတပ်မမှူး၊ တပ်မ (၉၉) မှာ တပ်မမှူး၊ ရကတ တိုင်းမှူး၊ ဒုဦးစီးချုပ်မှ စစ်ဦးစီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်ရဲ့  စစ်ဦးစီးချုပ် သက်လွန် စစ်သူတောင်းစားလည်း စစ်ရုံးချုပ်မှာ G1 ဖြစ်ခဲ့ပြီး တပ်မ (၈၈) မှာ ဒု တပ်မမှူး၊ တပ်မမှူး၊ နတခ တိုင်းမှူး မှ ဖြတ်သန်းကာ နေရာရခဲ့တာ တွေ့ရပါတယ်။

ဖြစ်ချင်တော့ ၁၉၈၃ ခုနှစ် ပထမ လေးလပတ် အစည်းအဝေး ကာလ၊ ဖေဖော်ဝါရီလား မတ်လလား မမှတ်မိတော့ဘူး။ တိုင်းမှူးရဲ့ PSO ဗိုလ်ကြီး ၀င်းထွန်းက ရန်ကုန်ကနေ ဖုန်းဆက်လာပါတယ်။ “G1 ကြီး ကျွန်တော်နဲ့ ကျွန်တော့်ဆရာ စက်စဲမှာ ရေသွားကူးတော့မယ်” တဲ့။ (လက်ရှိ တိုင်းမှူးက အရှေ့တောင်တိုင်းကို ပြောင်းရမှာကို ပြောတာပါ) ဒါနဲ့ ကျွန်တော်က တောင်ပေါ် (ရမခ တိုင်းမှူး အသစ်ကိုဆိုလိုတယ်) ဘယ်က တက်လာမလဲဆိုလို့ မေးလိုက်တော့ “ရထားနှစ်စင်းက စပယ်အာလူး”တဲ့။ (ရထားနှစ်စင်း ဆိုတာက တပ်မ ၇၇ ဖြစ်ပြီး စပယ်အာလူးက စိန်အောင်လို့ဆိုလိုတာပါ)။ ဒါနဲ့ ကျွန်တော်လည်း ချက်ချင်းဘဲ ထွက်စာ ကောက်ရေးလိုက်တော့တာပါဘဲ။

နောက်နှစ်ရက် သုံးရက်မှာ တိုင်းမှူးတို့ လေယာဉ်နဲ့ ရန်ကုန်က လားရှိုးကို ပြန်လာကြပါတယ်။ စစ်လေယာဉ်ကို Col: Air ဗိုလ်မှူးကြီး တင်မောင်အေးက မောင်းလာတာပါ။ လေယာဉ်နဲ့အတူ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် အဲလ်ကွန်ဖန်ရော ဒုတိုင်းမှူး ဗိုလ်မှူးကြီး စိုးညွှန့်တို့ ပါလာပြီး ရမခ မှာ နေ့လည်စာ စားဖို့ စီစဉ် ထားပါတယ်။ တိုင်းမှူးနဲ့ အဖွဲ့ လေယာဉ်ပေါ်ကအဆင်း လေယာဉ်အပေါက်ဝ ကနေ ဗိုလ်မှူးကြီး တင်မောင်အေးက အသံ ကျယ်ကျယ်နဲ့ “ဟေ့ ဗိုလ်အေးမြင့် လူ့ကံ ၀ကံပဲကွ၊ မင်း တရုတ်ကြီး မင်းဆီ ရောက်လာပြီ” လို့ အော်ပြော တော့တာပါဘဲ။ “ဟုတ်တယ် ကာနယ်ကြီး၊ ကျွန်တော်လည်း အားလုံး ပြင်ပြီးပါပြီ” လို့ အော်ပြီး ဖြေလိုက်ပါတယ်။ ရောင်းရင်းဟောင်းကြီး ဗိုလ်မှူးကြီး စိုးညွှန့်ကတောင် လူတစ်ဦးကြောင့် ကိုယ့်ရဲ့ ကယ်ရီယာကို ဘာလို့ အဆုံးခံရမှာလဲ။ အရမ်းမလုပ်နဲ့ ကိုအေးမြင့်လို့ တားရှာပါသေးတယ်။

ရိုးရိုးတမ်းတမ်း မိမိသဘော ဆန္ဒအရ နှုတ်ထွက်လွှာတင်ပြီး G1 ကနေ ထွက်ခဲ့တာ မနေ့က တပ်မတော်မှာ ကျွန်တော် တစ်ဦးသာ ရှိမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ အပြုအမူနဲ့ တစောက်ကမ်း သောက်ရမ်း လုပ်မှုအပေါ် အကြီးအကဲများက မနှစ်မြို့ ခဲ့ကြတာ သတိပြုမိပါတယ်။ တချို့ကတော့လည်း အံ့သြပြီး နှမြောခဲ့ကြတယ်လို့ ဆိုပါတယ်။ မဟာ ရန်သူကြီး တယုတ် စိန်အောင်ကပင်လျှင် သူနဲ့ လုပ်ကြည့်ပါ၊ ထွက်စာ ပြန်လည် ရုတ်သိမ်းပါလို့ ပြောခဲ့ဖူးပါတယ်။ စိတ်ရင်း စေတနာကောင်းပြီး သမာသမတ်ရှိသူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ဆုံးမ ပဲ့ပြင်ခဲ့တဲ့ စကားများကို ဒီနေ့တိုင် ကြားယောင် နေပါသေးတယ်။ “မင်း သူနဲ့ တသက်လုံး နေရမှာ မို့လား၊ တပ်မတော်မှာ ဒီလို စိတ်ထားမျိုးထားရင် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူးတဲ့၊ မင်းကို ကောင်းစား စေချင်လို့ ဇိကုပ်ပြီး နတ်ပြည် တင်တာဘဲ၊ ဒါကို ဖင်ပူတယ်ထင်ပြီး ခုန်ချချင်ရင်လည်း သွားတော့” တဲ့။ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ကို မိဘ တစ်ဦးလို ရိုသေ ကြည်ညိုခဲ့သလို တော်မှန်တဲ့ အကြီးအကဲ တစ်ဦးအဖြစ်လည်း လေးစားခဲ့ရပါတယ်။

ယခင် တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်ဆွေကလည်း မထွက်ဖို့နဲ့ အရပ်ဘက်ကို ပြောင်းဖို့ သူတင်ပြပေးမယ်လို့ ဖျောင်းဖျ ရှာပါတယ်။ တိုင်းမှူးဟာ ကျွန်တော့် ကလေးကိစ္စ (ကားတိုက် သေဆုံးမှု) ဖြစ်ပြီး နောက်ပိုင်း ကျွန်တော့် အပေါ် စာနာဂရုဏာထားတာ တွေ့ရပါတယ်။ နောက်တစ်ရက် နံနက်မှာ ထွက်စာကို PSO မှ တဆင့် တိုင်းမှူးထံ တင်လိုက်ပြီး လားရှိုးဆေးရုံကို တခါတည်း တန်းတက်လိုက်ပါတော့တယ်။ (ရမခ) က ဘယ်သူ့ကိုမှ အတွေ့မခံတော့ပါဘူး။ လားရှိုးကနေပြီး မင်္ဂလာဒုံ ဆေးရုံကြီးကို ရွှေ့ကာ ထွက်ခွင့် အမိန့်စာကို စောင့်ပြီး တစ်လကျော်ကြာမှ ထွက်ခွင့်ရခဲ့ပါတော့တယ်။ ကျွန်တော် အလွန် အင်မတန်မှ သံယောဇဥ်ကြီးလွန်းလှတဲ့ မနေ့က တပ်မတော်ကနေပြီး ကြေကွဲ ၀မ်းနည်းစွာနဲ့ဘဲ ကျောခိုင်းခဲ့ပါတယ်။

မနေ့က တပ်မတော်ရဲ့  ဘာရာထူးအဆင့် ကိုမှလည်း မမက်မောတော့ပါဘူး။ မပျော်ပိုက်တော့တဲ့ မနေ့က တပ်မတော်မှာ ဆက်ပြီး နေချင်စိတ်လည်း မရှိတော့ပါဘူး။ မနေ့က တပ်မတော်က လူကြီး မပီသတဲ့ အကြီးအကဲများရဲ့ အောက်မှာ လူငယ်ပီသစွာ တာဝန်ထမ်းဆောင်ဖို့ လုံးဝ ဆန္ဒ မရှိတော့လို့ ကျောခိုင်းခဲ့တာပါဘဲ။ မနေ့က တပ်မတော်က ကျွန်တော့်ရဲ့ စစ်မှုထမ်းဟောင်း ကာလ အနှစ် (၃၀) နီးပါး ဘာပြစ်မှုမှ မရှိခဲ့ပါဘူး။ အထူးသဖြင့် ကိုယ့်ကျင့်တရားနဲ့ ပတ်သက်လို့ ငြိစွန်းမှု တစုံတရာ မရှိခဲ့ပါဘူး။ နိုင်ငံတော် စရိတ်ကို မလျော်မကန် မတော်မှန်စွာ မြိုဆို့ စားဝါးခဲ့တာ စိုးစင်းမျှ မရှိခဲ့ပါဘူး။ ဒီနေ့ တပ်မတော်က ဗိုလ်ယုတ်၊ ဗိုလ်တုတ်ကြီးများနဲ့ ယှဉ်ပြီး အစမ်းသပ် ခံရဲပါတယ်။ ဒီနေ့ တပ်မတော်က တိုင်းပြည်ကို ချစ်ပါတယ် ဆိုတဲ့ ဗိုလ်ရှုပ်ကြီးများနဲ့ အမှန်တကယ် အဖြေမှန်ပေးတဲ့ ကွန်ပြူတာပေါ်မှာ ယှဉ်ပြီး စိစစ်ခံရဲပါတယ်။

ကျွန်တော် လူညံ့တစ်ဦး မဟုတ်လို့ ဘယ်သူ့ကို အားကိုးဆည်းကပ်ရင် ဘ၀ရှေ့ရေး စိုပြေကြီးပွါးမယ် ဆိုတာ သိပါတယ်။ လုပ်လည်း လုပ်တတ်ပါတယ်။ ဆည်းကပ်ကိုးကွယ်သူရဲ့ အကြိုက်ကို မှားမှား မှန်မှန် တပ်က မထွက်မချင်း လိုက်ရမဲ့ အဖြစ်ကို သိနားလည်တယ်။ သူ့အတွက် ကိုယ့်ဘ၀ကို အပ်နှင်းရမဲ့ လုပ်စားနည်းမျိုးကိုတော့ အလွန် အင်မတန် ရွံ့မုန်းတာကြောင့် ကိုယ့်ဘ၀ကိုယ် ပိုင်ဆိုင်နိုင်ရေးလမ်းကိုသာ ရွေးခဲ့တာပါ။ ရာထူးနေရာ စည်းစိမ် လုပ်ပိုင်ခွင့်တွေ တပုံတပင်ကြီးရပြီး စိတ်သောကကြောင့်ကြမှုတွေ ဒုနဲ့ဒေး နေရမဲ့ အဖြစ်မျိုး မလိုလားပါ။ သူ့စိတ်နဲ့ ကိုယ့်ကိုယ် လိုသလို အသုံးချခွင့် ကျွန်တော် မပေးနိုင်ပါ။ တပ်မတော်က သတ်မှတ် ပြဌာန်းထားတဲ့ စစ်စည်းကမ်း စည်းမျဉ်း လုပ်ထုံးလုပ်နည်း ဘောင်အတွင်းမှာ သိက္ခာရှိရှိ တာဝန်သိသိ လှုပ်ရှားချင်တဲ့ ကျွန်တော့် ကိုယ်ပိုင်မူအရ မနေ့က တပ်မတော်ကို သံယောဇဉ်ကြီးစွာနဲ့ ကျောခိုင်းခဲ့ပါတယ်။

တပ်မတော်ရဲ့ သဘောသဘာဝ အရ စစ်သည်များဟာ ဦးစီးကွပ်ကဲသူ တပ်ဗိုလ်၊ တပ်မှူးတို့ရဲ့ စံနမူနာကောင်းကို အတုယူ အားကျကာ လိုက်လံ လှုပ်ရှားတတ်ကြပါတယ်။ ကျွန်တော် ရဲဘော်ဘ၀တုန်းက အရည်အသွေးပြည့်ဝတဲ့ အထက်အရာရှိ တပ်ဗိုလ် တပ်မှူးများကို စံထားကာ အတုယူ ကျင့်ကြံအားထုတ် လှုပ်ရှားခဲ့ပါတယ်။ ၀တ်စား ဆင်ယင်မူကအစ ပြောဟန်ဆိုဟန် စစ်မိန့်ပေးသံ ပါမကျန်အောင် အတုခိုးကျင့်ကြံ လှုပ်ရှားခဲ့ပါတယ်။ မနေ့က တပ်ဗိုလ် တပ်မှူး အများစုဟာ လျော်ကန် တော်မှန်စွာ ဦးစီးကွပ်ကဲကြသလို လက်အောက်ငယ်သားများ ကိုလည်း သွန်သင်ပဲ့ပြင် လမ်းညွှန်လေ့ ရှိကြပါတယ်။ လမ်းမှားကို မလိုက်မိစေရန် ဆုံးမထိန်းကြောင်းမှု ပေးခဲ့ကြပါတယ်။ အမှားတစ်ခုကို နောက်ထပ် အမှားတစ်ခုနဲ့ မပြင်မိဖို့ စေ့စေ့စပ်စပ် ကြပ်မတ် သင်ကြားစေခဲ့ပါတယ်။ ရဲဘော်စိတ်ပြည့်ဝဖို့ ကိုယ်ကျင့်တရားကောင်းဖို့ တည့်မတ်ပြုပြင် သွန်သင်တာ ခံယူခဲ့ဖူးပါတယ်။

ဒီနေ့ တပ်မတော်မှာ စံနမူနာကောင်းပြနိုင်သူ စေ့ဆော်ဆုံးမပဲ့ပြင်ပေးမဲ့သူ တော်မှန်စွာ သင်ကြား လေ့ကျင့်ပေးသူ မရှိသလောက်ပါဘဲ။ အတ္တ၊ငို့ဘ၊ မာန်မာန၊ လောဘ၊ ဒေါသ၊ မောဟ တရားတွေက ဖိစီးပြီး ကိုယ့်အတွက်သာ ကိုယ်ကြည့်လို့ “အလိုက်သင့် မောင်ဘဦး” တပ်ဗိုလ် တပ်မှူး တွေသာ များနေပါတယ်။ အခါအခွင့်ရချိန်မှာ စံစားနိုင်ဖို့ ၀ါးမြိုဆို့ဖို့ကိုသာ စိတ်ဝင်တစား လုပ်စားနေကြတာများလာလို့ မနေ့က တပ်မတော်ရဲ့  အစဉ်အလာ ကောင်းတွေဟာ တစတစ ပျောက်ကွယ်သွားပြီး စစ်တပ်ဟာ စစ်တပ်နဲ့ မတူတော့ဘဲ လက်နက်ကိုယ်စီ ကိုင်ထားတဲ့ လူရမ်းကား တစ်စုပုံသွင် မြင်လာနေရပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်ခေတ် မဆလ ၂၆ နှစ်တာ ကာလမှာ နိုင်ငံရေး သဘောတရား၊ အတွေးအခေါ်တွေ ၀င်ခဲ့ရာမှ တပ်မတော်ရဲ့  စနစ်တကျ ရှိမှုများ ပျက်ပြားကာ တပ်ပုံစံ ပြောင်းသွားခဲ့တာ သတိပြုမိပါတယ်။ စစ်အာဏာရှင်တို့ မှိုင်းတိုက် သွတ်သွင်းမှုများအရ သမိုင်းမှန်များ မှေးမိန်ခဲ့ရသလို စစ်အာဏာရှင်တို့ရဲ့  အလိုကျ သမိုင်းလိမ်များ၊ ယုတ္တိဗေဒဆန်တဲ့ အကြံအဖန် သမိုင်းတို့သာ ရေပန်းစားလာခဲ့ပြီး မျိုးဆက်သစ် စစ်သည်များဟာ ဒီသမိုင်းတု၊ သမိုင်းလိမ်တွေနဲ့သာ ယဉ်ပါးခဲ့ကြ ရပါတော့တယ်။ ဒါကြောင့်ပဲ တကယ့် ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဟာ ဒီနေ့တပ်မတော်က မျိုးဆက်သစ် တပ်ဗိုလ်၊ တပ်မှူးတွေ တိတိပပ မသိကြတော့တာ ဖြစ်ပါတယ်။ အလွန် အင်မတန်မှ ရင်နာဖို့ ကောင်းလှပါတယ်။ ဒီနေ့ တပ်မတော်ဟာ အာဏာရှင်နဲ့ အပေါင်းပါ တစ်စုရဲ့ အသုံးချခံ ကိရိယာဘ၀မှာ ထဲထဲဝင်ဝင် ခံယူ လုပ်စား နေကြတာ တွေ့ရပါတယ်။ တပ်မတော်မှာ “မကောင်းတဲ့ စစ်သား မရှိဘူး၊ မကောင်းတဲ့ စစ်ဗိုလ်သာ ရှိသတဲ့။”

မကောင်းတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေ ဒီနေ့ တပ်မတော်မှာ တပုံတပင်ကြီး ရှိနေတာ တွေ့ရပါတယ်။ ဒီ တပ်ဗိုလ်၊ တပ်မှူး၊ လူဆိုး၊ လူညစ်တွေကြောင့် တပ်မတော် ရွာနာ နေရတာပါ။ ဒီနေ့ တပ်မတော်ဟာ အစဉ်အလာ ကောင်းပြီး သိက္ခာရှိတဲ့ မနေ့က တပ်မတော်မျိုး ပြန်လည် ရောက်လိုလျှင် ဒီကနေ့လို မကောင်းဆိုးဝါး၊ စစ်သူတောင်းစား တပ်ဗိုလ်၊ တပ်မှူးများကို ရှင်းလင်းဖယ်ရှား သန့်စင်သွားကြပါလို့သာ ဆန္ဒပြု စေ့ဆော်လိုက် ရပါတယ်။ ၁၉၅၅ ခုနှစ်မှာ ကျနော်က စစ်သားဖြစ်လာပြီမို့ စစ်သမိုင်းတွေကို ပို၍ လေ့လာမှတ်သား သိရှိ ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ထက်မြက်တဲ့ စစ်ရေး စွမ်းဆောင်မှုများကြောင့် တပ်မတော် အတွင်းမှာသာမက တိုင်းပြည်မှာရော နိုင်ငံတကာမှာပါ ဗိုလ်ချုပ်ကျော်ဇောဟာ အောင်မြင်သော စစ်သူကြီးတစ်ဦး အဖြစ်နဲ့ ဂုဏ်သတင်း ပြန့်လွင့်ကျော်ကြားခဲ့တာ သတိပြုမိပါတယ်။ ဒီ ကျော်ကြားမှုကြောင့်ပဲ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းဟာ သူ့ရဲ့အနာဂတ်ရှေ့ရေးအတွက် တွေးပူပြီး စိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြိုင်ဘက်ထိပ်သီး ဆိုရှယ်လစ် စစ်ဗိုလ် တချို့ ဟာ ဗိုလ်ချုပ်ကျော်ဇောအပေါ် မနာလို၊ မရှုစိမ့်၊ သ၀င်တိုစိတ်များ ပြင်းပြ လာရာက ၁၉၅၆ ခုနှစ်မှာ ၀န်ကြီးချုပ် ခေတ္တတက်နေတဲ့ ဆိုရှယ်ညစ် ပဂေးကြီး ဦးဗဆွေထံ အကြံအဖန် လန်ကြုပ်ဇာတ်လမ်းဆင် တင်ပြလို့ ကန်ထုတ်ကြပြန်တာ တွေ့ရပါတယ်။ သရုပ်ပြ အမွှန်းတင် စီစဉ်တင်ဆက်ကြသူများထဲမှာ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီးအောင်ကြီးနဲ့ ဗိုလ်နေ၀င်းတို့ ပါဝင်ကြောင်း သမိုင်း အထောက်အထား တွေ့ခဲ့ရပါတယ်။

၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်ကျော်ဇောခမျာ တပ်မဲ့ဗိုလ်ချုပ်ဘ၀ကို ရောက်သွားခဲ့ရပါတယ်။ နာမည်ကျော် စစ်သူကြီးတစ်ဦး တိုင်းပြည်မှာ ဆုံးရှုံးသွားခဲ့သလို မနေ့က တပ်မတော်မှာပါ အတိုင်းမသိ ထိခိုက်နစ်နာခဲ့ရပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ပုဂ္ဂိုလ်တဦးကို မလိုမုန်းထား ဖယ်ရှား လိုက်တယ် ဆိုရင်ပဲ ယင်းပုဂ္ဂိုလ်ရဲ့သမိုင်းကိုပါ မှေးမှိန်ပျောက်ပြယ်အောင် စွမ်းဆောင်ခဲ့ကြတာ ရင်နာစရာ တွေ့ရှိ နားလည်ခဲ့ရပါတယ်။ အထူးသဖြင့် “ဘုရင့်နောင်” ၊“ရန်ကြီးအောင်” စစ်ရေးသမိုင်းမှာ ကိုယ်ကျိုးစွန့် ဦးစီးတိုက်ပွဲ ၀င်ခဲ့သူ စစ်သူကြီး ဗိုလ်ချုပ်ကျော်ဇောရဲ့ အမည်ကို ပြောင်ပြောင်တင်းတင်း ဖျောက်ဖျက် ပစ်ကြတာကို ရင်နာစရာ တွေ့ခဲ့ရပါတယ်၊ သမိုင်းဆိုတာ လိမ်လည်လှည့်ဖြား မှတ်တမ်းတင်လို့ မရစကောင်းပါဘူး။ အဆိုးအကောင်း အကျိုးအကြောင်းနဲ့ တိတိပပ မော်ကွန်းတင်ရရိုး ထုံးတမ်းစဉ်လာ ရှိစမြဲပါ။ ဒီထက်ပိုလို့ ရင်နင့်စရာ မြင်ရတာက တိုင်းပြည်ရဲ့ ကျေးဇူးရှင် လွတ်လပ်ရေးဗိသုကာ ဒီနေ့တပ်မတော်ကို စတင်စုဖွဲ့ခဲ့တဲ့ မူလပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကိုပင် ထဲထဲဝင်ဝင် ပီပီပြင်ပြင် ကြိုးပမ်း ဖျောက်ဖျက် နေကြတာ တွေ့ရလို့ ဖြစ်ပါတယ်။

မနေ့ကတပ်မတော်ရဲ့ ၅၈ အဆစ်အကွေ့ သမိုင်းမှာတော့ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးချုပ်အောင်ရွှေနဲ့ ဒုဗိုလ်မှူးကြီး ချစ်ခိုင်တို့ရဲ့ အာဏာသိမ်း ဇာတ်ညွှန်းကို စစ်ရုံးချုပ်က ဆိုရှယ်လစ်ပဂေး ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဇာတ်ပို့ ဇာတ်ရံမှုနဲ့ ဗိုလ်နေ၀င်းက “တပည့်လိမ္မာ ဆရာအာပတ်လွတ် နည်းဗျူဟာ” အရ ပါဝင်ကပြကာ အသုံးတော်ခံခဲ့တာမို့ ကလိမ်ခြုံအာဏာ အနုကြမ်းစီးမှုတစ်ခု သမိုင်းစာမျက်နှာပေါ်မှာ ပါခဲ့ရပြန်ပါတယ်။

ကျနော် ရိုးရိုးရှင်းရှင်းလေး နားလည်ခံယူမိတာက ဖဆပလ ကွဲကြ၊ ပြဲကျ၊ ချဲကြတာဟာ နိုင်ငံရေးသမားတို့ ကြုံတွေ့ရမြဲ ဓမ္မတာတရားလို့ မြင်ပါတယ်။ အဖွဲ့အစည်း တစ်ခုအတွင်း ပါတီတစ်ရပ်အတွင်းမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်အတွက် အန္တရာယ်လို့ မဆိုနိုင်သလို တပ်နဲ့လည်း ဘာမှမဆိုင်ပါ။ သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းကြရင် ရတာပဲ။ ဒါကို မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ခဲ့လို့ တပ်မတော်ရဲ့ သမိုင်း အကျည်းတန်ခဲ့ရပါ တယ်။

ဒီနေ့တပ်မတော်သမိုင်း ၂၀၀၄ မှာလည်း တလက်ကိုင် သစ္စာခံ ဒေါက်တိုင် အဲမ်အိုင် စစ်မလိုင် တွေနဲ့ မတော်မှန်သူ ဗိုလ်သန်းရွှေတို့ ကွဲကြ၊ ပြဲကြ ပြန်တာ တွေ့ရပါတယ်။ “ကျားနဲ့ဆင် လယ်ပြင်မှာ ပီပြင်စွာတွေ့ကြတဲ့ဖြစ်စဉ်” လို့သာ ဆိုချင်ပါတယ်။ ကျားနိုင်ရင်လည်း ပြည်သူတွေ ကျားကိုက်ခံရမယ်။ ဆင်နိုင်ရင်လည်း ပြည်သူတွေ ဆင်နင်းခံရမယ်။ ဘယ်သူနိုင်နိုင် ပြည်သူတို့အဖို့ မစားသာဘူး။ ကျားရော ဆင်ပါ လယ်ပြင်မှာ သေကုန်မှသာ ပြည်သူတို့ သက်သာမှာပါလို့ ကျနော် DVB နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိမိတ်ဖတ် ဟောကိန်းထုတ်ခဲ့ဘူးပါတယ်။

ဒီနေ့မှာ ပြည်သူတွေဟာ ဆင်နင်းတာကို နင်ပဲငဆခံနေရရှာပြီ မဟုတ်ပါလော။ ဘယ်သူငြင်း မလဲ။ နအဖဗိုလ်စုတ် မှန်သမျှဟာ စားခွက်ကိုသေးပန်းပြီး ထမင်းကျွေးတဲ့လက်ကို ကိုက်တဲ့ ခွေးတွေလိုပါပဲ။ ဒါကို ဒီနေ့ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲကို မြစ်ဖျားခံကာ မနေ့ကတပ်မတော်ရဲ့ အာဏာသိမ်းမှု၊ ဒါမှ မဟုတ် အာဏာအနုကြမ်းစီးမှု ဖြစ်စဉ်ကို တပ်ထဲက နိုင်ငံရေး အရောင်အသွေးမရှိတဲ့ မျိုးချစ် စစ်သား၊ တပ်ဗိုလ်၊ တပ်မှူးအများစုက မကျေနပ်ခဲ့ကြပါ။ ကျနော်ပင်လျှင် အဲဒီတုန်းက ရွံ့ရှာ စက်ဆုပ်ခဲ့ပြီး တစခန်းထခဲ့တဲ့ ဆိုရှယ်လစ် စစ်ခေါင်းဆောင်များကို ပိုလို့ မုန်းတီးနာကြည်းခဲ့ပါ တယ်။

နဂိုကမှ စစ်ဦးစီးချုပ် အကျင့်ပျက် ခြစားမှု အပေါ်မှာ မကျေနပ်ခဲ့တာနဲ့ ဗိုလ်ချုပ်ကျော်ဇောကို တပ်က ဖယ်ရှားမှုကြောင့်ပါ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ချစ်ခိုင်စတဲ့ ဆိုရှယ်ညစ် တပ်မှုးများကို လုံးဝ လေးစားမှု မရှိခဲ့ပါဘူး။ ရှစ်လေးလုံး အရေးအခင်း ဖြစ်လာတော့မှပဲ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီး သီဟသူရလှမော် စတဲ့ ဆိုရှယ်လစ်တပ်မှူးကြီး တချို့ကို မျိုးချစ်တပ်မှူးဟောင်း အဖွဲ့မှာ ပြန်လည်ဆုံစည်းပြီး ရင်းနှီးခဲ့ရလို့ နားလည်မှုပေးကာ လေးစားခဲ့ရပါတယ်။

၅၈ ဖြစ်စဉ်မှာ စစ်သားအပီသဆုံး စစ်ခေါင်းဆောင်အကြီးအကဲဟောင်း တစ်ဦးကတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဒီကေဘလိပ် လို့်ဆိုရပါမယ်။ ယင်းဖြစ်စဉ်ကို လုံးဝ ကြေနပ်လက်ခံခြင်း မရှိခဲ့သလို ရဲရဲရင့်ရင့်ပင် ကန့်ကွက်ခဲ့တယ်လို့ ကြားဘူးနားဝ ရှိခဲ့ပါ တယ်။ ဒီကိစ္စကြောင့် ဗိုလ်ချုပ်ဘလိပ်ဟာ တပ်ကနေထွက်သွားပြီး နိုင်ငံခြားသို့ပင် တခါတည်း ထွက်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မောင်မောင်ကျော်ဝင်းကို တရုတ်ပြည်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပေမယ့်လို့ ဗိုလ်ချုပ်ဘလိပ်(ယခု နယူးဇီလန်တွင် သက်ရှိထင်ရှား ရှိနေသူ) ကိုတော့ တပ်မှ အငြိမ်းစား ပေးခဲ့ကြပါတယ်။ ဒီထိပ်တန်းအရာရှိကြီးရဲ့ နေရာကို ဗိုလ်ချုပ်ဘသော်အား စစ်ရေးချုပ်အဖြစ် အစားထိုးခဲ့ကြသလို ဗိုလ်ချုပ်စန်းယုဟာ တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။

ဒီနေရာမှာ မနေ့ကတပ်မတော်အတွင်းက ခိုးလိုးခုလုဖြစ်စဉ် ရာထူးနေရာခန့်ထားမှုကို ဆရာသမားကြီး တစ်ဦးပြောပြမှုကို အခြေခံလို့ရေးပြပါရစေ။ ဗိုလ်ချုပ်ကျော်ဇောကို ဖယ်ရှားစဉ်က တပ်မှာ စစ်ရေး အထက်မြက်ဆုံး အစဉ်အလာ အကောင်ဆုံး ဗိုလ်မှူးကြီးချစ်မြိုင်ကို တိုင်းမှူး ခန့်အပ်ရန် စီမံခဲ့ကြပေမယ့် ဗိုလ်ချုပ်ကျော်ဇောနဲ့ အလွန်ရင်းနှီးတဲ့ တပ်မဟာမှူးကြီးဖြစ်နေတာမို့ တပ်မဟာ ၅ မှူး ဗိုလ်မှူးကြီး အောင်ရွှေကို ခန့်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ဘလိပ် တပ်ကထွက်ပြန်တဲ့အခါ ဗိုလ်မှူးကြီးချစ်မြိုင်ခမျာ တိုင်းမှူးမဖြစ်ပြန်ဘူး။ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်ရွှေကို တောင်ပိုင်းတိုင်းသို့ ရွှေ့ ပြောင်းခဲ့ပြီး၊ စစ်ရုံးချုပ် စစ်ရာထူးခန့် အတွင်းဝန် ဗိုလ်မှူးကြီးအဆင့်ရတာ တစ်နှစ်ခန့်သာ ရှိသေးတဲ့ ဗိုလ်မှူးကြီး စန်းယုကို မြောက်ပိုင်းတိုင်းမှူး ခန့်လိုက်တော့ စီနီယာဗိုလ်မှူးကြီး တပ်မဟာမှူး တော်တော် များများက မကျေနပ်ကြဘူး။ အထူးသဖြင့် ဗိုလ်မှူးကြီးချစ်မြိုင် သနက-၃ တပ်ရင်းမှူး ဖြစ်စဉ် က ဗိုလ်ချုပ်စန်းယုက တပ်ခွဲမှူး၊ ဒုတပ်မှူးများနဲ့ ကွပ်ကဲမှုအောက် တာဝန် ထမ်းခဲ့ရတာကိုး။ ဒီခိုးလိုးခုလု ဖြစ်စဉ်ကို အကျယ်အကျယ် မဖြစ်ချင်လို့ ဗိုလ်မှူးကြီး ချစ်မြိုင်ကို စစ်ရုံးချုပ်သို့ ခေါ်ယူကာ ဗိုလ်ချုပ်တင်ဖေရဲ့ တွဲဘက်စစ်ထောက်ချုပ်ဆိုပြီး ခေါက်ထားလိုက်တာတဲ့ဗျာ။ ရင်နာစရာ ရာထူး နေရာပေးမှုတွေပေါ့။

ဒီဖြစ်စဉ်မျိုး ရှစ်လေးလုံးအရေးတော်ပုံ ကာလမှာလည်း ဒီနေ့တပ်မတော်က ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ ရတခတိုင်းမှူး ဗိုလ်ချုပ်ဥာဏ်လင်းဟာ ပြည်သူ့ဘက်ကို ယိမ်းတယ်၊ ပြည်သူကရော ဒီမိုကရေစီ လှုပ်ရှားသူများကပါ လေးစား အားထားကြပါတယ်။ အထူးသဖြင့် တပ်မှူးဟောင်းများနဲ့ နီးစပ်တာမို့ စစ်ရုံးမှာ တွဲဘက်ခေါ်ယူထားလိုက်တာ သတိပြုမိပါတယ်။ ဗိုလ်ချုပ်နေ၀င်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ အဲဒီတုန်းကတည်းက စစ်အာဏာရှင်စနစ် ထူထောင်ပြီး အာဏာကို တပ်ပိုင်အဖြစ် ထာဝရသိမ်းထားဘို့ ကျိတ်ကြံခဲ့ကြသတဲ့။ ဆိုရှယ်လစ် နိုင်ငံရေးသမား တည်မြဲတို့ကလည်း မြှောက်ထိုးပင့်ကော်လုပ်ခဲ့ကြပါတယ်လို့ ကြားဘူးနားဝရှိခဲ့ ပါတယ်။

ဒါပေမယ့် ဦးနုတို့ကရော ပမညတတို့ကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ပြုခဲ့ကြလို့ မလွှဲမရှောင်သာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာပြန်လွှဲခဲ့ရတာလို့ အဆိုရှိပါတယ်။ ရွေးကောက်ပွဲမှာ တည်မြဲတို့ နိုင်ရန်လည်း ပင်းခဲ့ကြသတဲ့။ တည်မြဲ ဆိုရှယ်ညစ် တို့ကလည်း ၆၀ ပြည့်ရွေးကောက်ပွဲမှာ “မုချနိုင်ရမယ် ရှုံးရင်လည်း နိုင်ရမယ်” လို့ ကြွေးကြော်ခဲ့တာ မှတ်မိပါသေးတယ်။ ဆိုရှယ်ညစ်တပ်မှူး အများစုကလည်း တည်မြဲဆိုရှယ်လစ်တွေ အနိုင်ရဖို့ လုပ်နိုင်သမျှ နည်းပေါင်းစုံနဲ့ ပြောင်ပြောင်တင်းတင်းကို ကျင့်သုံပြီး ဘက်လိုက်ခဲ့ကြတာ ကျနော်ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ခံစားသိရှိခဲ့ရပါတယ်။

ဒီလို တပ်ကဘက်လိုက်တာကို ပြည်သူတို့က တိတိပပ သိခဲ့ကြပါတယ်။ ဒါကြောင့် ၆၀ ပြည့် ရွေးကောက်ပွဲမှာ သူတို့ရဲ့ အသည်းကြားက မဲပြားကို ဦးနုရဲ့ သန့်ရှင်းကို ပုံအောထည့်ခဲ့ကြတော့တာပါပဲ။ တကယ်တော့ ဦးနုရဲ့ သန့်ရှင်းကိုလည်း ပြည်သူက သိပ်ကို ကြိုက်ကြတာတော့ မဟုတ်ဘူး။ တပ်ရဲ့ ဘက်လိုက်မှုကို ရွံ့ရှာစက်ဆုပ်လို့ သန့်ရှင်းကို အရွဲ့ တိုက်ခါ ပုံအောထည့် လိုက်တဲ့ သဘောလို့ သိရပါတယ်။ ဒါထက်ပိုရှင်းအောင် ရေးရရင် စစ်တပ်ကို မြင်ပြင်းကပ်လို့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို စောက်မြင်ကပ် မျက်မုန်းကျိုးလွန်းလို့ သန့်ရှင်းကို ပုံအောထည့် ခဲ့ကြတာပါ။ ကျနော်လည်း သန့်ရှင်းကိုပဲ မဲပေးခဲ့တယ်လေ။ ၆၀ ပြည့်ရွေးပွဲမှာ တည်မြဲ ခွက်ထိုးခွက်လန် အရှုံးကြီး ရှုံးခဲ့ရသလို ၉၀ ပြည့်ရွေးကောက်ပွဲမှာ တစညတို့ အရှုံးကြီး ရှုံးခဲ့ရတာဟာ အခြေခံ အကြောင်းရင်း တူညီခဲ့တာ သတိပြုမိပါတယ်။ စစ်တပ်ရဲ့ ပံ့ပိုးမှုနဲ့ နိုင်မယ်လို့ တွက်ပြီး ၉၀ ရွေးကောက်ပွဲကို လုပ်ပေးစေခဲ့ပေမဲ့ မဆလ တဖြစ်လဲ တစည ဆိုပြီး ယှဉ်ပြိုင်ခဲ့ရာမှာ အကွဲကြီး ကွဲခဲ့ရတဲ့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

စစ်အာဏာရှင် စနစ်ကို စတင် တည်ထောင်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်ရဲ့ အပေါ်မှာ ဦးနုနဲ့ ယှက်နွယ်ကာ အငြိုး အာဃာတ ကြီးမားလွန်းလို့ သူအာဏာရတဲ့ သမ္မတဘ၀မှာ ဦးသန့်လာတာကို အတွေ့မခံ အကြံအဖန်လုပ်ပြီး ငပလီဘက်ကို ရှောင်သွားဖူးကြောင်း အမှတ်မထင် ကြားမြင်ခဲ့ရပါတယ်။ ဗိုလ်နေ၀င်းဟာ ဦးသန့်အလောင်းကို မလွှဲမရှောင်သာ ဖိအားမျိုးစုံကြောင့် လက်ခံခဲ့ပေမယ့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုသဂြိုလ်ဖို့ ကိစ္စမှာ မိုက်ရိုင်းမောက်မာစွာ ငြင်းပယ်ခဲ့တာလည်း ကြားဖူး နားဝ ရှိခဲ့ပါတယ်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးကို ဖယ်ရှားလိုက်တာ အကြောင်းအများကြီး ရှိတဲ့အနက် ဦးသန့် အရေးခင်းနဲ့ ယှက်နွယ်မှုရှိကြောင်း အတွင်းစကားများ အရ ကြားဖူးနားဝ ရှိခဲ့ဖူးပါတယ်။ အတန်တန် တားမြစ်ပိတ်ပင် ထားတဲ့ကြားက ဦးသန့်ရဲ့ ရုပ်ကလပ်ကို လေယာဉ်ကွင်းမှာ ကြိုဆိုခဲ့သူ ပညာရေးဌာန ဒုဝန်ကြီး ဦးအောင်ထွန်း (ဒုဗိုလ်မှူးကြီးဟောင်း) မှာ နေ့ချင်း ညချင်း ဖြုတ်ခြင်း ခံခဲ့ရပါတယ်။ ဒုဗိုလ်မှူးကြီး အောင်ထွန်းဟာ ခေတ်ပညာတတ် တကဲ့စစ်သားကြီး ဖြစ်ပါတယ်။

စစ်တက္ကသိုလ်မှာ ဒုကျောင်းအုပ် လုပ်ဖူးသလို စစ်ရုံးချုပ် DMT မှာ G 1 လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဖာပွန် ခလရ-၁၃ မှ ရောင်းရင်း ဗိုလ်သိန်းဟန် တင်တို့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးမှူး တာဝန်ဖြင့် ဖာပွန်သို့ လာရာတွင် ဗိုလ်ကြီး တင်ငွေ (နောင် လေတပ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး တင်ငွေ) မောင်းနှင်တဲ့ ဘားတော် စစ်ရဟတ်ယာဉ်ကြီး ပေါ်မှာ အတူစီးခဲ့ဖူးလို့ လေးစားခင်မင်ခဲ့ရသူ အကြီးအကဲ တစ်ဦးပါ။ ထိုစဉ်က တပ်မဟာ ၁၁ မှူးက ဗလနယ်မြေ တာဝန်ခံ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဆင်ကလဲယားပါ။ (နောင်မှာ ဗိုလ်မှူးကြီး စိန်လင်း ဟူ၍ နာမည်ပြောင်းခဲ့သူ ကပြားအရာရှိ ဖြစ်ပါတယ်) မဆလပါတီက ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်) ကွဲစဉ်က ဘာမဆိုင် ညာမဆိုင် ခလရ-၅ မှာ တပ်ရင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူး အောင်သန်း (ရခီး၊ ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ခမျာ ပြုတ်သွားရရှာပါတယ်။

ကိုအောင်သန်းက တပ်ခွဲမှူး သင်တန်း အပါတ်စဉ် ၅၅ မှာ ကျနော်နဲ့ အတူတူတက်ခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။ အရာရှိကောင်း တစ်ဦးပါ။ ထို့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြုတ်စဉ်ကလည်း PSO ဟောင်းဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့် (ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ကိုပါ ဖြုတ်လိုက်တာ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ပြုတ်သွားစဉ်က ထိပ်ပိုင်းစစ်ခေါင်း ဆောင်ပိုင်းမှာ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ကြတာ ယင်းတို့ရဲ့ PSO ဗိုလ်ကြီးများက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ထိုစဉ်က ကျနော်ဟာ ရွှေညောင် ခလရ-၉၄ မှာ ဗိုလ်မှူး ဖြစ်နေပါပြီ။ ကျနော်လည်း စိတ်မကောင်း ဖြစ်မိသလို မခံမရပ်နိုင် ဖြစ်ခဲ့ဖူး ပါတယ်။ ကျနော်က နယ်အဝေးမှာ ရောက်နေလို့ အုံးကျော်မြင့်တို့ ကြံစည်မှုမှာ မပါခဲ့ပါ။ PSO ဗိုလ်ကြီးများ ကြံစည်တာဟာလည်း သူတို့ ဆရာအကြီးအကဲများရဲ့ ခံစားမှုများမှ အခြေခံကာ ဖြစ်ထွန်းခဲ့တာလို့ ဆိုရပါမယ်။

ဗိုလ်နေ၀င်းနဲ့ တလက်ကိုင်၊ သစ္စာခံ၊ အဲမ်အိုင်၊ စစ်မလိုင် ဒေါက်တိုင် ရာဇာကြီးလန်ဘားတို့ရဲ့ စနက်ဆိုတာ လူငယ်များဟာ သူတို့ ဆရာအကြီးအကဲများ ပြောသံဆို သံကြားနေရာက မခံမရပ်နိုင် ဖြစ်ကာထပြီး ကြံမိ ကြံရာ ကြံစည်ကြတာပါပဲ။ ရေးရတာ အားတော့နာစရာပါ၊ လူကြီးများဟာ မကျေနပ်တာ သာရှိတာပါ။ ညီညီ ညာညာ သတ္တိရှိရှိနဲ့ အဲဒီတုန်းက ထပြီးလုပ်ကြရင် တိုင်းပြည်ရဲ့ ကံကြမ္မာရော တပ်မတော် ရဲ့ အလားအလာပါ ပြန်လည် ကောင်းနိုင်မှာပါ။ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ မလုပ်ရဲကြပါ၊ ယုတ်စွအဆုံး တပည့် လူငယ်လေးများရဲ့ ကြံစည်မှုကို ထိထိမိမိ အားပေးခဲ့ရင်တောင် အောင်ပွဲခံ ရနိုင်ပါတယ်။ ချီးဘရိန်း ၀င်းသိန်း စောက်သုံးမကျလို့ ကလေးတွေ ဘ၀ပျက်ကုန်ရရှာတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က တပ်မတော်မှ အရာရှိ၊ စစ်သည်တိုင်းလိုလိုဟာ မခံမရပ်နိုင် ဖြစ်ခဲ့ကြတာ ပကတိ အရှိတရား ဖြစ်ပါတယ်။

မျိုးချစ်စစ်ခေါင်းဆောင် တချို့ မလုပ်ရဲ မကိုင်ရဲ၊ မလှန်ရဲကြလို့သာ တိုင်းပြည်ရော တပ်မတော်ပါ ဒီနေ့ထိ ကြမ္မာငင်ခဲ့ရတာလို့ ဆင်ခြင်မိ ပါတယ်။ ဗိုလ်ချုပ်ကြီး သူရတင်ဦးအပေါ် တပ်မတော်နဲ့ ပြည်သူတို့က သံယောဇဉ် ကြီးမားစွာ ရှိတာကို သိလို့လည်း ဗိုလ်နေ၀င်းနဲ့ လန်ဘားတို့ဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ သိက္ခာနဲ့ တန်ဖိုးကို တမင်ချိုးဖျက် ချေမှုန်းလိုက်တာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဇရာအို စစ်သူတောင်းစား စစ်ဦးစီးချုပ်ကလည်း ထိုနည်းနှင်နှင် ကျင့်ကြံအားထုတ်ကာ နမူနာ ယူခဲ့တာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။

ဒီနေ့တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆန်းစစ်ကြည့်လိုက်ရင် မနေ့ကတပ်မတော် ကို ၂၃ နှစ်ကျော်ကျော် ဦးစီးကွပ်ကဲခွင့်ရခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဆင့်ဆင့် ယုံကြည် စိတ်ချရသူ တပ်မှူးကြီးများကို ရာထူးအဆင့် ပုံအောပေးကာ သိမ်းသွင်း ချုပ်ကိုင်ခဲ့သလို မနှစ်မြို့သူ မော်ကြည့်မယ့်သူ ယှဉ်နိုင်မယ့်သူ ဟူသမျှကို ပိပိရိရိ ပညာပါပါ မညှာမတာ ရက်ရက်စက်စက် ချကျွေးစတေးခဲ့လို့သာ ဒီနမူနာကျင့်စဉ်ကို နေရာရသူ စင်ပေါ်ရောက် သူတိုင်းက လိုက်နာကျင့်သုံး လုပ်စားနေကြလို့သာ အဓွန့်ရှည် ရှင်သန်နေတဲ့သဘောကို တွေ့ရပါတယ်။

မနေ့က တပ်မတော်မှာ ဗိုလ်နေ၀င်းကို မယှဉ်ရဲသူတို့ ရှိခဲ့သလို ဒီနေ့ တပ်မတော်မှာလည်း ဗိုလ်သန်းရွှေကိုယှဉ်ရမှာ မ၀ံ့ကြလို့ တပ်မတော်ရဲ့ “စန်း” ပျောက်နေ ရတာပါ။ ဗိုလ်နေ၀င်းကို မယှဉ်ရဲတာက သမိုင်း အစဉ်အလာကြီးခဲ့တဲ့ အရှိန်အ၀ါ၊ အတွေ့အကြုံ ကျေးဇူးခံ၊ ကျေးဇူးစား ဥာဉ်ကြောင့် ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေမှာ သမိုင်း အစဉ်အလာ အရှိန်အ၀ါဟာ ဗိုလ်နေ၀င်းနဲ့ ယှဉ်လိုက်ရင် နတ္ထိလို့ ဆိုရပါမယ်။ အတွေ့အကြုံမှာလည်း ဗိုလ်နေ၀င်းနဲ့ နံ့သာဆီနဲ့ အီးတမျှ ကွာပါတယ်။ လက်ရင်းတပည့်၊ သစ္စာခံ အတွင်းစည်းကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ စွန့်စွန့်စားစား ကိုင်နိုင်လျှင် ချေမှုန်း နိုင်လျှင် ချောင်ဆက်စကူ ဖြစ်အင်လို မလွဲမသွေ တိုးဝင်မိမှာ သေချာပါတယ်။ လူစွမ်းကောင်းများ မပေါ်နိုင်ဟု မပြောနိုင်ပါ။ ဒီနေ့ တပ်မတော်ထဲမှာ “ငုံးဆူ လူမသိ” ပင့်သက်ရှု နေရသူတွေ ရှိနေတာ ယုံမှား သံသယ မရှိပါ။

မကြာခင်က တပ်မတော်ရဲ့ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အကြီးအကဲဟောင်း ဂျပန်ဘုရင့် စစ်တက္ကသိုလ် ပထမအပတ်စဉ် ဗိုလ်လောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး မောင်လွင် (လွင်လေး၊ ယနေ့ (NLD) ရဲ့ခေါင်းဆောင်တစ်ဦး) က (RFA) မှာ မှန်သော စကားများကို ဆိုခဲ့တာ ကြားခဲ့ရပါတယ်။ ဗိုလ်မှူးကြီးလွင်နဲ့ ကျနော်ဟာ တချိန်က တပ်မတော်မှာ အဆင့်၊ ရာထူး၊ အလွန် အင်မတန်မှ ကွာခြားခဲ့တဲ့ အရာရှိများ ဖြစ်ကြပါတယ်။ ဗိုလ်မှူးကြီး လွင် က (၁၉၄၅) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့မှာ ဂန္ဒီ စာချုပ်အရ ပြန်လည်စုဖွဲ့ခဲ့တဲ့ အမြဲတမ်း ဗမာ့ တပ်မတော်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဦးစီး စုဖွဲ့ခဲ့သော အမှတ်(၅) ဗမာ့ သေနတ်ကိုင်တပ်ရင်းမှာ ဗိုလ်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ကျနော်က (၁၉၅၅) ခုနှစ်မှာမှ စစ်သားဖြစ်လာရပြီး (၁၉၆၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ ကျကာမှ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆) မှာ မလောက်လေး မလောက်စား အရာရှိပေါက်စ ဒုဗိုလ်ဘ၀ ရောက်ခဲ့သူပါ။ ကျနော် ဗိုလ်အဆင့်ရချိန်က ဗိုလ်မှူးကြီးလွင်ဟာ (ရတခ)မှာ တိုင်းမှူးကြီး ဖြစ်နေပါပြီ။ ပညာအရည်အချင်း အတွေ့အကြုံမှာလည်း မိုးနဲ့ မြေတမျှ ကွာခြားလွန်းလှပါတယ်။ အကြီးအကဲတစ်ဦးနဲ့ လက်အောက်ငယ်သား တပည့် သားမြေးအဆင့်တမျှ ကွာခြားခဲ့ပါတယ် ဆိုလျှင် ပို၍ မှန်ပါ လိမ့်မယ်။

ဒီနေ့အထိ ကျနော်နဲ့ ဗိုလ်မှူးကြီး လွင်ဟာ ရင်းနှီးသိကျွမ်းဖို့ မဆိုထားနှင့် စကားပင် တစ်လုံးတပါဒမှပင် ပြောဖူးခြင်းမရှိခဲ့ပါ။ ဗိုလ်မှူးကြီး လွင်က ကျနော့ကို မြင်ဖူး၊တွေ့ဖူ၊း သိဖူးခြင်း မရှိခဲ့ပါ။ ကျနော်ကသာ ဗိုလ်မှူးကြီး လွင်ကို သိခဲ့၊ တွေ့ခဲ့ဖူးတာပါ။ ကျနော် ဗိုလ်မှူးကြီး လွင် အကြောင်း စပြီးသိခဲ့ရတာကတော့ ဗိုလ်မှူးကြီးလွင် (မဆလ) အစိုးရခေတ် ဘဏ္ဍာရေးဝန်ကြီး ဘ၀ ရောက်စဉ်က ဖြစ်ပါတယ်။ ထိုစဉ်က အရပ်သားဝန်ထမ်း အထက်တန်းအရာရှိ တစ်ဦးဖြစ်သူ ဦးလေးက ပြောပြလို့ သိခဲ့ရတာပါ။ ၀န်ကြီး ဗိုလ်မှူးကြီး လွင်ဟာ အလွန်တော်တဲ့ စစ်ဗိုလ် ၀န်ကြီး ဖြစ်ပါသတဲ့။ စိတ်သဘောထား ပြည့်ဝမှန်ကန်ပြီး လုပ်ငန်းမှာ ကျွမ်းကျင်သူဖြစ်သတဲ့၊ ဆက်ဆံရေးမှာလည်း ချောမွေ့ပြေလည်ပြီး အရပ်သား ၀န်ထမ်းအများက ယုံကြည်ကိုးစား လေးစားခင်မင် ချစ်ခင်ကြတယ်လို့ ကြားဖူးခဲ့ပါတယ်။ မင်းတို့တပ်က စစ်ဗိုလ် ၀န်ကြီးတွေထဲမှာ ဗိုလ်မှူးကြီး လွင်၊ ဗိုလ်မှူးကြီး ဒေါက်တာလွင်၊ ဗိုလ်မှူးကြီး ဒေါက်တာလှဟန်၊ ဗိုလ်မှူးချုပ် စိန်ဝင်းတို့ဟာ လူတော်လူကောင်းတွေ ဖြစ်ကြပြီး ကျန်စစ်ဗိုလ် ၀န်ကြီးတွေကတော့ ကချာလာတွေ များကြသတဲ့ဗျာ။

မှန်ပါတယ်။ ထိုစဉ်ကာလ (မဆလ) အစိုးရထဲမှာ တပ်က လူတော် လူကောင်း တွေရှိခဲ့သလို လူညံ့၊ လူရှော်၊ လပေါ်သရည်၊ လူလိမ်၊ လူညာက စပြီး လူလည်တွေလည်း ပါခဲ့ကြတာကိုး။ သမ္မတ ဦးနေ၀င်း ကိုယ်တိုင်က မဟာ လူလိမ် လူညာ၊ အတ္တ၊ ငို့ဘ တဘို့တည်းကြည့်တဲ့ သတ္တ၀ါ၊ အာဏာရူး၊ နှာဘူး၊ မြင်းသမားဖြစ်တာမို့ စစ်ဗိုလ် ၀န်ကြီးအနည်းငယ်မျှသာ ကောင်းကြပြီး အများစုဟာ တလက်ကိုင် သစ္စာခံ ဒေါက်တိုင် သမ္မတဦးနေ၀င်း အလိုကျ မမှန်မကန် အကြံအဖန် ယုတ္တိဗေဒဆန်ဆန် လိမ်ညာ၊ ဖြီးဖြန်း၊ ညာဝါးစားနေကြသူတွေက များခဲ့တာတွေ့ရလို့ပါပဲ၊ ဆေးပညာ တစွန်းတစမှ နားမလည် ပညာမဲ့ပေမဲ့ ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့တာပဲကြည့်ပေါ့၊ မဟာလူညာကြီး ဗိုလ်ရဲခေါင် ဆိုယင် လက်ကုန် လိမ်ညာဖြီးဖြန်း ညာဝါးဆုံးဖြစ်ပါတယ်။

တလောကတော့ ဗိုလ်မှူးကြီး မောင်လွင်က ဦးနေ၀င်းရဲ့ (၉၀) ပြည့်ရွေးကောက်ပွဲ အပေါ် ဂတိမတည် ဗြောင်လိမ် ဗြောင်စား လုပ်သွားခဲ့ပုံကို ရင်ဖွင့် တင်ပြသွားတာ ကြားလိုက်ရပါတယ်။ တကယ်တော့ ဦးနေ၀င်း လိမ်ညာဖြီးဖြန်း လုပ်စားခဲ့တာ အခုမှ မဟုတ်ပါဘူး၊ သမိုင်းနဲ့ချီပြီး လိမ်ညာလှည့်စား ယုတ္တိရှိရှိလိမ်ခဲ့တာ များခဲ့ပါပြီ။ တပ်မတော် သမိုင်းစဉ်ကို တစေ့တစောင်း ပြန်ပြောင်းလို့ စောင်းငဲ့ကြည့်လိုက်ပါဦး။ (၄၈/၄၉) သမိုင်း အဆစ်အကွေ့၊ (၅၈/၆၂) သမိုင်းအလှည့်အပြောင်း၊ (၈၈)သမိုင်းဖြစ်စဉ် အဆုံး အားလုံးမှာ မမှန်မကန် အကြံအဖန်ပေါင်း တပုံတပင်ကြီးနဲ့ ယုတ္တိရှိရှိ လိမ်ညာလှည့်စားခြင်း မြင်းသမား ပီသစွာ လုပ်စားခဲ့တာတွေကို လေ့လာမှတ်သား နားလည်ခဲ့ရပါတယ်။

အဆိုးဆုံးက ပြောသလိုလုပ်ခဲ့တာ တစ်ခုမှ မတွေ့ခဲ့ရဘူး ခင်ဗျ။ “တိုင်းပြည်အကျိုးနဲ့ ပါတီရဲ့ အကျိုး ဒွန်တွဲ ဖြစ်ပေါ်လာခဲ့လျှင် ပါတီအကျိုးကို စွန့်ပြီး တိုင်းပြည် အကျိုးကို သယ်ပိုးထမ်းဆောင်မယ်” ဆိုတာပဲ၊ ဒါဟာ ကွန်မြူနစ်ပါတီကို (၁၉၃၉) ခုနှစ်မှာ စတင် တည်ထောင်စုဖွဲ့ခဲ့သူ တပ်မတော်ရဲ့မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ခံယူချက် ဖြစ်ပါတယ်။ (၄၇) သမိုင်းစဉ်အရ ဗိုလ်ချုပ်အောင်ဆန်းဟာ ခံယူချက် အတိုင်း ကျင့်ကြံ အားထုတ်သွားခဲ့တာ သမိုင်း သာဓကပါ။ ဗိုလ်ချုပ်လင်္ကျာလည်း ထိုနည်းနှင်နှင် ၊(၄၈/၄၉) တပ်မတော် သမိုင်းစဉ်မှာ ရပ်တည်လှုပ်ရှားသွားခဲ့တာ သတိပြုမိပါတယ်။ ကွန်မြူနစ်ပါတီ အကျိုးကို စွန့်လွှတ်ခဲ့ကြပြီး တိုင်းပြည်ရဲ့ အကျိုးကိုသာ ရှေ့တန်းတင်ခဲ့ကြပါတယ်။

(၈)လေးလုံးသမိုင်းအရေးတော်ပုံကြီးဟာ ထိုစဉ်က ကာလ၊ ဒေသ၊ ပယောဂအရ တိုင်းပြည်ရဲ့အကျိုးနဲ့ (မဆလ)ပါတီရဲ့အကျိုး ဒွန်တွဲဖြစ်ထွန်း ပေါက်မြောက် လာတာလို့ ကျနော်နားလည်ခံယူ ရူမြင် သုံးသပ် ခဲ့မိပါတယ်။ တကယ်တော့ ဦးနေ၀င်းဟာ (မဆလ) ပါတီရဲ့အကျိုး၊ သူ့ရဲ့အတ္တ အကျိုးကို မစွန့်လွှတ်နိုင်ခဲ့တာ သမိုင်းက သက်သေပြဆို နေပါတယ်။ အာဏာရူး၊ နှာဘူး၊ မြင်းသမား ဦးနေ၀င်း ယုတ္တိရှိရှိ လိမ်ခဲ့သလို အမွေခံသား ဘုရင်ရူး၊ ဥစ္စာရူး၊ ပြုတ်မနူး ဂိုဏ်းချုပ် သန်းရွှေရော ဘာထူးလို့လဲ၊ အတူတူနဲ့အနူနူ ယုတ္တိတန်အောင် ညာနေဆဲပါပဲလေ၊ သူ့ရဲ့လက်ရှိ လုပ်စားမှုအားလုံးက ဘယ်လိုမှ ငြင်းမရအောင် ရောင်ပြန်ဟပ် ပြသနေတာ ထဲထဲဝင်ဝင်၊ ပီပီပြင်ပြင် မြင်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ (နာဂစ်မုန်တိုင်း) ဖြစ်စဉ်မှာလည်း ထင်ရှားခဲ့ပါတယ်ဗျာ၊ ဒါကို (နအဖ)တို့ ယုတ္တိဗေဒဆန်ဆန် မမှန်မကန် အကြံအဖန် ကုလားဖန်ထိုး ရိုက်ကူး တင်ဆက် ၀ါဒဖြန့်ထား တဲ့ ရုပ်ရှင်ကားမှာ မြင်ကြရပါလိမ့်မယ်။ အကယ်ဒမီဆု ရနိုင်တဲ့ မဟာလိမ်စဉ် သရုပ်ပြ အမွှန်းတင် ရုပ်ရှင်ကား ဖြစ်ပါလိမ့်မယ်၊ ညောင်နှစ်ပင် လိမ်စဉ်နောက်၊ ယုတ္တိတန်အောင် ကြိုးစားပြီး ညာဖြန်းထားတဲ့ နောက်ဆုံးပေါ် (နအဖ) တို့ရဲ့ ညာဖြန်း လုပ်စားမှု တစ်ခု လို့သာဆိုရပါမယ်။ (၂၀၁၀) လိမ်စဉ်လည်း လာပါလိမ့်ဦးမယ်။

ဦးနေ၀င်းက ယုတ္တိရှိရှိလိမ်ခဲ့တယ်၊ ဗိုလ်သန်းရွှေက ယုတ္တိတန်အောင် ညာနေဆဲပါပဲ၊ နောက်လာတဲ့ မောင်ပုလဲ နောင်တခေတ်မှ အမောင်စစ်သည် တို့ကလည်း ယုတ္တိဗေဒ ဆန်ဆန် မမှန်မကန် အကြံအဖန် တပုံတပင်ကြီးနဲ့ လိမ်ညာဖြီးဖြန်းလှည့်စား လုပ်စားကြဦးမှာ သေချာပါတယ်ဗျာ။ အမှန်တရားကို ဖင်ပိတ် မငြင်းတဲ့ အနည်းအကျဉ်းသော တိုင်းပြည်ချစ်စိတ်ရှိ စစ်သားများကို အမှန်တကယ် လူထုက မျှော်လင့်နေကြပါတယ်။

ရဲဘော် သုံးကျိပ်တွင် ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်းတို့ဟာ သူတို့ရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ ပညာအရည်အချင်း နိုင်ငံရေး အတွေ့အကြုံများအရ တပ်မတော်ရဲ့ လက်ဦးဆရာ အကြီးအကဲဟောင်းများ အဖြစ် သမိုင်း မော်ကွန်းဝင်ခဲ့ကြသူများ အဖြစ် အသိအမှတ် ပြုကြရကြောင်း၊ ဒါပေမဲ့ အချို့ ဗိုလ်ချုပ်ကြီးများမှာ လူသေ၊ နာမည်သေ၊ သမိုင်းဆွေး ဖြစ်ခဲ့ရကြောင်း၊ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးများဟာ မိမိရဲ့ သမိုင်းကြောင်းကို ကောင်းအောင် မသေခင်မှာ ပြင်ဆင်ခွင့် ရကြကြောင်း၊ သံဝေဂ တရား ယူပြီး အချိန်မှီ ပြင်ဆင်ဖို့ တိုက်တွန်းထားတဲ့ အဘ ဦးအေးမြင့်ရဲ့  သမိုင်းဟူသည် လိမ်ညာ၍ မရစကောင်း ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ပေးပို့လာပါတယ်။ ယခုလို ပေးပို့ လာတဲ့အတွက် အဘ ဒုဗိုလ်မှူးကြီး အေးမြင့်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ ထပ်မံ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

လူတိုင်း လူတိုင်းဟာ ကိုယ့်သမိုင်းကို ကိုယ် ကိုယ်တိုင် ရေးကြ စမြဲဖြစ်ပါတယ်။ ကိုယ်တွေးခဲ့ ပြောခဲ့ လုပ်ခဲ့တာတွေအားလုံးဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သမိုင်းမော်ကွန်းမှာ တင်ပြီး ကျန်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ သမ္မတများ၊ ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ စသူတို့ရဲ့ တွေးခေါ်ပြောဆို လှုပ်ရှားမှုများဟာ သာမာန် လူပုဂ္ဂိုလ်တို့ထက် ပို၍ပို၍ ပေါ်လွင်ထင်ရှားကာ သမိုင်းမှတ်တမ်းမှာ ထင်၍ ကျန်ခဲ့ကြတာ လေ့လာမှတ်သား ခဲ့ရပါတယ်။

ကမ္ဘာ့သမိုင်းမှာ တွေ့ရှိလေ့လာ မှတ်သားခဲ့ရသလို မြန်မာ့သမိုင်းမှာလည်း အလား တူစွာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။ ကျွန်တော့်ရဲ့တသက်နဲ့ တကိုယ် မှီခဲ့တဲ့ မြန်မာ့ သမိုင်း၊ တပ်မတော်သမိုင်း စသည် တို့ကိုလည်း လေ့လာမှတ်သား တွေ့ရှိခဲ့ရပါတယ်။ စစ်သားဟောင်းတစ်ဦးမို့ တပ်မတော်သမိုင်းကို ပိုလို့ စိတ်ဝင်စားပြီး ထဲထဲဝင်ဝင် ပီပီပြင်ပြင် ဆင်ခြင်မြှော်မြင် လေ့လာသုံးသပ် မှတ်သားခဲ့ပါတယ်။ ဒါကြောင့်လည်း “တပ်မတော် သမိုင်း အစ ရဲဘော်သုံးကျိပ်က” လို့ ဆိုရမှာ တွေ့ခဲ့ရပါတယ်။

မှန်ရာကို သစ္စာဆိုပြီး ရေးရပါလျှင် တိုင်းပြည်ရဲ့လွတ်လပ်ရေးဗိသုကာ ပြည်သူ တမျိုးသားလုံးရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ သူရဲကောင်း အာဇာနည် ရဲဘော်သုံးကျိပ်တို့ဟာ (၁၉၄၁) ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်စုဖွဲ့ တည်ထောင်ခဲ့ရာမှ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA) ဗမာ့အမျိုးသားတပ်မတော် (BNA) ဗြိတိသျှနယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF) ရယ်လို့ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ ၎င်းတပ်မတော်သုံးရပ်ရဲ့ ဦးစီးခေါင်းဆောင် စစ်သေနာပတိဟာ တပ်မတော်ရဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်ခဲ့ပါတယ်။

သမိုင်းအစဉ်အလာအရ ဖခင်ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်တို့ရဲ့ ၀ါစဉ်ဟာ ဗိုလ်လင်္ကျာ၊ ဗိုလ်စင်္ကြာ၊ ဗိုလ်ဇေယျ၊ ဗိုလ်နေ၀င်း စသည်ဖြင့် ရှိခဲ့တာ တွေ့ရပါတယ်။ (၁၉၄၅) ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ ကန္ဒီစာချုပ်အရ အမြဲတမ်း တပ်မတော်အဖြစ် ပြင်ဆင် စုဖွဲ့ခဲ့ရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်မှ ထွက်ပြီး နိုင်ငံရေးလောကသို့ ကူးပြောင်းသွားခဲ့တာ တွေ့ရပါတယ်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း (၆) ဦးသာ အမြဲတမ်း တပ်မတော်မှာ စစ်မှုဆက်ထမ်း ခဲ့ကြပါတယ်။

သခင်ထွန်းအုပ်ရဲ့ မေတ္တာရပ်ခံချက်အရ ဗိုလ်နေ၀င်းဟာ အမြဲတမ်းဗမာ့တပ်မတော်မှာ ဗိုလ်လင်္ကျာပြီးလျှင် နံပါတ်(၂)နေရာမှာ ရခဲ့ပြီး ဗိုလ်ဇေယျက နံပါတ် (၃) နေရာရခဲ့တာ သတိပြုမိပါတယ်။ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း အာဇာနည် အားလုံးဟာ သူတို့ရဲ့ နောက်ခံ သမိုင်းကြောင်းအရ၎င်း၊ ပညာ အရည်အချင်း နိုင်ငံရေး အတွေ့အကြုံအရ၎င်း၊ မည်သို့ပင် ရှိစေကာမူ ဗမာ့တပ်မတော်စုဖွဲ့ရာမှာ အတူတကွ ပါဝင်ခဲ့ကြတာမို့ တပ်မတော်ရဲ့ လက်ဦးဆရာ အကြီးအကဲဟောင်းများ အဖြစ် သမိုင်း မော်ကွန်းဝင်ခဲ့ကြသူများ အဖြစ် အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ချစ်တာ၊ မုန်းတာ၊ မကောင်းတာ၊ ကောင်းတာ အပထား တန်ဘိုးထား လေးစားထိုက်သူများဖြစ်တာကိုတော့ ဘယ်သူမှ ငြင်းမရနိုင်ပါ။

အနာဂတ် ရဲဘော်သုံးကျိပ်ဝင်များရဲ့ အတွေးအခေါ် ခံယူချက် ရပ်တည်လှုပ်ရှားမှု များအရသာ သူတို့ရဲ့သမိုင်းများဟာ မှတ်တမ်းမှာ ထင်ဟပ် ကျန်ခဲ့ကြတာ တွေ့ရပါတယ်။ မကောင်းတာများကို ရာထူး အာဏာ လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကောင်းပါသည်ဟု မလျော်မကန် မတော်မှန်စွာ လိမ်ညာ လှည့်ဖျား မတော်မတရား ရေးသားမှတ်တမ်းတင်လို့ မရနိုင်ပါ။ ရတယ်ဆိုရင်တောင်မှ တဒင်္ဂ၊ တခဏ၊ တစ်ခေတ်တစ်ချိန် အခါသာမယ အတွင်းမှာသာ ရနိုင်ကောင်းမှာပါ။ အစဉ်ထာဝရတော့ မရနိုင်ကောင်းပါဘူး။ စံပြုပြရပါလျှင် တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းတို့ရဲ့ သမိုင်းပုံပြင်က ရောင်ပြန်ဟပ်ကာ ပကတိအရှိအတိုင်း ရူမြင်သိရှိနိုင်ကြမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ (၁၉၄၇) ခုနှစ်က လူသာသေခဲ့ပေမယ့် နာမည်ဟာ ယနေ့တိုင်မသေသေးပါ၊ သမိုင်းကောင်းကို ထားရစ်နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဟာ ကမ္ဘာတည်နေသ၍ ဥဒါန်းတွင် နေဦးမှာ ငြင်းမရတဲ့ သာဓကပါ။ ဗိုလ်ချုပ်ကြီး နေ၀င်းကတော့ (၄၈/၄၉) တပ်မတော် သမိုင်းအဆစ်အကွေ့၊ (၅၈)တပ်မတော်သမိုင်းစဉ် နဲ့ (၆၂) တပ်မတော်သမိုင်းပြရုပ်များအရ သူ့ရဲ့မူလဗီဇ ဇာတိရဲ့ စိတ်နေ သဘောထား အတွေးအမြင် ပီပြင်တဲ့လုပ်နည်းလုပ်ဟန်တွေအရ ပေါ်လွင်ထင်ရှားခဲ့ပြီမို့ သမိုင်းတွင်ခဲ့ရ တာတွေ့ရပါတယ်။ (၈၈)နောက်ပိုင်းမှာတော့ သမိုင်းဆွေးခဲ့ရရှာပါပြီ။ ဘယ်သူမပြု မိမိမှုပဲ မဟုတ်ပါလော။

ဗိုလ်ချုပ်ကြီး နေ၀င်းခမျာ လူလည်းသေ နာမည်လည်းသေ သမိုင်းမှာပါ သေးသိမ် မှေးမှိန်ခဲ့ရရှာပါတယ်။ သံဝေဂရစရာ ကောင်းလှပါတယ်။ သမိုင်းကောင်းအောင် ပြုပြင် လုပ်စားနိုင်မှု မရခဲ့ရှာပါ။ ထိုနည်းတူစွာပင် ဗိုလ်စိန်လွင်၊ ဗိုလ်အေးကို၊ ဗိုလ်တင်ဦး (မျက်မှန်၊ လန်ဘား)၊ ဗိုလ်ချုပ်ကြီး စောမောင်၊ ဒုဗိုလ်ချုပ်ကြီးတင်ဦး (တွင်း – ၂) စသူတို့လည်း လူသေ၊ နာမည်သေ၊ သမိုင်းဆွေးဖြစ်စဉ်တွေနဲ့ ကြုံခဲ့ရရှာပါတယ်။ ပြင်ဆင် ခွင့်မရခဲ့ကြပါ။ (ကြည်း- ၃၅၀၅) ဗိုလ်မှူးချုပ်အောင်ရွှေကတော့ (၅၈) တပ်မတော် သမိုင်း အဆစ်အကွေ့မှာ မဟာအမှား ကျူးလွန်မိခဲ့ရာက သမိုင်းမှာ နာနည်ပျက်ခဲ့ရပြီး ရာထူး၊ နေရာ၊ လုပ်ပိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရပြီး တပ်မဲ့ဗိုလ်ဘ၀ ရောက်ခဲ့ရရှာပါတယ်။

ဒါပေမဲ့ ဗိုလ်အောင်ရွှေဟာ ကုသိုလ်ကံ ထောက်ပံ့မှုအရ (၈၈) မှာ သမိုင်းအမှားကို ထဲထဲဝင်ဝင် ပြင်ဆင်ခွင့် ရခဲ့ရှာပါတယ်။ ပြည်သူတို့ဘက် မားမားမတ်မတ် ရပ်တည်ကာ စိတ်ရောကိုယ်ပါ လှုပ်ရှား ပြင်ဆင်နေတာ တွေ့နေရပါတယ်။ အားကျအတုယူစရာ ကောင်းလှပါတယ်။

ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်တင်အောင်မြင့်ဦးနဲ့ အပေါင်းအပါများဟာ သမိုင်းအမှားကို မသေခင်မှာ ပြင်ဆင်နိုင်ခွင့် ရနေကြပါ သေးတယ်။ အမှားမြင်၊ အမှန်ကို ပြင်ဆင်ခွင့် အချိန်တွေ ရှိနေကြပါသေးတယ်။ လူသေ သွားလျှင် ပြင်နိုင်တော့မည်မထင်၊ “ပျက်အစဉ် ပြင်ခဏ” ဆိုရိုးစကားရှိပါတယ်။ သားစဉ် မြေးဆက် နာမည်သေ သမိုင်းဆွေးမှာ ကြောက်စရာ အလွန်ကောင်းပါတယ်။ သံဝေဂ ရသင့်ကြပါပြီ၊ မပြင်နိုင် ကြတော့ဘူးလား၊ သင်္ခန်းစာမယူနိုင်ကြတော့ဘူးလား၊ အမှားကို အမှန်လို့ ထင်နေကြတုန်းပဲလား၊ ဆင်ခြင်မြှော်မြင် ပြင်ဆင်သွားကြဖို့ အချိန်တန်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်များဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ BIA ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို လက်မောင်း သွေးဖေါက် သစ္စာရေ သောက်ကာ စုဖွဲ့ တည်ထောင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာ ဗမာ့တပ်မတော်အနေနဲ့ ထာဝရ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားရမဲ့ အခြေခံမူကြီး (၄) ရပ်ကို BIA စတင် စုဖွဲ့စဉ်ကတည်းက ချမှတ်ပြဌာန်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအခြေခံမူကြီး (၄) ရပ်ကတော့ -

နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော် ပြည်သူ့ဆန္ဒနဲ့ အညီ နေထိုင်ကျင့်ကြံတဲ့ တပ်မတော် နိုင်ငံရေးမှာ ၀င်မစွက်တဲ့ တပ်မတော် နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော် ဖြစ်ရမယ်လို့ တိတိပပ ပြဌာန်းသတ်မှတ်ခဲ့ကြတယ်လို့ လေ့လာမှတ်သား နားလည်ခဲ့ပါတယ်။ ဘန်ကောက်မြို့ မှာ စတင် စုဖွဲ့ခဲ့တဲ့ BIA ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးဟာ ထိုင်းနိုင်ငံမှ တဆင့် မြန်မာပြည်တွင်းသို့ ရဲဘော်သုံးကျိပ်ဝင် အမျိုးသား သူရဲကောင်း စစ်ခေါင်းဆောင်ကြီးများက ဦးစီးကွပ်ကဲကာ ဂျပန်စစ်တပ်နဲ့ အတူမော်လမြိုင် စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီ စစ်ကြောင်း၊ အတွင်းသူပုန် တပ်ဖွဲ့စစ်ကြောင်း၊ စစ်သည် စစ်ကြောင်းများ အသီးသီးစုဖွဲ့ပြီး ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချီတက် ၀င်ရောက်ခဲ့ ကြပါတယ်။ ကြည်းကြောင်းချီတပ်ဖွဲ့များက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်လျှက်ရှိတဲ့ နယ်မြေဒေသများကို ဖြတ်သန်း ချီတက်ကြရင်း ဒေသခံ မြန်မာတိုင်းရင်းသား သွေးချင်း မျိုးချစ်လူငယ်များကို စည်းရုံး သိမ်းသွင်းကာ BIA တပ်မတော်ကြီးအား တိုးချဲ့ စုဖွဲ့ခဲ့ကြပါတယ်။

ဒါ့ကြောင့်လည်း ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်မှ သွေးချင်း တိုင်းရင်းသားများ ပါဝင်ခဲ့ကြပါတယ်။ တပ်မတော်ရဲ့  သမိုင်းကို တစေ့တစောင်း လေ့လာကြည့်ရင် နောက်ပိုင်းတပ်မတော်မှာ အထင်ကရ နာမည်ကျော်ကြား အစဉ်အလာကြီးမားတဲ့ သမိုင်းဝင် စစ်ခေါင်းဆောင်ကြီးများကို တွေ့ရမှာ ဖြစ်ပါတယ်။ မှတ်မိသရွေ့  စံပြုလို့ ပြရရင် ဗိုလ်မှူးကြီးဗထူး၊ ဗိုလ်မှူးချုပ်စိန်ဝင်း၊ ဗိုလ်မှူးကြီး လွန်းတင်၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီးဖေသက်၊ ဗိုလ်မှူးကြီး ဂွမ်ရှိန် စသူတို့ဟာ ဒေသခံ တနင်္သာရီနဲ့ မွန်ပြည်နယ်က မျိုးချစ် စစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြပါတယ်။

ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို လွတ်လပ်ရေးတိုက်ပွဲ အတွက် စစ်ချီတက်ရင်း အရေးပေါ် ကောက်ကာငင်ကာ စုဖွဲ့ရတာမို့ စနစ်တကျ စီစစ်မှု မပြုနိုင်ခဲ့တာကြောင့် အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ ပါဝင်ခဲ့ကြောင်း လေ့လာမှတ်သားမိပါတယ်။ ဒီလို အနေအထားကြောင့် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ အင်အား (၅၀၀၀၀) ကျော်ရှိတဲ့ BIA တပ်မတော်ကြီးကို ဖျက်သိမ်းကာ အင်အား(၃၀၀၀) နဲ့ BDA “ဗမာ့ကာကွယ်ရေး တပ်မတော်” ကို အရည်အသွေး ကောင်းအောင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

BDA တပ်မတော်ကိုပြင်ဆင်စုဖွဲ့ခဲ့ရာမှာတော့ စနစ်တကျ စီစစ်မှုများပြုနိုင်ခဲ့လို့ တပ်ပုံစံ ၀င်ခဲ့ကြောင်း သတိပြုမိပါတယ်။ တပ်ရင်း၊ တပ်ခွဲ၊တပ်စု၊ တပ်စိတ်များကို စည်းကမ်း စည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့ အညီ စုဖွဲ့ နိုင်ခဲ့သလို အရည်အသွေး ပိုမို မြင့်စေဖို့ အတွက် အခြေခံ စစ်ပညာသင်တန်း၊ မွမ်းမံတိုးမြှင့်သင်တန်းအပြင် ဗိုလ်သင်တန်းကျောင်းကိုပါ သင်တန်းများပေးဖို့ စနစ်တကျ ဖွင့်လှစ် နိုင်ခဲ့ကြောင်း လေ့လာမှတ်သားမိပါတယ်။

ဗိုလ်သင်တန်းကျောင်းက အရည်အသွေး ပြည့်ဝစွာ ဆင်းတဲ့ အရာရှိလောင်းတွေကို ဂျပန်နိုင်ငံ့ ဘုရင့်စစ်တက္ကသိုလ်သို့ အသုတ်လိုက် စေလွှတ်ကာ ဆည်းပူးသင်ယူ လေ့ကျင့်စေခဲ့ကြောင်းလည်း သမိုင်းမှာ မှတ်သားခဲ့ရပါတယ်။ ဒီလို သမိုင်းအစဉ်အလာ ကောင်းခဲ့တဲ့ တပ်မတော်အတွက် ဒီကနေ့မှာ ဂုဏ်ယူနိုင်ကြပါရဲ့လားလို့ တွေးတောနေမိပါတယ်။ ၁၃-၃-၁၉၄၄ မှာ BDA ဗမာ့တပ်မတော်ခေတ် ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ တစ်ခုတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  ကျောင်းဆင်းပွဲ မိန့်ခွန်းကို အလျဉ်းသင့်လို့ ကောက်နှုတ် တင်ပြချင်ပါတယ်။

အဲဒါကတော့ “ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ ဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံ အကျိုးကို ကာကွယ်ရမယ်။ ဗမာ့တပ်မတော်ဟာ ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီတပ်မတော်ဟာ တစ်ဖွဲ့၊ တစ်ပါတီ၊ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကြီးကို ဂျပန်ဖက်ဆစ် စစ်တပ်လို ပုံစံဝင် သွားမှာကို မလိုလားလို့ စတင် စုဖွဲ့ ခဲ့စဉ်ကတည်းက အစဉ်ထာဝရ လိုက်နာ စောင့်ထိန်း သွားရမဲ့ အခြေခံမှုကြီး လေးရပ်ကို သတ်မှတ်ပြဌာန်းပေးခဲ့သလို အခါအခွင့်သင့်တိုင်း တပ်မတော်ကို လမ်းညွှန်သွန်သင် ဆုံးမ ပဲ့ပြင်ခဲ့ပါတယ်။ တပ်မတော်ရဲ့  အနာဂတ်ကို ကြိုတင် မျှော်တွေးမိလို့ အခုလို အဆိုအမိန့်ပြု ထိန်းကြောင်း ခဲ့တာလို့ ယုံကြည်ယူဆမိပါတယ်။ “လွတ်လပ်ရေး ရပြီးရင်တော့ ကျွန်တော် နိုင်ငံရေး နယ်ပယ်က ထွက်တော့မယ်။အာဏာ နိုင်ငံရေး အ၀န်းအ၀ိုင်းမှာ မပါချင်တော့ဘူး။ အာဏာ နိုင်ငံရေး နဲ့ ကျွန်တော်နဲ့ မဖြစ်ဘူး” ဆိုတဲ့ ဗိုလ်ချုပ် ပြောခဲ့တာ သွေးထွက်အောင် မှန်တဲ့စကားလို့ နားလည်ခံယူမိပါတော့တယ်။

သမိုင်း တချိုး တဆစ်မှာ တပ်မတော်ထဲက နိုင်ငံရေး အယူဝါဒ၊ အရောင်အသွေး အစွဲ ပြင်းထန်ကြသူ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ် စတဲ့ ပါတီနွယ်ဝင် စစ်ခေါင်းဆောင်များဟာ တပ်မတော်ရဲ့  အဓိက တာဝန်ဖြစ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ပဓါနထား ဇောင်းပေးကာ စစ်သားပီပီ ရပ်တည် လှုပ်ရှားရမဲ့အစား တပ်မတော်စတင်စုဖွဲ့စဉ်က တိတိပပ ပြဌာန်းချမှတ်ခဲ့တဲ့ အခြေခံမှု ကြီးလေးရပ်ကို လျစ်လျူရှူကာ နိုင်ငံရေးမှာ ၀င်စွက်၊ အတ္တအကျိုး စီးပွါးတွေကို ရှေ့တန်းတင်၊ ယုတ္တိဗေဒဆန်တဲ့ အကြံအဖန်အကြောင်းပြချက်တွေ တပုံတပင်နဲ့ ခလောက်ဆန်ကြတဲ့အခါ ယနေ့ တပ်မတော်ဟာ ပြည်သူနဲ့ ကင်းကွာခဲ့ရပါတယ်။

သေနတ်ပြောင်းဝက အာဏာစီးဆင်းတဲ့ စနစ် အာဏာရယူတဲ့နည်း ဒါမှမဟုတ် လက်နက်အားကိုး နိုင်လိုမင်းထက် အာဏာချုပ်ကိုင်တဲ့ နည်းကို ကျွန်တော်တို့ အနေနဲ့ လုံးဝ (လုံးဝ) လက်မခံနိုင်ဘဲ အမိနိုင်ငံတော်မှာ ပြည်သူလူထုထဲက အာဏာစီးဆင်းတဲ့ စနစ်ကို ရရှိဖို့ ဒီပုဂ္ဂိုလ်၊ လူတစု၊ တစ်ဖွဲ့၊ တစ်ပါတီကို လက်စတုံးချေမှုန်း သုတ်သင်ဖို့ လိုအပ်ကြောင်း ယုံကြည်မိပါတော့တယ်။

0 comments:

Post a Comment

 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts