About BDMA-UK

Followers

Powered by Blogger.

Saturday, November 26, 2011

ကြက်ဥအရောင် တိမ်တောင်သဖွယ်

(အလိုတူခြင်း မတူခြင်းတွေကို ရပ်ခံပြီးငြင်းမနေတော့ပါဘူး
ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြဘို့ ပါပဲ။)

ကြက်ဥအရောင် တိမ်တောင်သဖွယ်

ထူထဲတဲ့ မျက်မှန်အောက်က
ရီဝေတဲ့မျက်ဝန်းအစုံဟာ
မရေရာ မသေချာတဲ့အနာဂတ်ကို
သေချုာလိုစိတ်နဲ့ 
ငေးမျှော်ကြည့်နေချိန်မှာ
သူ့ ရဲ့ နှလုံးသားက
သူ့ ရဲ့ လက်ဖ၀ါးအပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတော့တယ် …။

ငါ့လက်အပေါ်မှာ အသက်ပျောက်ခဲ့ရတဲ့
သူငယ်ချင်းများ
ငါ့ ရှေ့မှောက်မှာ ဒဏ်ရာဗလပွနဲ့ မငိုက်သောဦးခေါင်း
ရွှေဝါရောင်များ
ငါ့ ရှေ့ မှောက်မှာ ယုံကြည်ချက်ကို ဘ၀နဲ့ ရင်း နရသိန်အတွင်း
ရင်ကော့ဝင်ရောက်သွားသူများ
သင်တို့ အားလုံးရဲ့  စွန့် လွှတ်ပေးဆပ်မှုဟာ
နိပါတ်တော်တွေထဲက ဘုရားလောင်းတွေရဲ့ 
စွန့် ကြီးခြင်းမျိုးထက် နိမ့်ကျမှုမရှိကြောင်း
ငါတို့  ကောင်းကောင်းသိကြတယ် …။

ငါတို့ …
ဘယ်ကလောက်များ ရှက်စရာကောင်းလိုက်သလဲ
စကားလုံးတွေနဲ့ သာ နှစ်သိမ့်နိုင်ခဲ့ကြလို့ 
သင်တို့  ခွင့်မလွှတ်ကြပါနဲ့ 

ရန်သူကို နာကျည်းမုန်းတီးစိတ်ဟာ
တိုင်းပြည်အကျိုးနဲ့ ယှဉ်လာတဲ့အခါ
ငါတို့ ရဲ့ ပုဂ္ဂလိက ခံစားချက်များ
ခေတ္တခဏ ချထားခဲ့ပါ
အမေစုကို ၀န်းရံအားပေး
ပြည်သူနဲ့ တသားတည်းရပ်တည်ပေးရမှာ …။

တကယ်တော့  သူ့ ရဲ့ လက်ဖ၀ါးပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတာ
သူ့ နှလုံးသားမဟုတ်ဘူး
စွန့် လွှတ်ပေးဆပ်သူများရဲ့ 
နှလုံးသားသာ ဖြစ်နေတော့တယ် …။

ရဲရင့်သက်ဇွဲ
၂၃၁၁၂၀၁၁
မနက်၆း၀၆
via http://8888newgenerations.blogspot.com/2011/11/blog-post_359.html#links
Continue reading...

Tuesday, November 22, 2011

လက်တွေ့ကျသောစကား ယုံကြည်ထိုက်သောခေါင်းဆောင်

by Wai Maw on Monday, 21 November 2011 at 01:50

နိုဝင်ဘာ ၁၈ ရက်နေ့မှာ NLD မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဒီသတင်းထွက်ပေါ်လာတော့ ထောက်ခံသူတစ်ယောက်အနေနဲ့ နှစ်ထောင်းအားရဖြစ်ရပါတယ်။ ညဘက် VOA သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ မိန့်ခွန်းကောက်နှုတ်ချက်လေးတွေကို နားထောင်ရတဲ့အခါ ပိုပြီး အားတက်မိပြန်ပါတယ်။

ဒေါ်စုက-

“အခုလိုဆုံးဖြတ်လိုက်ရတာဟာ NLD ပါတီတစ်တည်းအတွက်မဟုတ်ဘူး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတစ်ခု တည်းအတွက်မဟုတ်ဘူး၊ မြန်မာနိုင်ငံအနာဂတ်အတွက်ဖြစ်တယ်” လို့ ပရိယာယ်ေ၀၀ုဒ်မပါ စကားတန်ဆာ မဆင်ဘဲတဲ့တိုးကြီး ပြောဆိုသွားတာကိုက ကျနော်လို လူပြိန်းတစ်ယောက်ရဲ့နားထဲမှာ ရှင်းကနဲကွက်ကနဲ နားလည်သဘောပေါက်သွားရပါတယ်။

ကျနော်နားလည်သလောက် ဒီစကားဟာ ကျင့်ဝတ်အရမှန်ကန်သလို လက်တွေ့လည်းကျတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကြားဘူးနေကျအတိုင်း “ကိုယ်ကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွားယှဉ်လာ တဲ့အခါ ပါတီအကျိုးကို ဦးစား ပေးရမယ်၊ ပါတီအကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွား ယှဉ်လာတဲ့အခါ တိုင်းပြည်အကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား)ကို ဦးစားပေးရမယ်”ဆိုတဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေ လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေနဲ့ ညီညွှတ်မှုရှိတယ်လို့ ဆိုလိုတာပါ။ ပြီးတော့ ဒေါ်စုတလျှောက်လုံး ကိုင်စွဲလာတဲ့ အကြမ်းမဖက် ငြိမ်းချမ်းရေးမူနဲ့လည်း ကိုက်ညီပါတယ်။

ဒေါ်စုဟာမြန်မာပြည်သူလူထုသာမက ကမ္ဘာကလေးစားတန်ဖိုးထားရသူဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါ။ ဒါကြောင့်မို့ ဒေါ်စုရဲ့အခန်းကဏ္ဍနဲ့ပုံရိပ်ဟာ ကမ္ဘာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အတုယူစံပြုစရာ ပုဂ္ဂိုလ်တစ်ဦး အဖြစ်ကျန်ရစ်နေမှာ မလွဲပါ။ သူ့ကို မြန်မာ့နိုင်ငံရေးလောကက ဖယ်ထုတ်လို့မရပါဘူး။ ဒီအခြေအနေကို လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက သက်သေပြနေပါပြီ။ မြန်မာပြည်ကို ကမ္ဘာနဲ့အဆက်ဖြတ်ပြီး အမှောင်ချထားတဲ့ ကာလတလျှောက်လုံး စစ်ဗိုလ်ချုပ်ကြီးများက အမိန့်ပေးအုပ်ချုပ်မှုပုံစံနဲ့ စခန်းသွားခဲ့တာပါ။

ဒါပေမယ့် ခုလို ကမ္ဘာကြီးနဲ့ ဆက်စပ်ချိတ်ဆက် လုပ်ဆောင်လာရချိန်မှာ အခက်အခဲတွေအများကြီး ကြုံလာ ရပုံရှိပါတယ်။ ပြည်သူလူထု ထောက်ခံမှုအားမကောင်းတဲ့အစိုးရ ပြည်သူလူထုကို အပြည့်အ၀ ကိုယ်စားမပြု နိုင်တဲ့ ခေါင်းဆောင်တွေရဲ့ ပုံရိပ်နဲ့ နိုင်ငံတကာမှာ ၀င်ဆံ့ပါ့မလား။ အထူးသဖြင့် အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပြေလည်မှုရဖို့ ခက်ခဲနေတာပါ။ သူတို့ရဲ့အကျပ်အတည်းက ကျနော်တို့အတွက် အခွင့်အလမ်းဖြစ်လာ ပါတယ်။

ဘက်စုံကဏ္ဍစုံ နိမ့်ကျယိုယွင်းပျက်စီးနေတဲ့ မြန်မာပြည်ရဲ့အခြေအနေပြန်လည် ဦးမော့လာအောင်လုပ်ဖို့ ဒေါ်စု မပါဘဲမဖြစ်ဘူးဆိုတာကို အစိုးရကလက်ခံလာရတဲ့အခြေအနေကို ရောက်လာလို့ ဦးအောင်ကြည်၊ဦးသိန်းစိန် တို့နဲ့ ဒေါ်စု အဓိပ္ပါယ်ရှိရှိတွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်လာရတာပါ။ အဲဒီကတဆင့် NLD မှတ်ပုံတင်ဖို့အခွင့်သာတဲ့ အနေအထားကို ရောက်လာပါတယ်။ ခုချိန်မှာ အဘက်ဘက်က အထက်စီးယူထားတဲ့ အစိုးရနဲ့ရင်ဆိုင်ယှဉ်ပြိုင် နိုင်ဖို့အင်အားကိုပိုင်ဆိုင်ထားသူဟာ ဒေါ်စုတစ်ယောက်ပဲရှိပါတယ်။

ဒေါ်စုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ မှန်ကန်တဲ့လမ်းကြောင်းလို့မြင်ပါတယ်။ သို့ပေမယ့် စင်းလုံးချော သာယာဖြောင့်ဖြူးတဲ့လမ်းတော့ မဟုတ်ပါဘူး။ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေဆဲ၊ ရှေ့ဆက်ပြီးလည်း ရှိနေမှာပါ။ အဓိကအကျဆုံးကတော့ ပါတီကို ကျစ်လစ်ခိုင်မာ အင်အားရှိအောင် ပြန်လည် ဖွဲ့စည်းနိုင်ရေး လုံးပမ်းရမှာပါ။ နောက်တစ်ခုက ဒေါ်စုနောက်မှာထောက်ခံမှုအား ဘယ်လောက်ရှိလဲ၊ ဒေါ်စုကို ဘယ်အင်အားစုတွေက ၀န်းရံနေသလဲ စတဲ့အချက်တွေနဲ့ တဘက်အင်အားစုက အကဲဖြတ်ပါလိ့်မယ်။ ဒါကလည်း ပြိုင်ဘက်တွေမှာရှိတတ်တဲ့ “မရိုးနိုင်သောစဉ်းစားနည်း” သာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလည်း ဒီလိုပဲရှိခဲ့တာပါ။ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဖို့ အင်္ဂလန်ကိုသွားတဲ့အချိန် ဗိုလ်ချုပ်ရဲ့ဦးဆောင်မှုအောက်မှာ ဖဆပလတပ်ပေါင်းစုရယ်၊ဗမာ့တပ်မတော်ရယ်၊ အင်အား၇သိန်းရှိတဲ့ ပြည်သူ့ ရဲဘော်အဖွဲ့ရယ်၊ တိုင်းရင်းသားအဖွဲ့တွေရယ် ခိုင်ခိုင်မာမာဖွဲ့စည်းထားနိုင်ပါတယ်။ ဒါတောင်မှ တိုင်းရင်းသားတွေ စုံစုံညီညီထောက်ခံမှုရဖို့ ပင်လုံညီလာခံခေါ်ခဲ့ရသေးတယ်။

“ဒေါ်စုဟာ မာသာထရီဇာလို ပရဟိတ ဂရုဏာရှင်သက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းပြောင်းလဲရေးကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်” လို့ကျနော်တစ်ခါက ရေးခဲ့ဖူးပါတယ်။ ဒီအတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုနေရာရဖို့လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ တည်ရှိမှုနဲ့တိုးတက်အောင်မြင်မှုဟာ လူ့အများရဲ့အကျိုးစီးပွားနဲ့ ဆက်စပ်နေတတ်ပါတယ်။ အထူးသဖြင့် လူသားထုကောင်းရာကောင်းကျိုးကို ရည်မျှော်ကိုးလုပ်ဆောင်နေသူတွေနဲ့ လူ့အဖွဲ့အစည်း အကျိုးစီးပွားချင်း ခွဲထုတ်လို့မရနိုင်ပါ။

၁၉၈၉ ခုနှစ်က ကျနော်တို့မြို့ကို ရောက်လာချိန် လူထုအစည်းအဝေးတစ်ခုမှာ ဒေါ်စုပြောသွားတဲ့ စကားလေး တစ်ခွန်း မှတ်မိနေပါတယ်။ “ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ လူ့အဖွဲ့အစည်းအတွက် အသင့်တော်ဆုံးဖြစ်လို့ ဒါကိုပဲရွေးချယ်ရတာပါ” တဲ့။ ဒီစနစ်ကို ထူထောင်ကျင့်သုံးရာမှာလည်း ဒီမိုကရေစီကျင့်စဉ်တွေကို နှစ်နှစ်ကာကာယုံကြည်သူတွေကပဲ ဦးဆောင်မှုပေးနိုင်တာပါ။

လက်ရှိအစိုးရနဲ့ စကားပြောတဲ့နေရာမှာ ဒေါ်စု Role မနိမ့်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ထင်သာမြင်သာ သက်သေပြပါဆိုရင်တော့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေ၊ ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ မြန်မာပြည်ကို အလာစိပ်နေသလို လာတဲ့အခါ တိုင်းလည်း အစိုးရခေါင်းဆောင်များနည်းတူ ဒေါ်စုနဲ့လည်းတွေ့ဆုံညှိနှိုင်းနေရတဲ့အချက်ပါ။ ခုနောက်ဆုံး အမေရိကန် သမ္မတအိုဘားမားက သူ့နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည်လာရောက်ရေးကိစ္စ ကို ဒေါ်စုနဲ့ ပြောဆိုညှိနှိုင်းပြီးမှ အတည်ပြုဆုံးဖြတ်သွားတာပါ။

လောလောဆယ်ကျနော်တို့မြင်တွေ့နေရတာက ဒေါ်စုဘက်မှာ နိုင်ငံတကာထောက်ခံမှုအားကောင်းတယ်။ ပြည်သူလူထုရှိတယ်။ လွှတ်တော်တွင်း/ပြင် ဒီမိုကရက်တစ်အင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုများ ရှိတယ်။ ကြံ့ဖွံ့ပါတီနဲ့တစညပါတီတွေထဲမှာကို ဒေါ်စုအပေါ်ပုဂ္ဂိုလ်ရေးအရ လေးစားလိုလားသူတွေ ရှိနိုင်ပါ တယ်။ တပ်မတော်အတွင်းက ဘယ်လောက်ထောက်ခံသလဲဆိုတဲ့ အချက်တစ်ခု မြှုပ်ကွက်ဖြစ်နေဆဲ။ ကျနော်ကတော့ အကောင်းဖက်က မျှော်လင့်ပါတယ်။ မျှော်လင့်စရာအချက်တွေလည်း ကျနော့်မှာရှိပါတယ်။ အပြောင်းအလဲရဲ့ဆုံချက်ကိုရောက်တဲ့အချိန်မှာ တပ်မတော်သားတွေရဲ့ ရပ်တည်ချက် အရေးပါလိမ့်မယ်။ ကျနော်တို့အနေနဲ့က အာဏာရှင်နဲ့တပ်မတော်သား ခွဲခြားပြီးမြင်ထားနိုင်ဖို့ပါပဲ။ အဲဒီအချိန်မှာ “စုနိုင်မှချမ်းသာ မယ်” ဆိုတဲ့အတိုင်း ဒေါ်စုဘက်ကအားသာမှ တိုးတက်ကောင်းမွန်တဲ့အပြောင်းအလဲဆီကို ဦးတည်နိုင်မယ်။ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းပါမယ်။

“အာဏာရှင်တွေရဲ့အင်အားကို အလွန်အကျွံတွက်ထားတဲ့ သမရိုးကျအမြင်နဲ့ကြည့်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက မဖြစ်နိုင်လောက်အောင်ပါပဲ။ အာဏာရှင်တွေအားလျော့သွားချိန်မှာတော့ သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေတွေကို လူထုအကျိုးစီးပွားနဲ့ကိုက်ညီအောင် ပြုပြင်ရေးဆွဲဖို့ မခက်ခဲနိုင်တော့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံကို တရားဝင်ပြုပြင်ဖို့ဆိုရင် နိုင်ငံရေးအင်အားစုအတွင်းမှာ ကိုယ့်ဖက်ကအားကောင်းအောင် အရင်လုပ်ရမှာပါ။ ကိုယ့်အင်အားစုတွေလွှတ်တော်တွင်းများများရောက်ဖို့လိုသလို လုပ်တတ်ကိုင်တတ်ရင် လွှတ်တော်တွင်းကတခြား အင်အားစုတွေလည်း ကိုယ့်ဘက်ကိုရောက်လာနိုင်ပါတယ်။ ဒီလောက်အရေအတွက် ရမှဒါလုပ်ဆောင်နိုင်မယ်ဆိုပြီး အသေဆုပ်ကိုင်ထားလို့မရပါ။ အရေအတွက်ထက် အရည်အသွေးက ပိုပြီး အရေးပါကြောင်း ဆင်ခြင်တုံတရားရှိသူတိုင်း သိပါတယ်။ အသိဥာဏ်ပညာအားကြီးသူက အားနည်းသူကို လွှမ်းမိုးနိုင်စမြဲပါ။

“လွှတ်တော်တွင်းနည်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကြိုးစားတာက စိတ်ကူးယဉ်သက်သက်သာဖြစ်တယ်” လို့ ပြောဆိုလှောင်ပြောင်နေသူအများစုဟာ နအဖရဲ့ Road Map (၇)ချက်ကို အဆင့်တိုင်းမှာ ချေဖျက်သွားမယ် လို့ ကြုံးဝါးခဲ့သူတွေဖြစ်တယ်ဆိုတာ ကျနော်တို့ပြည်သူတွေသိထားပြီးသားပါ။ ကိုယ်ကိုယ်တိုင်လည်း ထိရောက် အောင်မြင်အောင် မလုပ်နိုင်၊ သူများလုပ်တာကိုလည်း အသိအမှတ်မပြုချင် တော်တော်ဆိုးတာပဲ။

အပြောင်းအလဲကိုဖော်ဆောင်နိုင်တဲ့ ယုံကြည်အားကိုးထိုက်တဲ့ ခေါင်းဆောင်ကို ကျနော်တို့ရထားပြီးသားဖြစ်ပါ တယ်။ အဲဒီခေါင်းဆောင် အားကောင်းမောင်းသန်နဲ့ ဆက်လက်ထိုးဖောက်လှုပ်ရှားနိုင်ဖို့က နောက်လိုက်တွေ ဘယ်လောက်ညီညွှတ်မှုရှိတယ်၊ ဘယ်လောက်အင်အားရှိတယ်၊ ခေါင်းဆောင်ရဲ့လိုအပ်ချက်ကို ဘယ်လောက် ဖြည့်ဆည်းပံ့ပိုးပေးနိုင်သလဲ စတဲ့အချက်တွေပေါ်မှာ မူတည်နေပါတယ်။

ခေါင်းဆောင်နဲ့နောက်လိုက် အပြန်အလှန်ယုံကြည်အားထား အမှီသဟဲပြုနိုင်တဲ့ အနေအထားကိုရောက်အောင် ၀ိုင်းဝန်းအားထုတ် ကြိုးပမ်းကြရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အောင်မြင်ပါစေ။

ဝေမော်

၂၀ နိုဝင်ဘာ ၂၀၁၁

Continue reading...

Friday, November 18, 2011

၁၈၊၁၁၊၂၀၁၁ ရက်နေ့ ဒေါ်အောင်ဆန်စုကြည်၏ NLD ဘာကြောင့် မှတ်ပုံ ပြန်တင် သလဲ ဆုံးဖြတ်ချက် နောက်ကွယ်က အယူအဆ။

နိုင်ငံရဲ့သမိုင်းမှာ ဆယ်စုနှစ်မျှ ကြားရ ကြုံရခဲလှတဲ့ နိုင်ငံရေး အသီးအပွင့် အချို့ကို ကျနော်တို့စမြင်လိုက်ရပါသည်။ ဒါကတော့ ဒေါ်အောင်ဆန်စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံပြန်တင်မည်၊ အမတ်နေရာ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည် ဆိုတဲ့ ၁၈၊၁၁၊၂၀၁၁ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ကြောင့်ပဲဖြစ်ပါသည်။
အိုဘာမာ နှင့် ဒေါ်အောင်ဆန်စုကြည် မိနစ် ၂၀ကြာ ဖုန်းဆက်အပြီး တစ်ရက်အကြာ၌ ဘာလီကျွန်း အာဆီယံထိပ်သီး ညီလာခံမှာ ဗမာနိုင်ငံ၏ ''တိုးတက်မှု အလင်းပွင့်များ'' ဟု တင်စားထားသော အိုဘာမာ၏ မိန်ခွန်းတွင် ဟီလာရီ ၏ လာမည့်လ၌ ဗမာနိုင်ငံသို့ ခရီးစဉ်အကြောင်းအပါအဝင် မီဒီယာလွတ်လပ်ခွင့်ပေးလာခြင်း၊ နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော်လွတ်ပေးခဲ့ခြင်း နှင့်
နိုင်ငံရေးရာတွေ့ဆုံဆွေးနွေးလာခြင်း တို့ကို အိုဘာမာမှ သုံးသပ်ပြသွားခဲပြီ ဖြစ်ပါသည်။
အဖွဲ့ချုပ်ကော်မတီဝင်များ၊ မိတ်ဖက်ပါတီများ၏ ကိုယ်စားလှယ်တော်များ နှင့် ခေါင်းဆောင်းများကပါ ပြန်လည် မှတ်ပုံတင်မည်ကို တစ်ပေါင်းတစ်စည်းထဲ တစ် သဘောထားထဲ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ပြည်သူလူထုက နိုင်ငံအကျိုး၊ ဖွဲ့စည်းပုံ ဥပဒေ ပြုပြင်လာနိုင်ရေး၊ ပါတီရပ်တည်မှု ကောင်းမွန်လာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်လာစေရေးတို့ကို ရှေ့ရှုပြီး လက်ခံယုံကြည်ထားနိုင်ကြရပါလိမ့်မည်။
ဤဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းရှိသူများမှလည် သမိုင်း၏ အကျဉ်းတန်းမှုကို လက်တွေ့နှင့် အနာဂတ် ထဲထိ ဆွဲယူ မကူးဆက်စေပဲ ဒီမိုကရေစီ နည်းနာအရ လက်ခံကျင့်သုံးနေရမည့်အခြေအနေပင်ဖြစ်ပါသည်။
ဒီစွမ်းစားမှုကြီးထဲကမှ NLD ၏ စွမ်းပကားနှင့် ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်၏ သိက္ခာ၊ ပညာ အလဲအထပ် များစွာကို ဆက်လက် ယုံကြည် ထောက်ခံသွားကြရပါမည်။
Continue reading...
 

Friends

Followers

Fave This

BDMA - UK Copyright © 2009 Not Magazine 4 Column is Designed by Ipietoon Sponsored by Dezigntuts