(၈.၈.၈၈) အတွက်က ရေးစရာတွေက များနေတော့ ဘာရေးရမှန်မသိဖြစ်နေတာ။ အဲ့ဒီနေ့က အတွေအကြုံလေးဘဲ ရေးလိုက်ပါတယ်။
အဲ့ဒီအချိန်က ကျွန်တော်က(၉)တန်း ဒုတိယနှစ် ကျွန်တော်တို့ကျောင်းထဲမှာ ကျောင်းသားအရေး လှုပ်ရှားဖို့ အဖွဲ့လေးတခုဖွဲ့ထားတယ်။ (၈)ရက်(၈)လအတွက် ကြိုတင်ပြင်ဆင်မှု့တွေလည်းလုပ်ထားတယ်။ မနက်ပိုင်းကျောင်းစတက်ချိန်မှာ ကျွန်တော်တို့ အဖွဲ့ထဲက သူငယ်ချင်းတယောက်က ကျောင်းအိမ်သာထဲမှာ စာကပ်လိုက်တယ်။ ဒါကလည်း ကျွန်တော်တို့ သူငယ်ချင်းတွေ တိုင်ပင်ပြီးလုပ်ကြတာ။ ကျွန်တော်ရယ် အခုအမေရီးကား အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြိုမှာ ရောက်နေတဲ့ ကိုဇော်(ခေါ်) ကိုရီဇော် (ဗကသ) ရယ်က ကျောင်းတွင်းလှုပ်ရှားမှု့တွေကို ဦးဆောင်တယ်(နောက်ပိုင်း မြိုနယ် လှုပ်ရှားမှု့တွေမှာပါ ခေါင်ဆောင်တွေ ဖြစ်လာတယ်)။ အဲ့ဒီအချိန်က ကျွန်တော်တို့လို အထက်တန်းကျောင်းသားတွေက တော်တော်တက်ကြွကြတယ်။ ကျောင်းအိမ်သာမှာ စာကပ်ဖို့ (၇)ရက်နေ့ ညဖက်မှာတိုင်ပင်တော့ ကိုဇော်နဲ့ သူ့အနီးကပ် သူငယ်ချင်းတွေက လက်ဝဲစာလုံးနဲ့ စာရေးခဲ့ဖို့ တာဝန်ယူတယ် ကျွန်တော်တို့ အဖွဲက စာကပ်ဖို့ တာဝန်ယူလိုက်တယ်။နောက်တဖွဲ့က အပြင်က လူငယ်တွေနဲ့ ပေါင်းပြီး ကျောင်းထဲကို ဝင်ဖို့ တာဝန်ယူတယ်။သူတို့က ကျောင်းပြင်က လဖက်ရည်ဆိုင်မှာ စုဖွဲပြီးစောင့်နေမယ် အချိန်ကျမှ ကျောင်းထဲဝင်မယ်။ စာကပ်ဖို့အတွက် လူရိုသေရှင်ရိုသေဖြစ်အောင် တံဆိပ်တုန်းပါမှ ဖြစ်မယ်လို့ ကိုဇော်က အကြံပေးတယ်။ ကျွန်တော်က ဘာမှမပူနဲ့ ငါစီစဉ်ခဲ့မယ်ဆိုပြီး ကျွန်တော်နဲ့ အနီးကပ်သူငယ်ချင်းတယောက်နဲ့ ညဖက်မှာ ကျွန်တော့် အိမ်မှာဘဲ ရာဘာဖိနပ်ကို ဓါးနဲ့ လှီးပြီး ခွပ်ဒေါင်းပုံ တံဆိပ်တုန်းလုပ်လိုက်တယ်။ ဘေးပတ်လည်မှာ ဘာစာမှတော့မပါဘူး။ (၈)ရက်နေ့ မနက်(၆)နာရီလောက်မှာ ကျွန်တော်နဲ့ ကျွန်တော့အနီးကပ်သူငယ်ချင်း ကိုဇော့် အိမ်ဖက်ကနေ ကျောင်းကို ထွက်လာတယ်။ ကိုဇော့်ကို ဝင်ခေါ်တယ်။သူက မေးတယ် တံဆိပ်တုန်းပါလားတဲ့ ကျွန်တော်ကပါတယ်ပြောတော့ သူက သူတို့ အုပ်စု ရေးလာတဲ့စာကို ကျွန်တော့်ကိုပြတယ်။ နောက်ပြဿနာတခုက တံဆိပ်နိပ်ဖို့ အင့်ပက် မရှိတဲ့ပြဿနာ ဒါနဲ့ ကျွန်တော်က ပြောတယ် ဘာမှမပူနဲ့ ငါစီစဉ်လိုက်မယ်လို ပြောပြီး စာထုတ်ကို ယူပြီး လူစုခွဲ ကျောင်းထဲဝင်ခဲ့ကြတယ်။ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေကလည်း ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့တွေ တခုခုလုပ်လိမ့်မယ်ဆိုတာ သိနေတယ် ။ ဘာကြောင့်လည်းဆိုရင် ရန်ကုန် တက္ကသိုလ်အတွင်းက တက္ကသိုလ်ကျောင်းသားကြီးတွေရဲ့ သဘိတ်ပွဲတွေနဲ့ မြေနီကုန်းမှာ ဖြစ်ပွားခဲ့တဲ့ လုံထိန်းနဲ့ ကျောင်းသားရိုက်ပွဲ၊ (၈)ရက်(၈)လ မတိုင်ခင်က ရွေတိဂုံ ဘုရားပေါ်မှာ တရားဟောပွဲတွေမှာ ကျွန်တော်နဲ့ ကိုဇော် ပါဝင်တာကို အဲ့ဒီအချိန်က ပါတီကောင်စီက ကောင်တွေက ကျောင်ကို အကြောင်းကြားထားလို့ ဆရာ/ဆရာမတွေက စောင့်ကြည့်နေတာရယ်။ နောက်တခုက ကျွန်တော်တို့က ကျွန်တော်တို့ ပါဝင်ခဲ့တဲ့အကြောင်းတွေကို နီးစပ်ရာသူငယ်ချင်းတွေကို ပြန်ပြောပြရာကနေ တဆင့်စကား တဆင့် ကြားထားတာတွေ ကြောင့်ရယ်ပါ။ ကျောင်းထဲရောက်တော့ ကျွန်တော်က သူငယ်ချင်းတယောက်ကို မှင်နီဘောပင်ရှိလားလို့ မေးတယ် သူကရှိတယ်ဆိုပြီးထုတ်ပေးတယ်။ ကျွန်တော်လည်း ဘောပင်ကို ယူပြီး နောက်ထပ် သူငယ်ချင်းနှစ်ယောက် နဲ့အတူ အိမ်သာဖက်ကို ထွက်ခဲ့ကြတယ်။ အချိန်က မနက်(၇)နာရီ လေးဆယ်မိနစ်လောက်ရှိနေပြီ။ အိမ်သာထဲရောက်တော့ ကျွန်တော်က သူငယ်ချင်းတယောက်ကို အိမ်သာအပြင်မှာ စောင့်ခိုင်းလိုက်တယ်။ အိမ်သာထဲမှာ ကျွန်တော်နဲ့ သူငယ်ချင်းတယောက်က မှင်နီဘောပင် ထိပ်ဂေါင်းကို ဖြတ်လိုက်တယ် ထွက်လာတဲ့ မှင်နီတွေကို တံဆိပ်တုန်းမှာ သုပ်လိုက်တယ်။ ပြီးတော့ စာရွက်မှာ နိပ်လိုက်တယ်။ အသင့်ပါလာတဲ့ ကော်နဲ့ နံရံမှာ ကပ်လိုက်တယ်။ အဲ့ဒီနောက် တံဆိပ်တုန်းတွေနဲ့ ကော်ဘူးတွေကို သူငယ်ချင်းတယောက်က ယူပြီး အတန်းထဲကို ပြန်သွားတယ်။ ပြီးမှ ကျွန်တော်နဲ့ အပြင်မှာ စောင့်ပေးနေတဲ့ သူငယ်ချင်းက နောက်က နေလိုက်သွားတယ်။ ကျွန်တော်တို့ အိမ်သာထဲက ပြန်ထွက်လာတာကို တွေ့တဲ့ ကိုဇော်တို့ အုပ်စုတွေက အိမ်သာဖက်ကို ထွက်လာတာကို တွေ့လိုက်ရတယ်။ကျွန်တော်တို့ အတန်းထဲ ပြန်ရောက်ပြီး မကြာပါဘူး အိမ်သာဖက်က လက်ခုပ်တီးသံတွေနဲ့ အိမ်သာထဲမှာ စာကပ်ထားတယ်ဟေ့ ဆိုတဲ့ အသံကို ကြားရတယ်။ အိမ်သာဖက်ကို ဆရာ/ဆရာမတွေ ပြေးသွားတဲ့ အချိန်မှာ ကျောင်းအပြင်မှာ စောင့်နေသူတွေက ပုဆိုးအစိမ်းကို အလံလုပ်ပြီး ကျောင်ရဲ့ ပင်မ တံကားကြီးပေါ်က ကျော်တက်ပြီး ကျောင်းထဲဝင်ဖို့ လုပ်တာကို ကျန်တဲ့ ကျောင်းသားတွေ တွေ့လိုက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ ကျောင်က ကျောင်းသားတွေကို ဘယ်သူမှ ထိန်းလို့မရတော့ပါဘူး။ အတန်းပိုင် ဆရာမ တဦးချင်းစောင့်နေတဲ့ အခန်းတွေထဲက ကျောင်းသားတွေက ဘယ်လိုမှ တိုင်ပင်ထားခြင်းမရှိဘဲ မတ်တက်ထရပ်လိုက်ကြပြီး မျက်ရည်အရွဲသားနဲ့ ကမ္ဘာမကြေသီချင်းတွေကို သံပြိုင်သီဆိုကြတာ ကျောင်းတခုလုံး ညံသွားပါတော့တယ်။ ဆရာမတွေလည်း ဘာပြောရမှန်မသိဘဲ ခြုံးပွဲချ ငိုကြပါတော့တယ်။ မကြာပါဘူး ကျွန်တော်တို့ ကျောင်းရှေ့ကို TE(11) စစ်ကာကြီးရောက်လာပါတယ်။ အဲ့ဒီလို ရောက်လာတဲ့အချိန်မှာ ကျောင်းထဲမှာ ရှိတဲ့ ကျောင်းသားတွေရဲ့ ကမ္ဘာမကြေသီချင်းသံက ရုပ်ချည် ရပ်တန့်သွားပြီး ဆဲသံ တွေ ကြိမ်းမောင်းသံတွေ နဲ့ စစ်ခွေးတွေ ကျောင်းထဲဝင်မလာနဲ့လို့ အော်သံတွေ ဆူညံသွားပါတယ်။ ကျောင်းထဲကို အလံကိုင်းပြီး ကျောင်းခြံစည်းရိုး ကျော်ဝင်လာတဲ့ အဖွဲ့ကို ကျောင်းရုံးခန်းမှာ ဖမ်းထားလိုက်ပါတယ်။ အဲ့ဒီနောက် ဆရာတယောက်က ကျွန်တော့ကို လာခေါ်ပါတယ်။ ကျွန်တော် ကျောင်းရုံးခန်းထဲရောက်တော့ ကိုဇော်လည်းရောက်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကို အလွန် ခင်မင်တဲ့ ဆရာမတယောက်က ငိုယိုပြီး ကျောင်းသားတွေကို ထိန်းပေးဖို့ပြောပါတယ်။ဒါပေမယ့် ကျွန်တော်တို့က ကျောင်းထဲကို ဘယ်စစ်သားမှ ဝင်ခွင့်မပေးဖို့ကိုသာပြောပါတယ်။ ကျောင်းရှေ့မှာလဲ ကျောင်းသားတွေကို လာခေါ်တဲ့ မိဖတွေနဲ့ ပြည့်နေပါတယ်။ ရပ်ကွက်ထဲက လာကြည့်ကြတဲ့ လူတွေလဲပါပါတယ်။ သူတို့ ထင်တာက ကျွန်တော်တို့ကို ဖမ်းထားတယ်လို့ ထင်ပြီး သူတို့ကလည်း အပြင်မှာ ပွဲကြမ်းနေကြပါတယ်။ မကြာပါဘူး စစ်တပ်က ဗိုလ်တယောက်ကျောင်းထဲဝင်လာပြီး ကျောင်းပြန်လွတ်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးကလည်း ကျွန်တော်တို့ကို မိမိသက်ဆိုင်ရာ အခန်းတွေကို ပြန်ကြဖို့ ပြောပါတယ်။ ကျွန်တော်တို့ ကျောင်းရုံးခန်းထဲက ပြန်ထွက်လာတာကို မြင်တဲ့ ကျောင်းသားတွေနဲ့ ကျောင်းပြင်မှာ စောင့်နေတဲ့ မိဘတွေက လက်ခုပ်တီးပြီး သြဘာပေးလိုက်ကြပါတယ်။ အဲ့ဒီနောက် တခန်းခြင်းဆီ ကျောင်းဆင်းပေလိုက်ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ညနေပိုင်းမှာတော့ ကျွန်တော်တို့ လမ်းထိပ်ကနေ ကြွေးကြော်သံတွေ တိုင်ပြီး ပြည်သူတွေ ချီတက်သွားတာကို တွေ့ကြရပါတယ်။အော် အဖြစ်အပျက်တွေက (၂၃)နှစ်ကြာပြီ ဆိုပေမဲ့ အင်း -------------------- ။ မှတ်ချက်( ဖြစ်ပွားခဲ့သောကျောင်း အထက(၃) ဗဟန်း)
by Aung Min
0 comments:
Post a Comment